backup og meta

ကျန်းမာတဲ့ ရင်သား တွေကို ပိုင်ဆိုင် ရရှိစေနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာတဲ့ ရင်သား တွေကို ပိုင်ဆိုင် ရရှိစေနိုင်မယ့် နည်းလမ်းများ

    ရင်သား ကင်ဆာ ဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပါ။ မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မှတ်တမ်းရှိမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက ပိုပြီးမြင့်ပါတယ်။ အသက်အရွယ်ရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏတွေ ပြောင်းလဲလာမှုကြောင့် ရင်သားက စတင်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ရင်သားက ပိုပြီး ပျော့ကာ တွဲကျလာမှာ ဖြစ်ပါတယ်။

    ဒီလို ဖြစ်ရပ်တွေအပြင် နောက်ထပ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ အကျိတ်တွေနဲ့ ရင်သားကင်ဆာပါပဲ။ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမြန်ဆုံး သိရှိနိုင်ဖို့ အတွက် ပုံမှန်ဆေးစစ်မှု ခံယူဖို့က အရမ်းအရေးကြီးပါတယ်။

    အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အလှအပကို မျက်ခြေမပျက် အမြဲစောင့်ကြည့်နေသလိုမျိုး ရင်သားတွေကိုလည်း အမြဲတမ်းပုံမှန်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ ရင်သားပေါ်က ပြောင်းလဲမှုတွေကို စစ်ဆေးဖို့အတွက် စစ်ဆေးနည်းတွေကို ဆရာဝန်များထံမှ သင်ယူပြီး မိမိဘာသာ အိမ်မှာနေရင်းနဲ့လည်း စမ်းသပ်သင့်ပါတယ်။

    ဘယ်လို ရင်သားမျိုးက ပုံမှန်လဲ၊ ဘယ်လိုရင်သားမျိုးက ပုံမှန်မဟုတ်ဘူးလဲ။

    တစ်ခါတစ်ရံမှာ သင့်ရဲ့ ရင်သားက ပုံမှန်မဟုတ်ဘူးလို့ ခံစားမိကြမှာပါ။ ဒါပေမဲ့ အမျိုးသမီး အများစု ပုံမှန် မဟုတ်ဘူးလို့ ထင်တတ်တဲ့ အရာ အများစုက ပုံမှန်ဖြစ်နေတဲ့ အကြောင်းရာတွေသာ ဖြစ်ပါတယ်။ ဥပမာအားဖြင့်-

    • ရင်သားတွေဟာ အရွယ်အစား အနည်းငယ်ကွာနေမယ်ဆိုရင်၊
    • ရင်သားတစ်ဖက်က တခြားတစ်ခုထက် အနည်းငယ်တွဲကျနေမယ်ဆိုရင်၊
    • ရင်သားထိပ်ခေါင်းမှာ အမွေးအမျှင် အချို့ရှိနေမယ်ဆိုရင်၊
    • ဓမ္မတာ မတိုင်ခင်နဲ့ လာနေစဉ်မှာ ရင်သားတွေက နာကျင်နေမယ်ဆိုရင် ဒီအရာတွေကပုံမှန်ဖြစ်စဉ်တွေသာ ဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။

    အောက်ပါ အချက်တွေကို တွေ့ရရင်တော့ သင့်အနေနဲ့ ဆရာဝန်ထံ ပြသသင့်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်စဉ်တွေ မဟုတ်ပါဘူး။

    • ရင်သားပေါ်မှာ အရင်က မရှိခဲ့တဲ့ အဖုအကျိတ်တစ်ခု ထွက်ပေါ်လာခြင်း၊
    • ရင်သား၊ ညှပ်ရိုးနဲ့ ချိုင်းကြားနားတစ်ဝိုက် ရောင်ရမ်းလာခြင်း၊
    • ရင်သားထိပ်ခေါင်းတစ်ဝိုက် ခြောက်သွေ့ အက်ကွဲနေတဲ့ လိမ္မော်ခွံ အရောင်လိုမျိုး အနီရောင် အရေပြားတွေကို တွေ့လာရခြင်း၊
    • သွေးနဲ့ တခြား အရည်တွေ ရင်သားထိပ်ခေါင်းမှ ထွက်လာခြင်း၊
    • ရင်သားတွင် ပူလောင်ခြင်းနဲ့ ယားယံလာခြင်း၊

    ဒီလက္ခဏာတွေ ဖြစ်လာပြီဆိုတာနဲ့ ရောဂါဖြစ်နေတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သေချာအောင်လို့ ဆရာဝန်နဲ့ သွားရောက်ပြသပြီးတော့ စစ်ဆေးသင့်ပါတယ်။ ဒီအချက်တွေဟာ သာမန်အားဖြင့် အလွယ်တကူ ကုသလို့ရတဲ့ ယားယံခြင်းနဲ့ ရောဂါပိုး ကူးစက်ခံရခြင်းရဲ့ လက္ခဏာဖြစ်ကြပေမယ့် တစ်ခါတစ်ရံ ကင်ဆာရောဂါရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်။

    ဒါ့အပြင် ရင်သားထိပ်ခေါင်းတွေက အရင်က ရင်သားအပြင်ထွက်နေရဲ့သားနဲ့ ရင်သားအတွင်းဘက် ရုတ်တရက် ဝင်သွားရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ သင်ဟာ နဂိုကတည်းက အတွင်းဘက် ဝင်နေတဲ့ ရင်သားထိပ်ခေါင်းတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ပြသစရာမလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ဟာ အတွင်းဘက်ဝင်နေတဲ့ ရင်သားထိပ်ခေါင်းတွေ ပိုင်ဆိုင်ထားကြလို့ပါ။ အရင်ကတည်းက ဒီလိုပုံစံဖြစ်နေတယ်ဆိုရင်တော့စိုးရိမ်စရာမဟုတ်ပါဘူး။

    ရင်သားကင်ဆာရဲ့ အန္တရာယ်ကို အမြဲ ဂရုပြုပါ။

    ရင်သားကင်ဆာဟာ အမျိုးသမီးတွေ အားလုံး အထူးသတိထားရမယ့် ရောဂါပါ။ ပတ်ဝန်းကျင်မှာလည်း ရင်သားကင်ဆာကြောင့် အသက် ဆုံးရှုံးခဲ့ကြတဲ့ အမျိုးသမီးတော်တော်များများကို တွေ့ဖူးကြမှာပါ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်မှု လုပ်ဆောင်တဲ့အနေနဲ့ ရင်သားကင်ဆာ ဖြစ်စေနိုင်မယ့် အန္တရာယ်တွေကို ဆရာဝန်နဲ့ တိုင်ပင်ကာ ရှောင်ရှားနိုင်သလောက် ရှောင်ရှားပါ။

    ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ဆိုတာ ဥပမာ ပြောရရင်

    • အရက်သောက်ခြင်း
    • မိသားစုမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးသူရှိခြင်း
    • ကလေးမရှိခြင်း
    • အသက် ၃၀ ကျော်မှ ကလေးရခြင်း
    • အသက် ၁၂နှစ်မတိုင်ခင် ပထမဆုံး ဓမ္မတာ ဝင်ပြီး သွေးဆုံးချိန် ပုံမှန်ထက်နောက်ကျတဲ့ အမျိုးသမီးတွေ
    • သွေးဆုံးချိန် ဟော်မုန်းဆေးတွေကို ၅ နှစ်အထက် သောက်သုံးလာခဲ့တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ်ပိုများပါတယ်။
    • သင့်အနေနဲ့ သန္ဓေတားဆေးတွေ သောက်သုံးနေတယ်ဆိုရင်လည်း သန္ဓေတားဆေးတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်မားနိုင်စေတဲ့အတွက် ဒီအချက်တွေကို ကြိုတင်စဉ်းစားပြီး ဘယ်လို သန္ဓေတားနည်း မှီဝဲရမလဲဆိုတာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချိုတိုက်ကျွေးချိန်မှာ ဖြစ်ပေါ်တဲ့ ရင်သား ပြောင်းလဲမှုများ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားတွေ ပိုကြီးလာမယ်၊ နာကျင်လာမယ်၊ ရင်သားထိပ်ခေါင်းတွေ ပိုမည်းလာမယ်၊ သွေးကြောတွေ ပိုပေါ်လာမယ်၊ ရင်သားတစ်ရှူးတွေမှာ အရည်တွေ ပိုပြည့်လာတယ်ဆိုတာ သဘာဝ ဖြစ်စဉ်တစ်ရပ်ပါ။

    အရည်တွေ ပြည့်နေတဲ့ အဖုတွေနဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေဟာ ကိုယ်ဝန်ဆောင်ချိန် ပေါ်လာတတ်ပြီး ပိုကြီးလာတတ်ပါတယ်။ ဒီလို အဖု၊ အကျိတ်အများစုက ကင်ဆာ မဟုတ်တဲ့အတွက် စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားတာက အကောင်းဆုံးပါပဲ။

    ကလေးမွေးဖွားပြီးချိန်မှာလည်း ရင်သားတွေက အနည်းငယ်ရောင်ကိုင်းနေပြီး နို့ရည်တွေနဲ့ ပြည့်နေမှာပါ။ ဒီလို ဖြစ်နေတဲ့အတွက် ရင်သားက နာကျင်လာနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးခြင်းက ဒီအချက်တွေကို သက်သာစေနိုင်ပါတယ်။

    သင်က ရင်သွေးကို နို့ချိုတိုက်ကျွေးမယ်ဆိုရင် ရင်သားထိပ်ခေါင်းတွေက နာကျင်ပြီး အရေပြားအက်ကွဲလာနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုတိုက်ကျွေးနေတဲ့ အချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်က နို့ရည် ထုတ်လုပ်နိုင်တဲ့ ပမာဏက ပိုများနေမယ်ဆိုရင် နို့ရည်တွေက ရင်သားအတွင်း ပိတ်မိနေပြီး နို့သယ်ပြွန် အနီးမှတစ်ရှူးတွေက ရောင်ကိုင်းလာကာ နို့သယ်ပြွန်ကို ဖိမိစေပြီး ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ဒီလို နို့သယ်ပြွန်တွေ ပိတ်မိနေတာကို မကုသဘဲ ထားမယ်ဆိုရင် mastitis လို့ခေါ်တဲ့ နို့အုံရောင်ရမ်းနာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုနို့အုံရောင်ရမ်းနာ ဖြစ်ပြီဆိုရင် ပိုးဝင်တဲ့လက္ခဏာ တွေကို ခံစားလာရမှာ ဖြစ်ပြီး ရင်သားရောင်ရမ်းနာကျင်ပြီး နီရဲလာတာကို တွေ့ရမှာပါ။ ဒီလို ရောဂါ လက္ခဏာတွေ တွေ့လာရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသင့်ပါတယ်။

    အသက် ၄၀ ကျော်နဲ့ အထက် အမျိုးသမီးများအတွက် ရင်သား ကျန်းမာရေး။

    အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်က အိုမင်းလာတာ သဘာဝပါပဲ။ ဒီလိုပဲ ရင်သားတွေမှာ နို့ရည်ထုတ်လုပ်တဲ့ ဂလင်းတွေက ရှုံ့သွားပါတော့တယ်။ ဒီဂလင်းတွေနေရာမှာ အဆီတစ်ရှူးတွေ ဝင်လာတာကြောင့် ရင်သားက အရင်ကထက်ပိုကြီးလာပြီး ပိုပြီး အိကျလာမှာလည်း ဖြစ်ပါတယ်။

    ဒီလိုပဲ အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ ခံစားရနိုင်ခြေကလည်း ပိုပြီးများလာမှာပါ။ ဒီအသက်အရွယ်အပိုင်းအခြားရောက်လာပြီဆိုရင် mammogram ဆိုတဲ့ X-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးပေးတဲ့ စနစ်တစ်မျိုးနဲ့ အဖုအကျိတ်တွေနဲ့ တစ်ရှူးတွေ ပုံမှန်မဟုတ်တာကို စစ်ဆေးသင့်ပါတယ်။

    တစ်ခါတစ်ရံမှာ mammogram ဟာ ကင်ဆာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ တစ်ရှူးဧရိယာတွေကိုပါ ပြသပေးတဲ့ အတွက် ဒီလိုမျိုး mammogram မှာ ကင်ဆာလို့ ထင်ရတဲ့ အဖုအကျိတ်တွေ တွေ့ပြီဆိုရင် နောက်ထပ်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သင့်ပါတယ်။

    ကျန်းမာရေး အဖွဲ့အစည်းအများစုကတော့ အသက် ၄၀အထက် အမျိုးသမီးတွေက တစ်နှစ်ကနေ ၂ နှစ်အတွင်း တစ်ကြိမ်လောက်ပုံမှန် ရင်သားကျန်းမာရေး စစ်ဆေးသင့်ကြောင်းဆိုထားကြပါတယ်။

    ဘယ်လို အသက်အရွယ်မျိုးမှာမဆို ရင်သားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေ။

    အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ် သင့်မှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေ ရှိနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို နည်းပါးစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့

    • အရက်သေစာကို တစ်နေ့တစ်ခွက်ထက် ပိုမသောက်ခြင်း
    • ဆေးလိပ်ဖြတ်ခြင်း
    • ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားခြင်း တို့ဖြစ်ပါတယ်။
    • ဒါ့အပြင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အသီးအရွက်တွေကို စားသုံးပေးဖို့လည်း လိုပါတယ်။

    ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့၊ ပျောက်ကင်းစေနိုင်တဲ့ အစားအစာ ဆိုတာမျိုး မရှိပေမယ့် သင့်ရဲ့ အစားအစာ စားသုံးပုံကို ပြောင်းလဲလိုက်ခြင်းဖြင့် ရင်သားကင်ဆာကို အများကြီးကာကွယ်နိုင်ပါတယ်။ ရင်သားကင်ဆာဆိုတာ အသက်အရွယ်၊ မိသားစု ကျန်းမာရေး၊ မျိုးရိုးဗီဇစတဲ့ အကြောင်းရင်းတွေ ပေါင်းစုံပြီးမှ ဖြစ်လာတဲ့ ရောဂါ တစ်မျိုးပါ။

    လေ့လာသူတွေရဲ့ အဆိုအရတော့ အစားအသောက်တွေက ကင်ဆာရောဂါ အားလုံးကို ဖြစ်စေတဲ့ အကြောင်းတရားထဲမှာ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ သက်ရောက်နေတဲ့ အရာလို့ ဆိုထားကြပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ အစားအသောက်တွေ ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက်စိတ်ချရမှာ အမှန်ပါပဲ။ အဲ့ဒါတွေကတော့-

    • ကိုက်လန်၊ ခရမ်းချဉ်သီး၊ ရှောက်သံပရာမျိုးနွယ်ဝင်အသီးများကိုစားသုံးပေးခြင်း။
    • အမျှင်ဓာတ်ကြွယ်ဝတဲ့ ဂျုံစပါးနဲ့ ပဲတောင့်များ။
    • အဆီနည်း နွားနို့နဲ့ ဒိန်ချဉ်လို နွားနို့ထွက် ပစ္စည်းများ။
    • ပဲသီးထွက် ပစ္စည်းများ၊
    • ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတို့ ဖြစ်ကြပါတယ်။

    ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ကျင့်သုံးတာက ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီတော့ သင်ဟာ ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ အထက်ပါ အလေ့အကျင့်တွေ မရှိသေးဘူးဆိုရင် အမြန်ဆုံး ကျင့်သုံးကြဖို့ ကျွန်တော်တို့ Hello ဆရာဝန်မှ တိုက်တွန်းလိုက်ပါရစေ။

    ရေးသားသူ -Arkar Hein

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement