backup og meta

သင့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ နည်းလမ်း ငါးသွယ်


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ နည်းလမ်း ငါးသွယ်

    ခန္ဓါကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကိုထိန်းပေးပြီး လှုပ်ရှားမှုတိုင်းမှာ အလေးချိန်ညီညီမျှမျှနဲ့ မတ်မတ်ရပ်နိုင်အောင်ထောက်ပံ့ထား၊ ထိန်းထားတဲ့ ခြေထောက် ဆိုတာ ခန္ဓါကိုယ်ရဲ့ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခြေထောက်တွေကို ထိခိုက်စေနိုင်တဲ့အကြောင်းတွေအများကြီးရှိပါတယ်။ တချို့အကြောင်းတွေက မွေးရာပါတွေဖြစ်ပေမယ့် မွေးရာပါမဟုတ်သော အကြောင်းအများစုကိုတော့ ပုံမှန် နေ့စဉ်ဂရုစိုက်မှုလေးနဲ့ ရှောင်ရှားနိုင်တယ်။

    ၁။ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကို ရှောင်ပါ

    ခြေဗလာနဲ့ လျှောက်သွားခြင်းဟာ သင့်ခြေဖဝါးကို များစွာ ထိခိုက်စေပါတယ်။ ခြေဖဝါးဟာ မြေပြင်ရဲ့အပူကိုခံစားရပြီး အပူလောင်ကာ ထိခိုက်နိုင်တယ်။ ခံစားလို့ကောင်းတဲ့ မြက်ခင်း အေးအေးလေးပေါ်မှာတောင် မမျှော်လင့်တဲ့ ထိခိုက်ရှနာ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေအများကြီး ရှိနေပါတယ်။

    ၂။ လေ့ကျင့်ခန်းလုပ်ပါ

    ခြေဗလာနဲ့ မသွားရဘူးဆိုတာနဲ့ လမ်းမလျှောက်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ လမ်းလျှောက်ခြင်းဟာ ခြေဖဝါးပေါ် ဖိအားပေးတယ်ဆိုပေမယ့် ခြေဖဝါးကြွက်သားတွေသန်မာဖို့ နေ့စဉ် လေ့ကျင့်ခန်းတော့ လိုပါသေးတယ်။ နေ့စဉ်လမ်းလျှောက်ခြင်းဟာ ကြွက်သားတွေကို သန်မာပြီး ကျုံ့ ဆန့် သတ္တိကောင်းစေတယ်။ ဒါပေမယ့် လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ ရှိပြီး သင်နဲ့တော်တဲ့ ဖိနပ်ကို စီးဖို့တော့ မမေ့ပါနဲ့။ လမ်းလျှောက်ခြင်းကြောင့် ခြေထောက်တွေ ခြေဖဝါးတွေ ရောင်ရမ်းခြင်းမျိုးဖြစ်လာရင်တော့ ဒါဟာ လမ်းလျှောက်နေစဉ်မှာ ခြေထောက်ဟာ ကိုယ်အလေးချိန်ကို ပုံစံမှန်မှန်နဲ့ ထိန်းပေးနိုင်ဖို့ ခြေထောက်ကို ထောက်ပံ့ပေးမယ့် အရာတွေလိုနေတာ ဖြစ်နိုင်ပါတယ်။

    ၃။ သင်နဲ့တော်သော ဖိနပ်ကို စီးပါ

    သင့်ခြေထောက်နဲ့မတော်တဲ့ ဖိနပ်ကို စီးခြင်းဟာ ခြေဖဝါးကို ပုံစံမျိုးစုံနဲ့ထိခိုက်စေပါတယ်။ အရွယ်သေးတဲ့ဖိနပ်တွေကြောင့် ခြေချောင်းလေးတွေကွေးခြင်း၊ ခြေစွယ်ငုတ်ခြင်း၊ အသားမာတက်ခြင်း နဲ့ ခြေထောက်နာကျင်မှုတွေ ဖြစ်နိုင်တယ်။ ဆိုဒ်ကြီးတဲ့ ဖိနပ်တွေကျတော့ ခြေထောက်ကို ငြိမ်ငြိမ် မထိန်းထားနိုင်တာကြောင့် အရည်ကြည်ဖုများပေါက်ခြင်း၊ အသားမာတက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စီးဖို့အတွက်ကတော့ သက်တောင့်သက်သာရှိမယ့် ဖိနပ်ပါးလေးတွေကအကောင်းဆုံးပါပဲ။

    တချို့ဖိနပ်တွေက ခြေထောက်နဲ့ ကွက်တိတော်ပေမယ့် ခြေထောက်အတွက် မသင့်တော်တာတွေရှိပါသေးတယ်၊ အထူးသဖြင့် ဒေါက်ဖိနပ်တွေပေါ့။ သုံးလက်မမြင့်ဒေါက်တွေဟာဆိုရင် ကိုယ်အလေးချိန်ရဲ့ ခုနှစ်ဆလောက်ဖိအားရှိပါတယ်။

    ဖိနပ်ကို မည့်သည့် အရာတွေနဲ့ ပြုလုပ်ထားတယ် ဆိုတာကိုလည်း အလေးပေးသင့်ပါတယ်။ ခြေဆီထွက်တာကို ရှောင်လို့မရပေမယ့် သားရေ၊ ချည် စသည့် သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဖိနပ်တွေဟာ ခြေထောက်ကို အေးစေပြီး အစိုဓါတ်ထိန်းပေးနိုင်မှာပါ။ ဒါ့အပြင် တစ်ရက်နဲ့ တစ်ရက် ဖိနပ်လဲစီးခြင်းဟာလည်း ခြေဆီတွေကြောင့်စိုစွတ်ထားတဲ့ ဖိနပ်ကို ခြောက်သွေ့ချိန် ပေးလိုက်နိုင်သလို ဖြစ်ပါလိမ့်မယ်။

    ရှူးဖိနပ်တွေစီးရရင် ခြေအိတ်ဝတ်ခြင်းဟာလည်း သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ တစ်ခုဖြစ်လာပါလိမ့်မယ်။ ခြေအိတ်တွေဟာ ရှူးဖိနပ်တွေကြောင့် ခြေထောက်တွေ ပွန်းပဲ့ထိရှခြင်းကို ကာကွယ်ပေးတဲ့အပြင် ခြေဆီတွေ၊ စွတ်စိုမှုတွေကိုလည်း စုပ်ယူပေးတယ်။ အကောင်းဆုံး ခြေအိတ်ကတော့ ချည်၊ သိုးမွေးတွေလို သဘာဝအမျှင်တွေနဲ့ ရက်လုပ်ထားတာတဲ့ ပစ္စည်းတွေပဲဖြစ်တယ်။

    ၄။ ခြေထောက် ဆေးပါ

    ခြေဖဝါးတွေဟာ ဖိနပ်တွေထဲမှာ ချွေးတွေ၊ အဆီတွေနဲ့ အချိန် အကြာကြီး ရှိနေရတာ ဖြစ်တဲ့အတွက် ခြေချောင်းတွေကြားဟာ ဘက်တီးရီးယားနဲ့ မှိုတွေအတွက် နေစရာ တစ်ခု ဖြစ်လာပါတယ်။ ခြေထောက်ပုံမှန် မဆေးပါက အနံ့ဆိုးတွေထွက်လာမယ်၊ မှိုစွဲစေမယ်၊ အခြားသော အရေပြားပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။

    ခြေထောက်ကိုသန့်စင်ဖို့ အထူးစပယ်ရှယ် ခြေထောက်ဆေးနည်းတွေ မလိုပါဘူး။ ရေချိုးပြီးတဲ့အခါ သေချာ ခြောက်သွေ့စေဖို့ပဲ အရေးကြီးတာပါ။

    ၅။ အခြားဂရုပြုရန် နည်းများ

    • တောင်တက်တဲ့အခါ၊ ဝေးဝေးလံလံသွားတဲ့အခါမှာ ဖိနပ်အသစ်အစား စီးနေကျအဟောင်းကိုပဲ စီးသင့်ပါတယ်။
    • အရည်ကြည်ဖုတွေကို မဖောက်ပစ်ပါနဲ့။ ရောဂါ ပိုးဝင်နိုင်တာကြောင့် ခရင်မ်တစ်မျိုးလိမ်းကာ ပလာစတာ ကပ်ထားသင့်ပါတယ်။ အရည်ကြည်ဖုတွေမဖြစ်ဖို့ Vaseline ခရင်မ်က အကောင်းဆုံး ကာကွယ်နည်း တစ်မျိုးလည်းဖြစ်တယ်။
    • ခြေထောက်ကို ထောက်ပံ့ဖို့ သုံးတဲ့ ဖိနပ် အခုအခံတွေဟာလည်း ကူရှင်ပါပြီး နူးညံ့တာမျိုးသာ ဖြစ်ပါစေ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement