backup og meta

တုပ်ကွေးရာသီရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးရာသီရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။  ။

    ခုလို ဆောင်းရာသီဟာ ဆောင်းရဲ့ အငွေ့အသက်တွေပါတဲ့ လေအေးအေးမှ ကြိုက်တဲ့သူတွေ အတွက်ကတော့ အသာယာဆုံးရာသီတစ်ခုပါ။ မိုးရဲ့ အငွေ့အသက်တွေ ကုန်သွားပြီဆိုပြီး တုပ်ကွေးရာသီကုန်ပြီလို့ ပြောလို့မရပါဘူး။ ဗိုင်းရပ်ပိုးတွေကိုက အေးနေရင်ပိုပြီး ရှင်သန်နိုင်တဲ့ သဘောရှိတာကြောင့် လေထဲမှာ မမြင်ရတဲ့ ပိုးတွေရှိနေနိုင်ပါသေးတယ်။ မိုးရာသီတစ်ခုပဲ တုပ်ကွေးရာသီ မဟုတ်ပါဘူး။ ဆောင်းရာသီမှာလည်း တုပ်ကွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရောက်တော့မှာမို့လို့ အနွေးထည်ေလးတွေဝယ်ပြီး အအေးဒဏ်ခံနိုင်ဖို့ ကြိုပြင်ဆင်ထားကြသလို ဆောင်းတွင်းတုပ်ကွေး အတွက်လည်း ကြိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

    တုပ်ကွေးရာသီရောက်လာတာနဲ့ ဘာတွေကြိုပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။

    ကိုယ်ချစ်တဲ့ သူတစ်ယောက် နေမကောင်းဖြစ်တာကို ဘယ်သူမှတော့ မမြင်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုဆီကို မခေါ်ဘဲနဲ့ အမြဲရောက်ရောက်လာတတ်တဲ့ အအေးမိ တုပ်ကွေးရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တုပ်ကွေးရာသီရောက်ပြီဆို ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။

    ဈေးဝယ်ထွက်ပါ – ဈေးဝယ်ထွက်ဆိုလို့ အနွေးထည်ချည်းပဲ သွားဝယ်ခိုင်းတာ မဟုတ်ပါဘူး။ ဆောင်းရာသီဆို လူတွေက နွေးနွေးထွေးထွေးနေနိုင်ဖို့ အတွက် အနွေးထည်တွေ၊ စောင်တွေ၊ ခြေစွပ်တွေ ဝယ်ကြသလိုပဲ ဆောင်းတွင်း အအေးဒဏ်ကြောင့် တုပ်ကွေးမိခဲ့ရင် သုံးဖို့လိုတဲ့ ပစ္စည်းတွေ၊ဆေးတွေကို ကြိုစုဖို့ပြောတာပါ။ တစ်သျှူးစက္ကူတို့၊ ဆပ်ပြာတို့ ရေမလိုလက်သန့်ဆေးရည်တို့ကို ကြိုဝယ်ထားပါ။ တုပ်ကွေးပျံ့နှံ့နေပြီဆိုတာနဲ့ လေကနေတစ်ဆင့်ကူးစက်နိုင်တဲ့ တုပ်ကွေးကိုယ့်ဆီ မရောက်အောင် နှာခေါင်းစည်းလေးတွေက ကာကွယ်နိုင်တာကြောင့် သူတို့ကိုလည်းဝယ်ဆောင်ထားဖို့ မမေ့ပါနဲ့။ တစ်လက်စတည်း တုပ်ကွေးဖြစ်တဲ့ ကိုယ့်ကလေးကျောင်းမသွားနိုင်ခဲ့လို့ ရှိရင် အိမ်မှာပျင်းမနေရအောင် ကလေးဆော့ဖို့ ပစ္စည်းလေးတွေပါ ဝယ်ထားပါ။ ဒါမှ ကလေးက တစ်ချိန်လုံး အိပ်ရာထဲ ခွေမနေတော့မှာလေ။

    အိမ်ကဆေးသေတ္တာလေးကို ဆေးတွေအပြည့်ဖြည့်ထားပါ – ဆေးသေတ္တာထဲမှာ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး နဲ့ ဗီတာမင် Cေဆးကဒ်၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေ ရှိနေပါစေ။ ဆေးတွေကို သက်တမ်းကုန်၊မကုန် စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ အရေးကြီးတာက ကလေးသောက်ရမယ့်ဆေးပမာဏနဲ့ လူကြီးသောက်ရမယ့်ဆေးပမာဏကို ခွဲခြားသိနေဖို့လိုပါတယ်။ အချင်းချင်းဓါတ်ပြုတတ်တဲ့ ဆေးတွေကို သေတ္တာတစ်ဘူးထဲ အတူမထားပါနဲ့။ ရောသောက်မိမှာစိုးလို့ပါ။ သောက်ဆေးဘူးနဲ့ လိမ်းဆေးဘူးခွဲထားပါ။ ပြီးတော့ အပူတိုင်းသာမိုမီတာလေးပါဆောင်ထားဖို့ မမေ့နဲ့ဦးနော်။ ။

    အိမ်သားအားလုံးကို လက်သေချာဆေးဖို့ သတိပေးပါ – တုပ်ကွေးရာသီဆိုတော့ အပြင်မှာ တုပ်ကွေးက ပျံ့နေပြီ။ ကိုယ့်ဆီတော့ မရောက်သေးဘူးဆိုရင် တုပ်ကွေးရောက်လာနိုင်မယ့် လမ်းတွေကို ပိတ်ပစ်တာ အကောင်းဆုံး ကာကွယ်တဲ့ နည်းပဲဖြစ်ပါတယ်။ အိမ်ထဲမှာပဲ တစ်ချိန်လုံးနေလို့မရ ကျောင်းသွား၊ အလုပ်သွားရတာဆိုတော့ ပြန်လာရင်အပြင်ကပိုးတွေ အိမ်ထဲကို ပါလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်သားတွေကို ဘယ်နေရာကိုပဲရောက်ရောက် အစားမစားခင်၊ နဲ့ အိမ်သာတက်ပြီး လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့ သတိပေးပါ။ တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ကြာအောင် ဆေးဖို့ပါ တစ်ခါတည်းထည့်ပြောလိုက်ပါ။

    အိမ်တွင်းလူအများသုံးတဲ့ နေရာတွေကိုသေချာဆေးကြောသန့်စင်ပါ – လူအများသုံးနေကျ နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးဘေစင်လို နေရာမျိုးတွေကို သေချာပိုးသတ်ဆေးကြောပါ။ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါတွေကိုလည်း လျှော်ဖွပ်ပြီးတာနဲ့ နေသေချာလှန်းပါ။ အိမ်ပြတင်းပေါက်တွေကို လေဝင်လေထွက်ကောင်းအောင်ဖွင့်ထားပါ။ ဘယ်ကိုပဲသွားသွား ကိုယ်နဲ့မကွာယူသွားရတဲ့ ဖုန်းလေးကိုလည်း အရက်ပြန်နဲ့ မကြာမကြာ သုတ်ပေးသင့်ပါတယ်။

    သုံးနေကျ ပစ္စည်းတွေကို လဲပါ – တုပ်ကွေးရာသီ ရောက်လာပြီဆိုတာနဲ့ အိမ်သားတစ်ယောက်ယောက်က မဖျားဘဲနဲ့လည်း တုပ်ကွေးပိုးကို သယ်ဆောင်ထားသူဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာလူအများဝိုင်း သုံးနေကျဖြစ်တဲ့ လက်သုတ်ပဝါတွေကို သိမ်းပြီး တစ်ခါသုံးတစ်သျှူးစက္ကူကို ပြောင်းသုံးပါ။ မျက်နှာသုတ်ပဝါ တစ်ယောက်တစ်ခုစီသုံးပါ။ ရေဖန်ခွက်တွေ အစား တစ်ခါသုံး ပလတ်စတစ်ခွက်ကို ပြောင်းသုံးပါ။ နေမကောင်းဖြစ်နေတဲ့သူနဲ့ ထမင်းစားရင် တစ်ဇွန်းထဲ မျှစားတာမျိုး မလုပ်ပါနဲ့ ။ ဒါမှ ပိုးတွေ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို မကူးနိုင်တော့မှာ ဖြစ်ပါတယ်။

    ရေဓါတ်ပြည့်ဝနေပါစေ – အသားအရေခြောက်တဲ့ ဆောင်းတွင်းမှာ ရေဓါတ်ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် တုပ်ကွေး ရာသီရောက်ပြီဆိုတာနဲ့ ခုခံအားကောင်းစေမယ့် အစားအသောက်တွေလေးတွေ ကြိုပြင်ထားဖို့လည်းလိုပါတယ်။ ဂျင်းပြုတ်ရည်တို့၊ ပျားရည်နဲ့ သံပုရာရည်ရည်တို့လိုမျိုးပေါ့။

    အိပ်ချိန်ပြည့်ဝအောင် အိပ်စက်အနားယူပါ – အိပ်ချိန်ပြည့်အောင် အိပ်ဖို့က တုပ်ကွေးရာသီမှ မဟုတ်ပါဘူး။ နေ့တိုင်းအတွက် အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ အိပ်ချိန်က ၇ နာရီကနေ ၉ နာရီ အတွင်းရှိသင့်တာကြောင့် ကိုယ်ကိုယ်တိုင် အချိန်တစ်ခုသတ်မှတ်ပြီး အိပ်ရာဝင်သင့်သလို ကိုယ့်ကလေးတွေကိုလည်း အိပ်ရာစောစောဝင်ခိုင်းပါ။ ဒါမှ ကောင်းကောင်း အနားယူနိုင်ပြီး ကိုယ်တွင်းခုခံအားစနစ်ကို အားဖြည့်ပေးသလိုဖြစ်မှာပါ။

    တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးဖို့ မမေ့ပါနှင့် – ခုလို ဆေးပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ပေါ်နေပါပြီ။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ တုပ်ကွေးမျိုးစိတ်တွေမတူတာကြောင့် တစ်နှစ်တစ်ခါလောက်တော့ ကာကွယ်ဆေးထိုးပေးဖို့လိုတယ်နော်။ ။

    ဒါကြောင့် ခုပြောပြတဲ့ အချက်လေးတွေ လိုက်နာပြီး တုပ်ကွေးရာသီ အတွက် ကြိုတင်ပြင်ဆင်ထားရင် နှင်းတွေဝေတဲ့ ဆောင်းရာသီမှာ တုပ်ကွေးကိုမှုစရာမလိုဘဲ ပျော်ပျော်ကြီးနေနိုင်မှာပါ။ တုပ်ကွေးကြောင့်တော့ ဆောင်းရာသီကို အကျည်းတန်သွားတာမျိုး အဖြစ်မခံပါနဲ့။ မဖြစ်ခင်ကြိုတင်ကာကွယ်တာကလည်း လူတိုင်းတတ်သင့်တဲ့ အတတ်ပညာတစ်ခုပဲနော်။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement