backup og meta

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

    မီးပြဿနာကြောင့်ဖြစ်စေ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ ဓာတ်လှေကားစက် ရပ်သွားပြီး ပိတ်မိသွားတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားထဲမှာ ပိတ်မိသူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာ အကြောက်မလွန်ဖို့၊ မစိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန်ထွက်လို့ ရတဲ့အချိန်ထိ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

    ၁။ စိတ်ကို တည်ငြိမ်အောင် ထားပါ။

    ဘယ်လိုမှ အပြင်ကို ပြန်ထွက်လို့ မရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြောက်ရွံ့ထိတ်လန့်တတ်ကြတာ လူ့စိတ်သဘာဝပါပဲ။ ကိုယ့်ရဲ့ စိတ်က မတည်မငြိမ်ြဖစ်နေတဲ့အခါမှာ ပိတ်မိနေတဲ့ အခြေအနေကို ပိုဆိုးစေမယ့် အမှားတွေ လုပ်မိနိုင်သလို နှလုံးမကောင်းသူတွေမှာဆိုရင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး အမောဖောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ကို ၀၀ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားဖို့ အလွန်အရေးကြီးပါတယ်။ အသက်ကို ၀၀ရှူပါ။ စိတ်ကို တည်ငြိမ်အောင် ထားပါ။ ကိုယ်နဲ့ အတူပိတ်မိနေတဲ့ သူတွေကိုလည်း စိတ်ငြိမ်အောင် အသက်၀၀ရှူဖို့ ဖျောင်းဖျပါ။

    ၂။ အရေးပေါ်ခေါင်းလောင်းခလုတ်ကို နှိပ်ပါ။

    ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမှာ သက်ဆိုင်ရာကို အသိပေးဖို့အတွက် အရေးပေါ် ခေါင်းလောင်းခလုတ်ကို နှိပ်ဖို့ မမေ့ပါနဲ့။ အကယ်လို့ အရေးပေါ်ခေါင်းလောင်းခလုတ်က အလုပ်မလုပ်ဘူးဆိုရင် ကိုယ့်ဖုန်းထဲက နှိုးစက်အသံကို ဖွင့်ထားပါ။ အပြင်ဘက်မှာရှိတဲ့လူတွေက ဒီအသံကို ကြားတဲ့အခါမှာ ဓာတ်လှေကားထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေတာကို သတိထားမိမှာဖြစ်ပြီး သက်ဆိုင်ရာကို အကူအညီလှမ်းတောင်းနိုင်မှာပါ။

    ၃။ ဓာတ်လှေကားမှာ တပ်ဆင်ထားတဲ့ ဖုန်းကို အသုံးပြုပါ။

    တချို့သော ဓာတ်လှေကားတွေမှာ ပြဿနာကို ဖြေရှင်းအကြောင်းကြားပေးဖို့အတွက် တပ်ဆင်ပေးထားတဲ့ ဖုန်းတွေ ရှိပါတယ်။ ဒီဖုန်းကို ၂၄နာရီမပြတ် စောင့်ကြည့်ဖြေကြားပေးမယ့် သူတွေ ရှိတာကြောင့် ဓါတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမျိုးမှာ ခေါ်ယူအသုံးပြုသင့်ပါတယ်။ တစ်ခါတရံမှာ ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ဓာတ်လှေကားအတွင်း လိုင်းမိနေတဲ့ ဖုန်းအော်ပရေတာတွေ ရှိနိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ လိုင်းမိတယ်ဆိုရင်တော့ သက်ဆိုင်ရာကို ဖုန်းခေါ်ဆိုပြီး အကူအညီတောင်းလို့ ရပါတယ်။

    ၄။ ဓာတ်လှေကားရဲ့ အနောက်ဘက်မှာ ရပ်နေပါ။

    ကိုယ့်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီးတဲ့အခါ ဓာတ်လှေကားရဲ့ အနောက်ဘက်မှာ ရပ်နေပြီး အရှေ့ဘက်ကို မျက်နှာမူထားပါ။ ဓာတ်လှေကားပြင်ဆင်သူတွေဖြစ်စေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်လှေကားကို ဖွင့်ဖို့ ကြိုးစားတဲ့အခါမှာ ကိုယ်က အနောက်မှာ ရပ်နေမှာ သူတို့အတွက်လည်း လုပ်ရကိုင်ရတာ လွယ်ကူစေမှာပါ။

    ၅။ ဓာတ်လှေကားထဲမှာ မခုန်ပါနဲ့။

    မှားယွင်းတဲ့ အယူအဆတစ်ခုက ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းဟာ စက်ချို့ယွင်းတာကို ပြန်ကောင်းသွားစေနိုင်တယ် ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အလွန် အန္တရာယ်များတဲ့ အပြုအမူပါပဲ။ ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းကြောင့် ဓာတ်လှေကားကို တည်ငြိမ်စေဖို့ ထိန်းညှိပေးတဲ့ ကိရိယာတွေကို ထိခိုက်စေနိုင်လို့ ကယ်ဆယ်ရ ပိုခက်မှာပါ။

    ၆။ တံခါးကို ကလန့်ပြီး ဖွင့်ဖို့ မကြိုးစားပါနဲ့။

    ဓာတ်လှေကားတွေမှာ အတွင်းကနေ ကလန့်ပြီး ဖွင့်လို့မရအောင် ကန့်သတ်ထားတဲ့ လုံခြုံရေးကိရိယာတွေ ရှိပါတယ်။ ဒါကြောင့် ဓါတ်လှေကားထဲ ပိတ်မိနေတဲ့အချိန်မှာ အတွင်းကနေ လက်နဲ့ဖြစ်စေ၊ ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ ကလန့်ပြီး ဖွင့်တာမျိုး မလုပ်ပဲ သက်ဆိုင်ရာက သင့်တော်မှန်ကန်တဲ့ နည်းလမ်းနဲ့ ဓါတ်လှေကားကိုဖွင့်ပြီး ကယ်ဆယ်တာကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ။

    ၇။ အပြင်ကို ထွက်ဖို့မကြိုးစားပါနဲ့။

    တံခါးနည်းနည်းလေးပွင့်နေလို့ ကိုယ့်ရဲ့ တစ်ကိုယ်စာ အပြင်ထွက်လို့ ရတယ်ဆိုတိုင်း ထွက်ဖို့ မသင့်ပါဘူး။ သက်ဆိုင်ရာက ရောက်လာပြီး ဓါတ်လှေကားကို သေချာပိတ်လိုက်ပြီးမှ ကိုယ့်ကို အပြင်ထွက်လို့ရအောင် ကူညီပေးပါလိမ့်မယ်။

    ၈။ မကြောက်ပါနဲ့၊ မထိတ်လန့်ပါနဲ့။

    ကိုယ်အပါအဝင် ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ သူတွေကို စိတ်တည်ငြိမ်အောင် ထားပေးတာက အပြင်ကို ထွက်ဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ကြောက်လန့်နေတဲ့ စိတ်ကို ခဏဘေးဖယ်ထားပြီး လုံခြုံရေးဝန်ထမ်းတွေ ပြောတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာတာက ဘေးကင်းစေတဲ့အပြင် ကိုယ့်ကို ကယ်တင်ဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement