backup og meta

အသားဖြည့်ထိုးဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြည့်ထိုးဆေး

    သင်မှန်ကြည့်တဲ့အခါ ငါ့အသားအရေလေး ဒီထက်ပိုပြီး ညီညီညာညာရှိရင် ကောင်းမှာပဲ လို့များ စိတ်ထဲတွေးဖူးပါသလား။ သင့်အဖြေက တွေးဖူးပါတယ် ဆိုရင်တော့ Microdermabrasion နဲ့ မိတ်ဆက်ပေးပါရစေ။

    Microdermabrasion ဆိုတာဟာ သင့်မျက်နှာရဲ့ အပေါ်ယံမျက်နှာပြင်ကို ပိုပြီးညီညာသွားအောင် စက်ပစ္စည်းလေးတမျိုးကို အသုံးပြုပြီး အသာအယာ ပွတ်တိုက်ညှိပေးတဲ့ အလှအပရေးရာ ကုသမှုနည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။

    သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကုသမှုခံယူအပြီးမှာတော့ သင့်မျက်နှာအရေပြားဟာ ပိုမိုနူးညံ့တောက်ပလာမှာဖြစ်ပြီး အသားရောင်လည်း ပိုညီလာမှာ ဖြစ်ပါတယ်။

    Microdermabrasion ဆိုတာဘာလဲ။

    Microdermabrasion ဆိုတာ သင့်အရေပြားမျက်နှာပြင်ကို ပြန်လည်ညီညာအောင် ညှိပေးနိုင်တဲ့ ကုသမှုနည်းလမ်းတမျိုး ဖြစ်ပါတယ်။ အရေပြားဆရာဝန်အနေနဲ့ crystal အသေးစားလေးတွေ ပါဝင်တဲ့ ကိရိယာတမျိုးကို အသုံးပြုမှာဖြစ်ပြီး သင့်မျက်နှာကို ဂျီးချွတ်ပွတ်တိုက်ပေးနိုင်သလို အရေပြားဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    ဒါ့အပြင် အရေပြားအသစ်ပြန်လည် ဖြစ်ပေါ်ဖို့အတွက် အရေးပါတဲ့ collagen ထွက်ရှိမှုကိုလည်း အားပေးတဲ့အတွက် သင့်အသားအရေဟာ ပိုမိုနူးညံ့လှပနုပျိုလာမှာ ဖြစ်ပါတယ်။

    Microdermabrasion ဟာ သင့်အတွက် မှန်ကန်သင့်တော်တဲ့ ကုသမှုနည်းလမ်းလား။

    Microdermabrasion ဟာ ယေဘုယျအားဖြင့် နာကျင်ခြင်းမရှိတဲ့အပြင် ထိရောက်သော ကုသမှုနည်းလမ်းတမျိုးလည်း ဖြစ်ပါတယ်။

    အောက်ဖော်ပြပါ အခြေအနေတွေသင့်မှာရှိနေတယ်ဆိုရင် Microdermabrasion လုပ်ဖို့ စဉ်းစားသင့်ပါတယ်။

    · အသားအရေ ညစ်ထပ်ခြောက်ကပ်ခြင်း။ စိုစိုပြည်ပြည်မရှိခြင်း။

    · အသားအရေ မညီညာခြင်း။

    · ဆားဝက်ခြံများရှိခြင်း။

    · အရေးကြောင်းများ ရှိနေခြင်း။

    · ဝက်ခြံအမာရွတ်များရှိခြင်း။

    · နေလောင်ဒါဏ်ကြောင့် အသားအရေပျက်စီးခြင်း။

    · အမည်းစက်များ ဖြစ်ပေါ်နေခြင်း။

    · Dermabrasion ဟာ လုံခြုံစိတ်ချရတယ်ဆိုသော်ငြား လူတိုင်းနဲ့တော့ သင့်တော်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်မှာ အင်မတန်ထူထပ်များပြားတဲ့ ဝက်ခြံတွေ ရှိနေရင်၊rosacea လို့ခေါ်တဲ့ အနီကွက်တွေ မျက်နှာမှာ ရှိနေရင်၊နှင်းခူဖြစ်နေရင်၊အရေပြားရောင်ရမ်းနေရင် ဒါမှမဟုတ် ထိရှလွယ်တဲ့အသားအရေ ပိုင်ရှင်ဆိုရင် dermabrasion မပြုလုပ်သင့်ပါဘူး။

    သင့်အရေပြားနဲ့ ပတ်သက်လို့ အတွင်းကျကျ သိရှိနိုင်ဖို့အတွက် အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။

    Microdermabrasion ကို ဘယ်လိုပြုလုပ်သလဲ။

    Microdermabrasion ကို အရေပြားနဲ့ အလှအပဆိုင်ရာ ဆေးခန်းမှာ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။crystal microdermabrasion နဲ့diamond-tip microdermabrasion ဆိုပြီး အဓိက အသုံးပြုလေ့ရှိတဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။

    Crystal Microdermabrasion

    ဒီနည်းလမ်းမှာ အသုံးပြုတဲ့ ကိရိယာလေးဟာ crystal မှုန်လေးတွေကို သင့်အရေပြားပေါ် လွှတ်ထုတ်ပေးခြင်းအားဖြင့် သင့်မျက်နှာကို ချောမွေ့ညီညာစေပါတယ်။ ပြီးတဲ့အခါ အဆိုပါ crystal မှုန်လေးတွေနဲ့ အရေပြားဆဲလ်သေတွေကို သင့်အရေပြားပေါ်ကနေ ဖယ်ရှားပစ်လိုက်ပါတယ်။

    Diamond-Tip Microdermabrasion

    ဒီနည်းလမ်းမှာတော့ စိန်နဲ့ပြုလုပ်ထားတဲ့ ထိပ်ဖူးလေးပါဝင်တဲ့ ကိရိယာလေးကို အသုံးပြုမှာဖြစ်ပြီး သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ညင်သာစွာ ပွတ်တိုက်ပေးမှာ ဖြစ်ပါတယ်။

    Crystal microdermabrasion နည်းလမ်းလိုပဲ အရေပြားဆဲလ်သေတွေကို နောက်ဆုံးမှာ ဖယ်ရှားပစ်မှာပါ။Diamond-Tip Microdermabrasion ဟာ မျက်လုံးနားတဝိုက် အရေပြားနေရာအတွက် ပိုပြီးစိတ်ချရသလို ထိရှလွယ်တဲ့နေရာတွေ ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာလည်း စိတ်ချလက်ချ သုံးနိုင်မှာဖြစ်ပါတယ်။

    အကောင်းဆုံးသော အာနိသင်ကို ရရှိဖို့အတွက် မျက်နှာကပ်ခွာအပျော့စားလေးနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကုသမှုပြုလုပ်ပြီးပြီးချင်းမှာ အရေပြားကို ကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းပေးဖို့အတွက် SPF ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer) ကို သင့်အရေပြားဆရာဝန်က လိမ်းပေးမှာ ဖြစ်ပါတယ်။

    ကုသမှုမခံယူမီ ဘာတွေပြင်ဆင်ရမလဲ။

    သင့်အနေနဲ့ isotretinoin (Acnotin or Isotina) ဒါမှမဟုတ် tretinoin ခရင်မ် (Retin A or Locacid) တို့ကို သုံးစွဲနေတယ်ဆိုရင် သင့်ဆရာဝန်ကို ကြိုတင်အသိပေးပါ။ အဆိုပါ ဆေးတွေဟာ သင့်အရေပြားကို ပိုပြီး ထိရှလွယ်စေလို့ ဖြစ်ပါတယ်။

    ဒါ့အပြင် ကုသမှုကို ထိခိုက်စေနိုင်တဲ့ အရေပြားပြဿနာတမျိုးမျိုး သင့်မှာရှိရင်လည်း ဆရာဝန်ကို ကြိုပြီးအသိပေးထားရပါမယ် (ဥပမာ အနာဟက်ပြဲတွေ၊ထိခိုက်ဒါဏ်ရာတွေ၊ရှရာတွေ စသဖြင့်ပေါ့)။ ကုသမှု မပြုလုပ်မီ အနည်းဆုံး ခြောက်ပတ်လောက်ကြိုပြီး ဆေးလိပ်ဖြတ်ထားဖို့လည်း သင့်ဆရာဝန်က ပြောပါလိမ့်မယ် (သင်ဆေးလိပ်သောက်တတ်ရင်ပေါ့)။

    ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ ဆေးတွေ ဒါမှမဟုတ် အချို့သော ဆေးဖက်ဝင်အပင်တွေဟာ သွေးထွက်တာကို များစေနိုင်တဲ့အတွက် ဒီလိုမျိုးဆေးတွေ သောက်နေရင်လည်း ခဏရပ်ထားဖို့ လိုပါလိမ့်မယ်။

    ဒါ့အပြင် ကုသမှုမပြုလုပ်ခင် ရှေ့တရက်လောက်မှာ မိတ်ကပ်အစရှိတဲ့ အလှကုန်ပစ္စည်းတွေ မသုံးစွဲရင်အကောင်းဆုံး ဖြစ်ပါတယ်။

    ကုသမှုနည်းလမ်းကို မရွေးချယ်ခင်မှာ သင့်အနေနဲ့ ဒီနည်းလမ်းနဲ့ပတ်သက်ပြီး (ဘာတွေလုပ်မှာလဲ၊ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ စသဖြင့်) အသေအချာ နားလည်သဘောပေါက်ထားရပါမယ်။

    သင့်အရေပြားအခြေအနေနဲ့ ပတ်သက်ပြီး အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် microdermabrasion ဟာ သင့်အတွက် မှန်ကန်သင့်တော်တဲ့ နည်းလမ်းဟုတ်မဟုတ်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement