backup og meta

သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် နှလုံးအမောဖောက်ခြင်း (Hypertensive Heart Failure)


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် နှလုံးအမောဖောက်ခြင်း (Hypertensive Heart Failure)

    HypertensiveHeart Failure ဆိုတာ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အမောဖောက်လာတာဖြစ်ပါတယ်။ သွေးတိုးဆိုတာကလည်း ကမ္ဘာ့လူဦးရေရဲ့ ၃၀ရာခိုင်နှုန်းလောက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း လူတိုင်းနီးပါးမှာကို တွေ့နေရတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်သူတွေ အဖို့ သွေးတိုးခြင်းက အခြားအစိတ်ပိုင်းတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက် ကျောက်ကပ်မျက်စိ၊ ကိုယ်ခန္ဓါရှိသွေးကြောတွေကိုထိခိုက်စေပြီး နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုပြောပြချင်တာကတော့ သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲက အဖြစ်အများဆုံးဖြစ်တဲ့ သွေးတိုးကြောင့် နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ နှလုံးအမောဖောက်လာတဲ့ အကြောင်းဖြစ်ပါတယ်။

    Heart Failure (နှလုံးအမောဖောက်လာတယ်ဆိုတာဘာလဲ။ ။)

    အရင်ဆုံး နှလုံး အမောဖောက်တဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။ နှလုံး အမောဖောက်တယ်ဆိုတာ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ နှလုံးနံရံက ကြွက်သားတွေကျုံ့ နိုင်ဆန့်နိုင်အားတွေ လျော့လာလို့ နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နိုင်စွမ်းတွေ လျော့ကျလာတာပါ။ မညှစ်နိုင်တော့ သွေးလှောင်ခန်းတွေထဲသွေးတွေ စုအိုင်နေတတ်ပြီး နှလုံးသွေးလှောင်ခန်းအတွင်းမှာ. ဖိအားတွေလည်းတက်လာပါတယ်။ ကာမိအောင်လို့ နှလုံးကလည်း လိုက်ကြီးလာပါတယ်။ ကြီးလာတော့ သွေးတွေပိုကျန်၊ သွေးတွေကျန်တာ ပိုများတော့ ပိုညှစ်လေဖြစ်လာပြီး နောက်ဆုံး ခြေကုန်လက်ပမ်းကျကာ နှလုံးက ပုံမှန်အတိုင်း ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာပြီဆို ကျောက်ကပ်ကနေ ရေတွေကို စစ်မထုတ်တော့ဘဲ သိမ်းထားလို့ ( အဆုတ်၊ခြေကျင်းဝတ် ခြေသလုံး၊ ခြေခုံ တို့မှာ) အရည်တွေစုပြီး ဖောရောင်လာပါတယ်။ မောခြင်းနဲ့ အရည်တွေစုပြီး ဖောရောင်လာခြင်းဟာ နှလုံးအမောဖောက်ခြင်းရဲ့ အထင်သာဆုံး လက္ခဏာတွေလို့ ပြောလို့ရပါတယ်။

    သွေးတိုးကြောင့် နှလုံး အမောဖောက်တာက ဘယ်လိုဖြစ်လာရတာလဲ။ ။

    သွေးတိုးရောဂါရှိနေတာ မသိတဲ့ သူတွေ၊ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်တဲ့ သူတွေ ပိုအဖြစ်များပါတယ်။ သွေးတိုး( သွေးဖိအားများလာခြင်း)ကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းနံရံတွေဟာ ထူလာပြီး ပုံမှန်အတိုင်း မညှစ်နိုင်တော့လို့ အခြားကိုယ်အစိတ်အပိုင်းတွေကို သွေးတွေ လုံလောက်အောင် မပေးနိုင်တော့ပါ။ မညှစ်နိုင်တော့ သွေးလွှတ်ခန်းထဲ ကျန်နေတဲ့သွေးတွေများလာလေ၊ ပိုများလာတော့ ပိုညှစ်လေ၊ ပိုညှစ်တော့ အလုပ်ပိုလုပ်ရလေ ကြွက်သားတွေ ပိုထူလာလေနဲ့ သံသရာလည်ပြီး နှလုံးက မောပန်းလာပါတော့တယ်။ ကိုယ်တွင်းထဲ အရည်တွေစုလာပြီး ဖောရောင်လာပါတော့တယ်။ အလုပ်ပိုလုပ်နေရတဲ့ အတွက် နှလုံးခုန်သံ တစ်ခုနဲ့ တစ်ခုကြားမှာ နှလုံးကနားချိန်မရှိတော့ဘဲ နှလုံးခုန်သံတွေလည်း မြန်လာပါတော့တယ်။ နောက်ဆုံး နှလုံးကလုံးဝ အလုပ်မလုပ်နိုင်တော့လို့ နှလုံးရပ်ြပီး အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

    သွေးတိုးကြောင့်နှလုံး အမောဖောက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    သွေးတိုးကြောင့် နှလုံးအမောဖောက်တယ်ဆိုတော့ အဲမှာရောဂါက ၂ ခုရှိနေပါပြီ။ သွေးတိုးရယ် နှလုံးအမောဖောက်တာရယ်ပေါ့။ သွေးတိုးကြောင့်ဆိုရင် ခေါင်းကိုက်တာ၊ မျက်နှာတွေ အမ်းလာတာ၊ ဇက်ကြောတက်လာတာ၊ သွေးပေါင်ချိန်များတာတွေ ဖြစ်နိုင်ပါတယ်။

    နှလုံးအမောဖောက်တဲ့ လက္ခဏာတွေကတော့

    • လှုပ်လှုပ်ရှားရှားလုပ်ရင်မောလာတာ၊
    • အသက်ရှူမဝတာ
    • ညဘက် လှဲမအိပ်နိုင်လောက်အောင် မောတာ၊ ထိုင်နေရင်နဲ့ကို မောနေတာ၊
    • ခြေတွေလက်တွေ ဖောရောင်လာတာ၊ ဗိုက်မှာရေဖျင်းဆွဲတာ၊
    • နှလုံးခုန်သံ စည်းချက်မမှန်တော့ဘဲ မြန်လာတာ၊
    • ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရတာ တွေဖြစ်ပါတယ်။

    သွေးတိုးကြောင့်နှလုံး အမောဖောက်တာကို ဘယ်လိုစမ်းသပ်ရင် သိနိုင်သလဲ။ ။

    ဆရာဝန်တွေကတော့ သင်ပြောပြတဲ့ သင့်ရောဂါဖြစ်စဉ် သမိုင်းကြောင်းကို နားထောင်ကြည့်မယ်။ ပြီးရင် သွေးပေါင်ချိန်တိုင်းမယ်၊ နှလုံးကြီး၊ မကြီး နှလုံးနေရာကို လက်နဲ့ စမ်းကြည့်မယ်။ နှလုံးခုန်စည်းချက်မှန်မမှန်နဲ့ နှလုံးခုန်သံ တစ်ခုနဲ့ တစ်ခုကြားမှာ အခြားအသံအပိုတွေ ရှိမရှိနားကြပ်နဲ့နားထောင်မယ်။ အဆုတ်မှာရေစုနေတဲ့ လက္ခဏာတွေ နဲ့ ၊ ခြေတွေလက်တွေမှာ ဖောရောင်ခြင်း ရှိ၊မရှိ စမ်းသပ်တာတွေ လုပ်ပေးပါတယ်။

    အခြား ကိရိယာနဲ့ ရောဂါရှာဖွေစစ်ဆေးနိုင်တာတွေကတော့

    နှလုံးအမောဖောက်တာ တခြားရောဂါကြောင့် ဖြစ်နေတာ မဟုတ်ဘဲနဲ့ သွေးတိုးကြောင့်ဖြစ်နေတယ်ဆိုတာကို သေချာစေဖို့အတွက်

    • သွေးစစ်တာ ( သွေးအားနည်း၊ မနည်းဆိုတာသိဖို့၊ သိုင်းရွိုက်ဟော်မုန်းတွေများနေလားသိဖို့နဲ့ သွေးတွင်းအဆီဓါတ်များနေလားဆိုတာသိဖို့ သွေးစစ်ပါတယ်)
    • ဆီးစစ်တာ ( သွေးတိုးကြောင့် ကျောက်ကပ်ပါထိနေပြီလားဆိုတာ သိနိုင်တယ်)
    • ECG ဆွဲပြီး နှလုံးကြီးနေလား၊ နှလုံးခုန်မမှန်တော့ဘူးလား၊ နှလုံးအမောဖောက်နေလားသိနိုင်တယ်။
    • Chest X Ray ရင်ဘတ်ဓါတ်မှန်ရိုက်ပြီး နှလုံးကြီးနေလား၊ အဆုတ်မှာရေတွေ စုနေပြီလားသိနိုင်တယ်။
    • Echocardiogram နှလုံးပုံရိပ်ဖော်စက်နဲ့ နှလုံးကြီးနေလား၊ အလုပ်တွေရော ဘယ်လောက်လုပ်နိုင်သေးလဲဆိုတာ သိနိုင်တယ်။
    • Radionuclide ventriculography သွေးကြောထဲ ဆေးရည်တစ်မျိုးထိုးထည့်ပြီး နှလုံးရဲ့ သွေးညှစ်နိုင်အား ဘယ်လောက်ရှိလဲဆိုတာ သိနိုင်တယ်။
    • MRI သံလိုက်စက်ကွင်းတွေကို သုံးပြီး နှလုံးကြွက်သားတွေမှာ ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေရှိနေလားနဲ့ နှလုံးရဲ့ သွေးညှစ်အားကို သိနိုင်ပါတယ်။
    • Treadmill ECG ပြေးစက်ပေါ်ပြေးခိုင်းပြီး ပြေးနေစဉ် ECGဆွဲပြီး နှလုံးအမောခံနိုင်နှုန်းကိုစမ်းသပ်နိုင်ပါတယ်။

    သွေးတိုးကြောင့် နှလုံးအမောဖောက်တာကို ဘယ်လိုကုသနိုင်မလဲ။ ။

    သွေးတိုးရဲ့ နောက်ဆက်တွဲဆိုတော့ အရင်ဆုံး သွေးတိုးကို ထိန်းနိုင်ရင် နှလုံးကို ထိခိုက်ဖို့လည်း မရှိနိုင်တော့ပါဘူး။ ဒါကြောင့် အရင်ဆုံးသွေးတိုးကို ထိန်းရပါမယ်။

    သွေးတိုးကျဆေးကို ပုံမှန် စွဲသောက်တာ၊ အစားအသောက်နဲ့ ထိန်းတာမျိုးတွေ၊ သွေးပေါင်ကို မှန်မှန်ချိန်ပေးနေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

    နှလုံးအမောဖောက်ခြင်းအတွက်သောက်ဆေးတွေကတော့ လူနာတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ လူနာအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ပေးသောဆေးများကိုသာ စနစ်တကျ အချိန်မှန်သောက်သုံးသင့်ပါတယ်။

    နှလုံးခွဲစိတ်မှု။ ။ သောက်ဆေးနဲ့ မထိန်းနိုင်တော့မှသာ နှလုံးခွဲစိတ်မှုကို လုပ်ကြပါတယ်။

    နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးကိုထိခိုက်နေတာဆိုရင် coronary-arterybypass graft surgery လုပ်ပေးတာ။ နှလုံးအဆို့ရှင်လေးတွေ မလုံတော့ဘူးဆိုရင် နှလုံးအဆို့ရှင် ထည့်ပေးတာ၊ နှလုံးညှစ်အားကောင်းအောင် စက်လေးတွေ ထည့်ပေးတာ၊ နောက်ဆုံး နှလုံးအစားထိုးကုသတာတွေ လုပ်ပေးနိုင်ပါတယ်။

    ကြိုတင်ကာကွယ်ခြင်းက ဖြစ်မှ ကုသခြင်းထက် ပိုကောင်းတာ အားလုံးသိကြမှာပါ။ ဖြစ်လာပြီဆိုရင် လည်း စောစောသိ စောစောကုသခြင်းကသာ အထိရောက်ဆုံးပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အသက်သေဆုံးခြင်းကို ဒါမှသာ ကာကွယ်နိုင်မှာပါ။ သွေးတိုးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အငန်တွေလျှော့စားတာ၊ ဆေးလိပ်တွေ အရက်တွေဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေလုပ်ရပါမှာဖြစ်သလို နှလုံးကျန်းမာပါရဲ့လားဆိုတာ ကြိုတင်သိနိုင်ဖို့ နှလုံးစစ်ဆေးမှုတွေကို ကြိုကြိုတင်တင်နဲ့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement