backup og meta

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ

    အနာဖြစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း မှန်ကန်စွာနဲ့ ဂရုစိုက်မိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုအောင် ပရိသတ်တွေသိပြီးဖြစ်မှာပါ။ ဒီဆောင်းပါးလေးမှာ လူတော်တော်များများလွဲမှားစွာသိနေတဲ့ အချက်လေးတစ်ခုကိုရှင်းပြပေးချင်ပါတယ်။ ဒါကတော့ အနာကိုလေထိခံတာက အနာကျက်မြန်တယ်ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။

    အနာဖြစ်တဲ့အခါ လုပ်မိတတ်တဲ့အမှားတွေက

    အနာဖြစ်လာတဲ့အခါ အရင်ဆုံးလုပ်သင့်တာတစ်ခုက အနာပေါက်ကနေထွက်လာတဲ့သွေးတွေကို ဖယ်ထုတ်ပစ်ဖို့ပါ။ ဒီလိုလုပ်လိုက်တာက အနာထဲကိုရောဂါပိုးတွေဝင်ရောက်နိုင်ခြေကိုလျော့ကျသွားစေနိုင်ပါတယ်။ အနာကိုသွေးတွေညှစ်ထုတ်ပြီးတဲ့အခါမှာတော့ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးလိုက်ပါ။ သတိထားရမှာတစ်ခုနဲ့မဖြစ်မနေလုပ်သင့်တာက အနာဖြစ်သွားတဲ့အခါရေးကြီးသုတ်ပျာနဲ့ အနာကို ကိုင်တွယ်တာမျိုးမလုပ်ဖို့ပါ။ အနာကို မကိုင်တွယ်ခင်မှာ လက်ကို သန့်စင်အောင်ဆေးကြောပေးဖို့လိုပါမယ်။ပြီးရင်တော့ အနာကိုရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးလိုက်ပါ။ပြီးရင်တော့ အနာအရွယ်အစားကိုလိုက်ပြီး ပတ်တီးစည်းတန်ရင် ပတ်တီး၊ ပလာစတာကပ်လို့အဆင်ပြေမယ့်အနေအထားဆို ပလာစတာကပ်ပေးရပါမယ်။ အနာကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပေးရမှာဆိုပေမယ့် အနာကို ပတ်တီးစည်းတာ ၊ပလာစတာကပ်တာတွေမလုပ်ဘဲနဲ့ထားတာမျိုးတော့ မလုပ်သင့်ပါဘူး။

    နောက်တစ်ခုက အနာကသေးသေးမွှားမွှားဖြစ်တာပဲ သူ့ဘာသာထားလိုက် အချိန်တန်ရင်ကျက်သွားလိမ့်မယ်ဆိုတဲ့အတွေးပါ။ ဒီအတွေးကတော့ လုံးဝမမှန်ပါဘူး။ အနာဖြစ်တဲ့အခါကြီးကြီးသေးသေးသေချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ အနာကသေးပေမယ့်လည်းသေချာဂရုမစိုက်မိတာကြောင့် ပိုးဝင်ကူးစက်ခံရရင် အရေပြားထိခိုက်ပျက်စီးတာ၊ ဆဲလ်တွေပျက်စီးတာ နဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းသွားတာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။ အနာက သူ့အလိုလိုကျက်သွားလိမ့်မယ်လို့ယူဆပြီး အနာကိုသေချာဂရုမစိုက်ဘဲထားတာက ရောဂါပိုးဝင်ကူးစက်ခံရနိုင်ခြေကိုပိုများစေနိုင်ပါတယ်။

    အနာကို antibiotic အလွယ်တကူလူးလိုက်တာမျိုးလည်းရှိတတ်ပါတယ်။ အနာတိုင်းကို antibiotic လူးဖို့မလိုအပ်ပါဘူး။ အနာကို antibiotic လူးတာက အနာကိုအစိုဓါတ်ရရှိစေနိုင်တယ်ဆိုပေမယ့် အနာကိုရောင်ရမ်းစေတာနဲ့ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင် ပါတယ်။

    အနာကိုပြင်ပအရာတွေနဲ့မထိတွေ့အောင် ကာကွယ်ထားဖို့လိုအပ်ရတဲ့အကြောင်းအရင်း

    ခေတ်တွေတိုးတက်လာနေချိန်မှာတောင် လူတော်တော်များများလုပ်မိနေသေးတဲ့အမှားတစ်ခုက ကလေးငယ်တွေဆော့ရင်းပြုရင်းထိခိုက်မိတဲ့အခါ အနာက အရမ်းကြီးမပြင်းထန်ဘူးဆိုရင် အနာကို သန့်စင်ပြီးသွေးတိတ်အောင်လုပ်ပြီးရင်ဆေးထည့်ပြီး ဒီအတိုင်းထားလိုက်တာပါ။ ဒီလိုလုပ်တာက အနာကိုပြင်ပလေနဲ့ထိတွေ့မိပြီး အနာကျက်မြန်စေနိုင်တယ်လို့ နှစ်ပေါင်းအတော်ကြာလက်ခံလာခဲ့ကြပါတယ်။

    ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှလေ့လာပြုလုပ်ခဲ့တဲ့ သုတေသနပြုလုပ်ချက်တွေအရ ဒီအချက်က မှန်ကန်တဲ့အယူအဆမဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ အနာပိုးဝင်တယ်ဆိုတာက အနာကကြီးမှမဟုတ်ဘဲ အချို့အနာသေးသေးလေးတွေကိုလည်းသေချာဂရုမစိုက်ရင် ပိုးဝင်ကူးစက်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ပါ။ အနာကိုသေချာကာကွယ်ထားတာမျိုးမရှိတာကြောင့်ပြင်ပလေနဲ့ထိတွေ့တဲ့အခါ ပတ်ဝန်းကျင်ကအရာတွေကြောင့် အနာတဝိုက်ခြောက်သွေ့ပြီး ဆဲလ်တွေသေဆုံးနိုင်ခြေပိုများစေပါတယ်။

    လေ့လာမှုအချို့အရ အနာကို အစိုဓါတ်ရှိအောင်ထားတာ အနာကို ပတ်တီးဖြစ်ဖြစ် ပလာစတာဖြစ်ဖြစ် ကပ်ထားတာကသွေးကြောတွေကိုမြန်မြန်ပြန်လည်ကောင်းမွန်စေပြီး ဆဲလ်တွေကို ပြန်လည်ကျန်းမာစေနိုင်စွမ်း ပုံမှန်ထက်ပိုကောင်းတာကြောင့် အနာကိုလေထိခံတာထက် ပိုပြီး အနာကျက်မြန်စေနိုင်ပါတယ်။ အနာကို ပတ်တီးစည်းတာ ပလာစတာကပ်တာမျိုးတွေလုပ်ပေးထားခြင်းဖြင့် အနာထဲကိုရောဂါပိုးမွှားတွေနဲ့ပြင်ပကအရာဝတ္ထုတွေမဝင်ရောက်ကာကွယ်ပြီးသားဖြစ်တဲ့အပြင် အနာမရင်းအောင်ကာကွယ်ပြီးသားလည်းဖြစ်သွားမှာသေချာပါတယ်။ အနာဖြစ်ရင်အကောင်းဆုံးသောနည်းလမ်းတစ်ခုက အနာကို ၅ ရက်လောက်အစိုဓါတ်ရှိအောင်လုပ်ပေးပြီး ပတ်တီးစည်းထားတာ၊ ပလာစတာကပ်ထားတာမျိုးလုပ်ပေးဖို့ပါ။

    နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ တော်တော်လေးများပါတယ်။ ကိုယ်ခံအားကောင်းနေချိန်နဲ့ ခန္ဓါကိုယ်မှာထိခိုက်ဒဏ်ရာတစ်ခုခုရထားတာမျိုးအချိန်မှာ ဒီဘက်တီးရီးယားတွေကပြဿနာမရှိပေမယ့် အပေါ်ယံအရေပြားထိခိုက်ပျက်စီးသွားတဲ့ ဒဏ်ရာရရှိသွားတဲ့အခါမျိုးနဲ့ ကိုယ်ခံအားနည်းတဲ့အခါမျိုးမှာတော့ ဒီဘက်တီးရီးယားက ခန္ဓါကိုယ်ကို ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ဖုန်မှုန့်တွေ များစွာရှိနေတဲ့ ပတ်ဝန်းကျင်မှာ အနာကို ပတ်တီးစည်းထားတာ၊ ပလာစတာကပ်ထားတာမျိုးမလုပ်ဖူးဆိုရင် အနာကနေတဆင့်ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာနဲ့နောက်ဆက်တွဲ မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ အနာကို လက်နဲ့ခဏခဏကိုင်တွယ်ထိတွေ့မယ်ဆိုရင်လည်း လက်မှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ အနာထဲကိုရောက်ရှိသွားပြီး အနာပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။

    ဒါကြောင့် အနာတစ်ခုခုဖြစ်ရင် သန့်စင်အောင်ဆေးကြောတာ။ဆေးထည့်တာတွေလုပ်ပြီးရင် အနာအစိုဓါတ်ရရှိစေဖို့အတွက် ပလာစတာကပ်တာ၊ပတ်တီးစည်းတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အနာကိုတစ်နေ့တစ်ခါ စစ်ဆေးပြီး ပတ်တီး၊ပလာစတာလဲပေးတာမျိုး လုပ်ပေးဖို့ကိုလည်း မမေ့ဖို့ပြောပါရစေ။ ဒီလိုလုပ်ပေးတာက အနာကျက်မြန်စေနိုင်သလို အနာပိုးဝင်တာနဲ့ အနာရင်းတာတွေဖြစ်နိုင်ခြေကိုလျော့ကျသွားစေနိုင်တဲ့အပြင် အနာကြောင့်အမာရွတ်ဖြစ်နိုင်ခြေကိုပါလျော့နည်းစေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement