backup og meta

ဖျားနေရင် ဘာဆေးသောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေရင် ဘာဆေးသောက်မလဲ

    ဖျားနေရင် ဘာဆေးသောက်မလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ မျှဝေပေးချင်ပါတယ်။

    ဖျားနေရင် ဘာဆေးသောက်မလဲ

    ဖျားနေရင် ဘာဆေးသောက်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အအေးမိတုပ်ကွေးကို ကုသဖို့ အတွက် လိုအပ်သောဆေးများ။ ။

    တုပ်ကွေးဆိုတာ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့် ဖြစ်ရတာပါ။ ခုလိုနေပူလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးက တုပ်ကွေးတို့ အကြိုက်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူအအေးမမျှတတော့ ကိုယ်ခန္ဓါရဲ့ အပူချိန်ကလည်း ညီမျှအောင်လိုက် မထိန်းနိုင်တော့ပါဘူး။ ဒီတော့ ကိုယ်ခန္ဓါရဲ့ ခံတပ်ကြီး ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်အရေးယူပြီးတော့ တုပ်ကွေးဆိုတဲ့ အာဏာရှင်ကြီးက အားနည်းနေတဲ့ ခုခံအားစနစ်ကြီးကို ကြီးစိုး အနိုင်ကျင့်ဖို့ ဝင်လာပါတော့တယ်။

    တုပ်ကွေးနဲ့ အတူ ဘာတွေပါလာတတ်လဲ။ ။

    တုပ်ကွေးကို ဘုရင်လို့ပဲ သဘောထားကြပါစို့။ ဘုရင်ဘေးမှာဆို နောက်လိုက် အပေါင်းအပါ တစ်ပြုံကြီး ရှိသလိုပဲ တုပ်ကွေးကလည်း သူလာပြီဆိုတာနဲ့ သူ့နောက်လိုက် အပေါင်းအပါ တစ်ပြုံကြီး ကို ခေါ်လာပါတယ်။ ကိုယ်ခန္ဓါက မကြည်ဖြူဘဲ ကျူးကျော်ဝင်လာတဲ့ သူတွေဆိုတော့ သူတို့ကို ကြောက်အောင် ပါဝါပြကြတော့တာပေါ့။

  • နှာစေး၊ နှာပိတ်တယ်ဆိုတာ တကယ်ကို စိတ်ကသိကအောက်ဖြစ်စရာ ကောင်းတဲ့အရာတစ်ခုပါ။ အသက်ရှူလို့ကလည်းမဝ၊ နှာရည်တွေကလည်းကျနဲ့ အင်မတန်စိတ်ပျက်စရာကောင်းပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ လေနဲ့ အောက်ဆီဂျင်ရဖို့ တာဝန်ယူပြီး အသက်ရှူနေရတဲ့ နှာခေါင်းကိုပိတ်အောင်လုပ်တာ တုပ်ကွေးတို့ရဲ့ ပရိယာယ်ပါ။ ကိုယ်ခန္ဓါရဲ့ အဓိက စားနပ်ရိက္ခါဖြစ်တဲ့ အောက်ဆီဂျင်တွေ သိပ်မဝင်အောင်တားထားပြီး သူတို့တွေ ကြာကြာပိုနေလို့ ရအောင်လုပ်ထားတာပါ။
  • ချောင်းဆိုးတယ်ဆိုတာကလည်း တုပ်ကွေးရဲ့ မာယာတစ်ခုပါ။ ချောင်းဆိုးခိုင်းပြီး ရောဂါပိုးတွေကို တခြားသူတွေဆီ ပျံ့အောင်လုပ်လိုက်တာပါ။ ညညချောင်းဆိုးပြီဆို လူက အိပ်ရေးပျက်တဲ့ အပြင် ရက်ကြာလာရင် အားပါမရှိတော့ပါဘူး။
  • လည်ချောင်းနာပြီဆိုရင် အစာကောင်းကောင်းမစားနိုင်၊ ရေလည်း ကောင်းကောင်း မသောက်နိုင်တော့ပါဘူး။ ကြာတော့ လူကလည်း အားပြတ်လာပါတော့တယ်။ လူက အားပြတ်လေ တုပ်ကွေးကကိုယ်ထဲမှာ ကြာကြာပိုနေလို့ ရလေဖြစ်ပါတယ်။
  • ကိုယ်လက်ကိုက်ခဲတာကတော့တုပ်ကွေးတို့ နှိပ်စက်လို့ အပြစ်မဲ့တဲ့ ကြွက်သားလေးတွေ ခံရတာပါ။
  • ဝင်လာတဲ့ တုပ်ကွေးနဲ့ ကိုယ်ခံအားစနစ် စစ်ဖြစ်နေတာကြောင့် နယ်မြေကြီးက အေးချမ်းမှု မရှိတော့ဘဲ ကိုယ်အပူချိန်တွေ တက်လာပါတော့တယ်။
  • တုပ်ကွေးဖြစ်တိုင်းကြောက်ရလား။ ။

    တုပ်ကွေးအများစုက ရာသီတုပ်ကွေးဖြစ်တာများပါတယ်။ သူတို့က လေထဲကနေ ကူးစက်တာပါ။ အချိန်တန်ရင် ပြန်ပျောက်ပေမယ့် ပေါ့ပေါ့ဆဆနေလို့တော့ မရပါဘူး။ တုပ်ကွေးမိပြီး ဖျားတယ်ဆိုတည်းက အလုပ်တွေ မလုပ်နိုင်တော့ အိမ်ရဲ့ ဝင်ငွေတွေလျော့မယ်။ မြန်မြန်ပျောက်အောင် မကုရင် အခြားသူတွေကိုပါ ထပ်ကူးစက်မယ်။ စိတ်လည်းညစ်ရမယ်။ ဘက်ပေါင်းစုံက ထိခိုက်နိုင်တယ်။ ရာသီတုပ်ကွေးက ခုခံအားနည်းလို့ ဖြစ်ရတာဆိုတော့ အသက်အန ္တရာယ် မရှိပေမယ့် ခုခံအားကောင်းအောင် ပြန်မလုပ်နိုင်ရင် အခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်တာပဲ အေးဆေးပါဆိုပြီး ပေါ့ဆ မနေဘဲ မြန်မြန်ပျောက်အောင် ကုသသင့်ပါတယ်။

    တုပ်ကွေးဖြစ်ရင် ဘာတွေလုပ်သင့်သလဲ။ ။

    အပေါ်မှာပြောခဲ့သလိုပဲ အားနည်းနေတဲ့ခုခံအား ခမျာ ပြန်တော်လှန်ဖို့မတတ်နိုင်သေးတော့ ခဏ ငြိမ်ခံပြီး တုပ်ကွေးကို တိုက်ထုတ်ဖို့အင်အားတွေ ကျိတ်စုနေရတာပေါ့လေ။ တိုက်ထုတ်တော်လှန်တဲ့နေရာမှာလည်း ဘုရင်ကြီးကို အရင်မရှင်းဘဲ သူ့နောက်လိုက်တွေကို အရင်ရှုင်းမှသာ တိုက်ပွဲ မြန်မြန်ပြီးပြတ်တာပါ။

    • ဒီတော့ အောက်ဆီဂျင် အပြည့်အဝ ပြန်ရအောင်လို့ နှာစေး၊ နှာပိတ်တာကို အရင်တိုက်ထုတ်ရပါမယ်။ ဆေးတွေ အနေနဲ့ကတော့ နှာစေးရင် ဘာမီတွန်အုပ်စုဆေးတွေကို သောက်သင့်ပါတယ်။ သောက်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်တာသာ အကောင်းဆုံးပါ။ အတွင်းကဆေးနဲ့ တိုက်ထုတ်တာအပြင် အပြင်ကနေ မဟာမိတ်တပ်တွေကို အကူအညီတောင်းလို့ ရပါသေးတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေးရည်ကို အသုံးပြုတာပါ။
    • ချောင်းဆိုးတာ အတွက်ကတော့ Dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ချွဲထွက်တယ်ဆိုရင်တော့ ချွဲပျော်ဆေးပါသောက်ပေးရပါလိမ့်မယ်။
    • လည်ချောင်းနာတာ အတွက်ကတော့ ဆေးတွေ သောက်ပေးလို့ ရတဲ့ အပြင် တခြားနည်းလမ်းတစ်ခုဖြစ်တဲ့ အာလုတ်ကျင်းဆေးရည်တွေ သုံးလို့ရပါသေးတယ်။ ဆေးသောက်ရင် ဆေးအာနိသင်ရအောင် အချိန်တစ်ခုစောင့်ရမှာဖြစ်ပြီး အာလုတ်ကျင်းဆေးရည်သုံးရင် ဖြစ်တဲ့နေရာနဲ့ ဆေးရည်နဲ့ တိုက်ရိုက်ထိတော့ ပိုးနဲ့ဆေး တစ်ခါတည်းတွေ့ ပိုးတွေလည်း မြန်မြန်သေနိုင်ပါတယ်။
    • ကိုယ်လက်ကိုက်ခဲပြီး အဖျားတက်ရင်တော့ အပြင်းစား အကိုက်အခဲပျောက်ဆေးတွေအစား acetaminophen ကိုသာသောက်သင့်ပါတယ်။ သူက ကိုယ်အပူချိန်ကို ကျစေတဲ့ အပြင် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်။

    နောက်လိုက်ဖြစ်တဲ့ တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကို ရှင်းထုတ်နေတဲ့အချိန်မှာ ခုခံအားစနစ်ကြီး ကိုယ်တိုင်လည်း အားပြည့်နေဖို့လိုအပ်ပါတယ်။ ဆေးတွေက ရောဂါ လက္ခဏာကိုပဲ သက်သာစေတာပါ။ တုပ်ကွေးဗိုင်းရပ်ကို တိုက်ထုတ်ချင်ရင်တော့ ကိုယ်တွင်းခုခံအား စနစ်ကတိုက်ထုတ်မှသာ ရမှာပါ။ ဒါကြောင့်

    • နေမကောင်းဖြစ်နေချိန် အပြည့်အဝ အနားယူပါ။ ကောင်းကောင်းအိပ်စက်လိုက်ပါ။ ဒါမှသာ ကိုယ်တွင်းခုခံအားစနစ်အားပြည့်လာပြီး တုပ်ကွေးကို တိုက်ထုတ်နိုင်မှာပါ။
    • ရေများများသောက်ပါ။ ရေသောက်ရင် လည်ချောင်းထဲမှာ ရှိနေတဲ့ ပိုးတွေ အစာအိမ်ထဲ ရောက်သွားပြီး အစာအိမ်ရဲ့ အပြင်းစား အက်ဆစ်ကြောင့် အကုန်သေကုန်မှာဖြစ်ပါတယ်။ တုပ်ကွေးမိနေတဲ့ သူအဖို့ ကိုယ်တွင်းတက်နေတဲ့ အပူချိန်ကို လျော့ကျစေဖို့ အတွက်က ရေဓါတ်ြပည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။
    • အစာဝင်အောင်စားပါ။ နေမကောင်းဖြစ်ချိန် အစားဝင်ဖို့ကလည်း အရေးကြီးပါတယ်။ အစားစားမှ အားရှိပြီး ရောဂါပိုးကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ။

    ဒါတွေကတော့ တုပ်ကွေးဝင်နေချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းတွေနဲ့ ကိုယ်တွင်းခုခံအား စနစ်ကြီးအားရှိအောင် လုပ်ပေးသင့်တာတွေပဲဖြစ်ပါတယ်။ တုပ်ကွေးရဲ့ အပေါင်းအပါတွေဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုနိုင်အောင်တိုက်မယ်၊ ခုခံအား စနစ်ကိုလည်း အားပြည့်အောင်ထားမယ်ဆိုရင် တုပ်ကွေးလည်း ကြာကြာ မနေနိုင်ဘဲ အမြန်ဆုံး တပ်ခေါက်ပြန်ပြေးရမှာပါ။ ဒါ့အပြင် ကိုယ်က တုပ်ကွေးဖြန့်တဲ့သူ မဖြစ်အောင်နဲ့ သူများတွေလည်း တုပ်ကွေးမကူးရအောင် နှာစေး၊ ချောင်းဆိုးရင် အုပ်ဆိုးဖို့မမေ့နဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement