backup og meta

သွေးတိုးကြောင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်သေးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကြောင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်လာနိုင်သေးလဲ

    သွေးတိုးဆိုတာ အငန်စားရင်တက်မယ်၊ ခေါင်းကိုက်မယ်၊ သွေးကျဆေး သို့မဟုတ် သွေးကျစေမယ့်ဆေးမြီးတို တစ်ခုခုသုံးလိုက်ရင် ပြန်ကျမယ်။ ဒီလောက်ပဲ တွေးထားတယ်ဆိုရင် သင့်မှာ သိပ်ကိုအန္တရာယ်များနေပါပြီ။ သွေးတိုးရောဂါက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲအပေါင်းအဖော်တွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

    လူသိများတာက သွေးတိုးကြောင့် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြောပြတ်နိုင်တယ်၊ သွေးတိုးဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပါ။ ဒါပေမယ့် အရေးကြီးတဲ့ တခြားထိခိုက်မှုတွေ၊ ရောဂါတွေလည်း ဖြစ်လာနိုင်သေးတယ်လို့ သတိပေးလိုက်ချင်ပါတယ်။

    (၁) သွေးကြောထိခိုက်ပျက်စီးခြင်း

    သွေးကြောတွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ်နဲ့နှလုံးဆီကနေ ကိုယ်တွင်းအင်္ဂါတွေနဲ့ တခြားတစ်ရှူးတွေဆီကို သွေးလည်ပတ်ရလွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေပြည့်စုံနေသင့်ပါတယ်။ သွေးတိုးကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေဖြစ်စေပြီး အဆီချေးတွေ ပိုပြီးကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်းမာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။

    (၂) သွေးကြောဖောင်းခြင်း

    သွေးကြောနံရံတစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလိုဖြစ်လာတတ်ပါတယ်။ သွေးကြောသာပေါက်ပြီး ခန္ဓာကိုယ်ထဲသွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်ပေမယ့် ပင်မသွေးလွှတ်ကြောထဲမှာ အဖြစ်များဆုံးပါ။ သွေးလွှတ်ကြောတစ်ခုမှာ ထိခိုက်ထားတယ်ဆိုရင် သွေးတိုးရောဂါမရှိရင်တောင် သွေးကြောဖောင်းခြင်းပြဿနာ ဖြစ်လာနိုင်ပါတယ်။

    (၃) ရုတ်တရက်နှလုံးဖောက်ခြင်း

    နှလုံးဆီကို ပို့တဲ့သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့စေလောက်တဲ့အထိ အဆီချေးတွေစုနေခဲ့ရင် ရုတ်တရက်နှလုံးဖောက်ခြင်း(heart attack)ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေမရနိုင်တော့ပါဘူး။

    ဒီလိုဖြစ်လာရင် ရင်ဘတ်အောင့်တာ၊ မွန်းကျပ်တာခံစားရလေ့ရှိပေမယ့် တစ်ခါတလေ လက်မောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးထဲမှာ လည်း နာကျင်မှုခံစားရနိုင်ပါတယ်။ လူက အသက်ရှူလို့လည်းခက်မယ်၊ ခေါင်းမူးမယ်၊ မအီမသာဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။

    (၄) နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း

    သွေးတိုးကြောင့် နှလုံးသွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာနိုင်ပါတယ်။ နောက်ဆုံးမှာ ခန္ဓာကိုယ်အနှံ့ကို သွေးအလုံအလောက်မပို့လွှတ်နိုင်တော့တဲ့အထိ အားနည်းလာပါလိမ့်မယ်။

    (၅) နှလုံးကြီးခြင်း

    သွေးလည်ပတ်စေဖို့အတွက် လုပ်ဆောင်ရခက်ခဲနေတဲ့အခါ နှလုံးကြွက်သားတွေထူလာပါတယ်။ ရလဒ်အနေနဲ့တော့ နှလုံးတစ်ခုလုံးပိုကြီးလာပါတယ်။ နှလုံးကကြီးလာလေ သူ့ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် စွမ်းဆောင်ရည်ကျဆင်းလာလေပါပဲ။

    (၆) လေဖြတ်ခြင်း

    သွေးတိုးက လေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ။ လေဖြတ်ခြင်းနှစ်မျိုးရှိပါတယ် –

  • Hemorrhagic – အားနည်းနေတဲ့ ဦးနှောက်သွေးကြောပေါက်ခြင်း
  • Ischemic – ဦးနှောက်ဆဲလ်တွေဆီ သွေးမရောက်အောင် သွေးခဲ ပိတ်ဆို့ခြင်း
  • (၇) မှတ်ဉာဏ်ချို့ယွင်းခြင်း

    သွေးတိုးကြောင့် ဦးနှောက်ကို သွေးပို့လွှတ်တဲ့သွေးကြောတွေထဲမှာ အဆီချေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို နှေးစေနိုင်ပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ပြောင်းလဲကုန်တဲ့အခါ “vascular dementia” လို့ခေါ်တဲ့အခြေအနေဖြစ်စေနိုင်ပါတယ်။

    ဒီလိုဖြစ်လာရင် တွေးပုံ၊ ပြောပုံ၊ မြင်တွေ့ပုံ၊ မှတ်မိပုံတွေ အပြင် ကိုယ့်ရဲ့လှုပ်ရှားပုံတွေမှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အချိန်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။

    (၈) ကျောက်ကပ်ပျက်စီးခြင်း

    သွေးတိုးက ကျောက်ကပ်ပျက်စီးစေတဲ့ ဒုတိယမြောက်အဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ဖယ်ရှားရာမှာ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းပြီး မာကျောစေနိုင်ပါတယ်။ အဲဒီမှာ nephrons လို့ခေါ်တဲ့ အထူးစစ်ထုတ်မှုအစိတ်အပိုင်းတွေကို သွေးနဲ့အာဟာရအလုံအလောက်မရစေနိုင်တော့ပါဘူး။ နောက်ဆုံးမှာ ကျောက်ကပ်ကို ပျက်စီးစေတာဖြစ်ပါတယ်။

    (၉) မျက်စိပြဿနာ

    သွေးတိုးဖြစ်တာ အချိန်ကြာလာတဲ့အခါ မြင်လွှာဆီကို သွေးပို့လွှတ်မှုနှေးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ကိုသတင်းပို့ပေးတဲ့ အမြင်အာရုံကြောဆီကို သွေးပို့လွှတ်မှုလည်းနှေးစေနိုင်ပါတယ်။ သွေးတိုးကြောင့် မြင်လွှာအောက်မှာ အရည်တွေစုလာစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

    (၁၀) လိင်မှုရေးရာပြဿနာ

    သွေးတိုးခြင်းက ခန္ဓာကိုယ်အနှံ့မှာ သွေးလည်ပတ်မှုနှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ သွေးလည်ပတ်မှုမကောင်းတဲ့အခါ လိင်တံထောင်မတ်မှုပြဿနာဖြစ်လာနိုင်ပါတယ်။

    (၁၁) အရိုးအားနည်းခြင်း

    သွေးတိုးရှိတဲ့သူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်တွေပါသွားတာ များတတ်ပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဒီဓာတ်ကို ခန္ဓာကိုယ်ကစွန့်ထုတ်တာများတဲ့အခါ အရိုးကျိုးအက်တာတွေ ဖြစ်လွယ်လာနိုင်ပါတယ်။

    ဒါ့ကြောင့် သွေးတိုးအန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောမထားကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement