သင်က ရင်သွေးကို နို့ချိုတိုက်ကျွေးမယ်ဆိုရင် ရင်သားထိပ်ခေါင်းတွေက နာကျင်ပြီး အရေပြားအက်ကွဲလာနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုတိုက်ကျွေးနေတဲ့ အချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်က နို့ရည် ထုတ်လုပ်နိုင်တဲ့ ပမာဏက ပိုများနေမယ်ဆိုရင် နို့ရည်တွေက ရင်သားအတွင်း ပိတ်မိနေပြီး နို့သယ်ပြွန် အနီးမှတစ်ရှူးတွေက ရောင်ကိုင်းလာကာ နို့သယ်ပြွန်ကို ဖိမိစေပြီး ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီလို နို့သယ်ပြွန်တွေ ပိတ်မိနေတာကို မကုသဘဲ ထားမယ်ဆိုရင် mastitis လို့ခေါ်တဲ့ နို့အုံရောင်ရမ်းနာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုနို့အုံရောင်ရမ်းနာ ဖြစ်ပြီဆိုရင် ပိုးဝင်တဲ့လက္ခဏာ တွေကို ခံစားလာရမှာ ဖြစ်ပြီး ရင်သားရောင်ရမ်းနာကျင်ပြီး နီရဲလာတာကို တွေ့ရမှာပါ။ ဒီလို ရောဂါ လက္ခဏာတွေ တွေ့လာရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသင့်ပါတယ်။
အသက် ၄၀ ကျော်နဲ့ အထက် အမျိုးသမီးများအတွက် ရင်သား ကျန်းမာရေး။
အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်က အိုမင်းလာတာ သဘာဝပါပဲ။ ဒီလိုပဲ ရင်သားတွေမှာ နို့ရည်ထုတ်လုပ်တဲ့ ဂလင်းတွေက ရှုံ့သွားပါတော့တယ်။ ဒီဂလင်းတွေနေရာမှာ အဆီတစ်ရှူးတွေ ဝင်လာတာကြောင့် ရင်သားက အရင်ကထက်ပိုကြီးလာပြီး ပိုပြီး အိကျလာမှာလည်း ဖြစ်ပါတယ်။
ဒီလိုပဲ အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ ခံစားရနိုင်ခြေကလည်း ပိုပြီးများလာမှာပါ။ ဒီအသက်အရွယ်အပိုင်းအခြားရောက်လာပြီဆိုရင် mammogram ဆိုတဲ့ X-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးပေးတဲ့ စနစ်တစ်မျိုးနဲ့ အဖုအကျိတ်တွေနဲ့ တစ်ရှူးတွေ ပုံမှန်မဟုတ်တာကို စစ်ဆေးသင့်ပါတယ်။
တစ်ခါတစ်ရံမှာ mammogram ဟာ ကင်ဆာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ တစ်ရှူးဧရိယာတွေကိုပါ ပြသပေးတဲ့ အတွက် ဒီလိုမျိုး mammogram မှာ ကင်ဆာလို့ ထင်ရတဲ့ အဖုအကျိတ်တွေ တွေ့ပြီဆိုရင် နောက်ထပ်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သင့်ပါတယ်။
ကျန်းမာရေး အဖွဲ့အစည်းအများစုကတော့ အသက် ၄၀အထက် အမျိုးသမီးတွေက တစ်နှစ်ကနေ ၂ နှစ်အတွင်း တစ်ကြိမ်လောက်ပုံမှန် ရင်သားကျန်းမာရေး စစ်ဆေးသင့်ကြောင်းဆိုထားကြပါတယ်။
ဘယ်လို အသက်အရွယ်မျိုးမှာမဆို ရင်သားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေ။
အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ် သင့်မှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေ ရှိနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို နည်းပါးစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့
- အရက်သေစာကို တစ်နေ့တစ်ခွက်ထက် ပိုမသောက်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားခြင်း တို့ဖြစ်ပါတယ်။
- ဒါ့အပြင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အသီးအရွက်တွေကို စားသုံးပေးဖို့လည်း လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။