backup og meta

အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ


Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ

    အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ

    ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်စားသုံးပေးဖို့ ဆိုတာ လူတိုင်း အတွက် အရေးကြီးပါတယ်။ ဒီအထဲမှာမှ တစ်ချို့သော အစားအစာတွေက အမျိုးသမီးတွေရဲ့ အရိုးကြွပ်ဆပ်ခြင်းကို တားဆီးပေးခြင်း၊ သန္ဓေသားအတွက်ကောင်းမွန်ခြင်းနဲ့ ရင်သားကင်ဆာကို တားဆီးပေးနိုင်ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အတွက် အထူးသင့်တော်တဲ့အာဟာရတွေ စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အသက်အရွယ်ရလာချိန်အထိတောင် အထူးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    (၁) ကိုက်လန်

    ကိုက်လန်ဆိုတာ ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံး အသီးအနှံလို့တောင်ပြောလို့ရပါတယ်။ ကိုက်လန်မှာပါတဲ့ အာဟာရတွေက အမျိုးသမီးတွေရဲ့ အရေပြား၊ ဆံပင်နဲ့ အရိုးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက်လည်း အစာခြေ စနစ်အတွက်ကောင်းမွန်ပြီး နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ ဗီတာမင် K ၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့ပါဝင်ပြီး ကိုက်လန်ဟင်းတစ်ပွဲမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် A နဲ့ C တို့ ပါဝင်နေပါတယ်။

    (၂) ကညွတ်တစ်မျိုး။ (Asparagus)

    Asparagus ကညွတ်တွေဟာ ဗီတာမင် K ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံဖြစ်ပြီး ဗီတာမင် K ကို သွေးခဲစေတဲ့ ဗီတာမင်လို့ လည်း လူသိများပါတယ်။ ဗီတာမင် K ဟာ သွေးခဲစေခြင်းဖြင့် အလွန်အကျွံသွေးထွက်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ လေ့လာချက် အများစုအရ ဗီတာမင် K ဟာ အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်ပြီး အရိုးကျိုးအက်နှုန်းကိုလည်း နည်းပါးစေပါတယ်။ ဒါ့အပြင် ဗီတာမင် K ဟာ သွေးလွှတ်ကြောများ မာကြောလာခြင်းကိုလည်း ကာကွယ်ပေးပြီး သန္ဓေတည်ရာမှာ ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်များကိုလည်း ကာကွယ်ပေးပါတယ်။

    (၃) ပဲသီးတောင့်များ

    ပဲများဟာ အမဲသားတွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ်နည်းပါးပြီး အဆီမပါဝင်ဘဲ ပရိုတင်းပမာဏများတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ပဲများဟာ အမျှင်ဓါတ်လည်း ကြွယ်ဝပြီး သွေးဖိအား၊ သွေးထဲ သကြားပမာဏနဲ့ နှလုံးခုန်နှုန်းကိုလည်း နည်းပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲများဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

    (၄) Edamame (ပဲသီးတောင့်)

    Edamame ဆိုတာ မရင့်သေးတဲ့ ပဲသီးတောင့်တွေကို ပြုတ်ပြီး ဆားနဲ့ ဆားသုံးကြတဲ့ အစားအစား ဖြစ်ပါတယ်။ ဒီအစားအစာတွေဟာ စေးကပ်တဲ့ ပရိုတင်းမပါဝင်ဘဲ ကယ်လိုရီနည်းပါးပြီး ကိုလက်စထရော လည်း လုံးဝမပါဝင်ပါဘူး။ edamame တွေဟာ ပရိုတင်းဓါတ်၊ အိုင်ယွန်းဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး သက်သက်လွတ်သမားများအတွက် အဓိက ပရိုတင်းရစေနိုင်မယ့် အစားအစာတစ်မျိုး လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အထူးခြားဆုံးကတော့ ဒီပဲတောင့်စေ့တွေမှာ အီစထရိုဂျင် ဟော်မုန်းနဲ့ တူတဲ့ Isoflavones ဟော်မုန်းလည်း ပါဝင်ပြီး ဒီ အီစထရိုဂျင်နဲ့ တူတဲ့ Isoflavones က ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သွေးဆုံးချိန်မှာဆိုရင် Isoflavones က သွေးဆုံးချိန် အပူဓါတ်ခံစားရခြင်းကို သက်သာစေနိုင်ပါတယ်။

    (၅) ရှောက်ချိုသီး

    ရှောက်ချိုသီး (grapefruit) ဟာ ၁၈ ရာစုခန့်မှာ pomelo လို့ခေါ်တဲ့ ရှောက်မျိုးနွယ်ဝင် အသီးကြီးတစ်မျိုးနဲ့ လိမ္မော်သီးတို့ မျိုးစပ်ဖောက်ခဲ့ရာမှ ဖြစ်ပေါ်ခဲ့တဲ့ အသီးတစ်မျိုး ဖြစ်ပြီး စပျစ်သီးလို မျိုး အပြွတ်အခိုင်လိုက် သီးတတ်တဲ့ သစ်သီးတစ်မျိုး ဖြစ်တာကြောင့် grapefruit လို့နာမည်ပေးထားကြတာ ဖြစ်ပါတယ်။ grapefruit တွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အသားအရေကို ကြည်လင်စေပြီး ရောဂါများစွာကို ကာကွယ်ပေးနိုင်တဲ့ အပြင်

    ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးနဲ့ grapefruit မှာ ပါဝင်တဲ့ Flavonoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်းတွေ စားသုံးခြင်းဖြင့် လေဖြတ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ grapefruit ပမာဏများများ စားသုံးတဲ့ သူတွေဟာ မစားသုံးသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းအထိ နည်းပါးပါတယ်။ ဒါပေမဲ့ ရှောက်ချိုသီးတွေက ဆေးဝါးတော်တော်များများနဲ့ ဓါတ်မတည့်တဲ့ အတွက် စားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ

    စားသုံးသင့်ပါတယ်။

    (၆) ဘယ်ရီသီးတွေနဲ့ ချယ်ရီသီးများ

    ချယ်ရီသီးနဲ့ ဘယ်ရီသီးတွေဟာ Flavonoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်းတွေနဲ့ antioxidant တို့ပါဝင်တဲ့အတွက် ဆဲလ်တွေ ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C တွေပါဝင်တဲ့ အတွက် အရေပြားနူးညံ့ချောမွတ်စေနိုင်ပါတယ်။

    (၇) သင်္ဘောသီး။

    သင်္ဘောသီးတွေမှာ beta carotene လို့ခေါ်တဲ့ antioxidant အပြင် ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာပါဝင်တဲ့ lycopene အနီရောင်ခြယ် antioxidant လည်း ပါဝင်ပါတယ်။ lycopene ဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ကျစေနိုင်ပြီး ကိုလက်စထရောနဲ့ သွေးဖိအားပမာဏကိုလည်း ထိန်းသိမ်းပေးထားနိုင်တဲ့အတွက် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    (၈) ဒိန်ချဉ်။

    အသက် ၅၀ ကျော်တဲ့ အမျိုးသမီးတွေဟာ ငယ်စဉ်ကထက် ကယ်ဆီယမ် ဓါတ်ပိုလိုအပ်ပါတယ်။ ဒိန်ချဉ် ၈ အောင်စ စားသုံးပေးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏ သုံးပုံ တစ်ပုံကို ပေးနိုင်ပါတယ်။ ဒိန်ချဉ် ၈ အောင်စ မှာ ပရိုတင်း ၉ ဂရမ်ပါဝင်ပြီး ကယ်ဆီယမ် vitamin B-2၊ vitamin B-12၊ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်တွေမှာပါဝင်တဲ့ “probiotics” ဘတ်တီးရီးယားတွေဟာ အစာခြေ လမ်းကြောင်းမှာ

    ပါဝင်တဲ့ ဘတ်တီးရီးယားတွေနဲ့ အတူတူ ဖြစ်ပြီး ဒီဘတ်တီးရီးယားတွေက ကိုယ်ခံအားစနစ်နဲ့ အစာခြေလမ်းကြောင်း ကျန်းမာရေးအတွက ်ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေ လည်း ဖြစ်ပါတယ်။

    (၉) ငါးသေတ္တာ ငါး (Sardines)။

    ငါးသေတ္တာ ငါး (Sardines) တွေဟာ fatty acid ၊ vitamin D နဲ့ ကယ်လဆီယမ် ဓါတ်တွေ ပါဝင်ပြီးomega-3 အဆီဓါတ်က အမျိုးသမီးတွေရဲ့ နို့ရည် အရည်အသွေးကို ကောင်းမွန်စေပါတယ်။ ငါးသေတ္တာ ငါးတွေကို ကိုယ်ဝန်ဆောင်တဲ့ အချိန်စားသုံးမယ်ဆိုရင် သန္ဓေသားအတွက်လည်း ကောင်းမွန်ပါတယ်။ ငါးသေတ္တာ ငါးတွေမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မက်ဂနီဆီယမ်၊ ဖော့စ်စဖော်ရပ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နဲ့ ဇင့်ဓါတ်တို့ ပါဝင်ပြီး

    ဗီတာမင်တွေ အနေနဲ့ vitamin B1၊ vitamin B2 ၊ vitamin B6 ၊ vitamin A၊ vitamin D၊ vitamin E နဲ့ vitamin K တို့ ပါဝင်ပြီး ဒီ အက်ဆစ်တွေနဲ့ ဗီတာမင်ဓါတ်တွေက ရောဂါတားဆီးရာမှာ အရေးပါပြီး ခန္ဓါကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ငါးသေတ္တာ ငါး ကို စားသုံးမယ်ဆိုရင် နှလုံးရောဂါများ၊ ကင်ဆာရောဂါအချို့နဲ့အသက်ကြီးလာတဲ့ အချိန် အမြင်အာရုံဝေဝါးလာခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

    (၁၀)နှမ်းကြပ်စေ့( ဗီသွာလျှော်စေ့)။

    နှမ်းကြပ်စေ့တွေမှာ ဖိုင်ဘာမျှင်တွေ အပြင် lignans လိုခေါ်တဲ့ အီစထရိုဂျင်ကဲ့သို့တူတဲ့ အပင် ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ဒီ lignans တွေဟာ အီစထရိုဂျင်နဲ့တူပေမဲ့ ဂုဏ်သတ္တိအားနည်းတဲ့ အပင်ဓါတ်ပေါင်းတွေဖြစ်ပြီး သင့်မှာ အီစထရိုဂျင် ပမာဏများနေမယ်ဆိုရင် ဒီ lignans တွေက ခန္ဓါကိုယ်တွင်းက အီစထရိုဂျင်တွေနဲ့ သွားပေါင်းကာ အီစထရိုဂျင် လုပ်ဆောင်မှုကို အားပျော့စေပါတယ်။ ဒါ့ကြောင့် ဟော်မုန်းနဲ့ ဆက်နွယ်နေတဲ့ ကင်ဆာတွေ ဖြစ်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မျိုးဥအိမ် ကင်ဆာနဲ့ ပရော့စတိတ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ နှမ်းကြပ်စေ့တွေဟာ လူတွေ စားသုံးတဲ့ အစားအစာတွေထဲမှာ lignans ပါဝင်မှု အများဆုံး အစားအစားဖြစ်ပြီး သူ့နဲ့ အတူညီဆုံး နှမ်းစေ့တွေထက် ၇ ဆခန့်

    ပိုပြီး ပါဝင်ပါတယ်။

    (၁၁) သစ်ကြားသီး။

    သစ်ကြားသီးတွေမှာ fatty acids တွေပါဝင်ပြီး နေ့စဉ်စားသုံးပေးနိုင်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ ခန္ဓါကိုယ်တွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ပြီး ဇီဝတွင်းဖြစ်ပျက်မှုကို ပိုကောင်းမွန်လာနိုင်စေခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်းနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် သစ်ကြားသီးတွေဟာ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

    (၁၂) ထောပတ်သီး။

    ဒီအသီးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအစာထဲမှာ ပါဝင်လာတာကိုတော့ အမျိုးသမီး တော်တော်များများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ထောပတ်သီးတွေဟာ ဗိုက်တွင်း အဆီတွေကိုလျှော့ချပေးနိုင်ပြီး မျက်လုံးနဲ့ အရေပြားကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးဟာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ကိုလက်စထရော

    ပမာဏကို နည်းပါးစေနိုင်ပြီး ကျန်းမာရေး အတွက်ကောင်းမွန်တဲ့ ကိုလက်စထရော ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။ ထောပတ်သီးဟာ အာဟာရတန်ဖိုး မြင့်မားတဲ့ အသီး တစ်ခုလည်း ဖြစ်ပြီး ဗီတာမင် အမျိုး ၂၀ ကျော် ( Vitamin K၊ Folate (ဖောလစ် အက်ဆစ်) ၊ Vitamin C၊ Potassium၊ Vitamin B5၊ Vitamin B6၊ Vitamin E) ပါဝင်ပါတယ်။

    (၁၃) ကန်ဇွန်းဥ။

    ကန်ဇွန်းဥမှာတော့ ကြေးနီဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်နဲ့ သံဓါတ်တို့ အဓိက ပါဝင်တဲ့ ဥတစ်မျိုးပါ။ ဒါ့အပြင် ကန်ဇွန်းဥ မှာ beta carotene လို့ခေါ်တဲ့ ဗီတာမင် A ရဲ့ အရင်းအမြစ်တစ်မျိုး ဖြစ်တဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချို့တိုက်ကျွေးချိန်မှာ စားသုံးမယ်ဆိုရင် ရင်သွေးရဲ့ အဆုတ်အားကို ကောင်းမွန်စေပါတယ်။

    (၁၄) အမဲအသည်း။

    အမဲအသည်းဟာလည်း ဖောလစ်အက်ဆစ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပြီး အသီးအနှံတွေ ထက် အာဟာရ ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာ ဖြစ်ပါတယ်။ အမဲအသည်းဟာ အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ၃ အောင်စမှာ အာဟာရဓါတ် ၁၇ ဂရမ်ပေးနိုင်ပါတယ်။ အမဲအသည်းမှာ သံဓါတ်၊ ဗီတာမင် A ၊ B vitamins၊ phosphorous၊ magnesium နဲ့ vitamin B12 တို့ ပါဝင်ပြီး အသီးအနှံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပါဝင်မှု အတိုင်းအတာက ပိုများပါတယ်။

    (၁၅) အမဲသား။

    အမဲသားတွေမှာ သံဓါတ် အစုံအလင်ပါဝင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အသက် ၁၈ နှစ်ကျော်လာပြီဆိုတာနဲ့ အမျိုးသားတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။ အမဲသားဟာ သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အပြင် Zinc ဓါတ်နဲ့ ဗီတာမင် B တို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့ အနီရောင်အသားတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ သားအိမ်မှာ အမျှင်ကြောင့် ဖြစ်တဲ့ အကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အမဲသား စားမယ်ဆိုရင်တော့ တစ်နေ့ကို ၅ အောင်စကနေ ၆ အောင်စကြားသာ စားသုံးသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement