backup og meta

ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ

    ဆေးရှုစက်ဆိုသည်မှာ ပလပ်ပေါက်ကြိုးတပ်ပြီး လျှပ်စစ်ဖြင့်လည်ပတ်ရသော စက်သို့မဟုတ် ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်ဖြစ်ပါသည်။ ထိုစက်သည် ဆေးအရည်များကို ရေမှုန်ကလေးများဖြစ်သွားစေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်သော မျက်နှာဖုံးမှတဆင့် ထိုဆေးငွေ့မှုန်လေးများကို အဆုတ်ထဲသို့ ရှုသွင်းရခြင်းဖြစ်ပါသည်။ ထိုအခါ လူနာသည် ပိုပြီး အသက်ရှုရကောင်းလာစေပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆေးရှုစက်ကို အိမ်တွင် ဘယ်လို အသုံးပြုရမလဲကိုဖော်ပြသွားမည်ဖြစ်ပါသည်။

    ပြင်ဆင်ပုံများ

    1. လက်ဆေးပါ။

    လက်ကို ဆပ်ပြာ၊ ရေများများဖြင့် စက္ကန့် ၂၀ ခန့်ဆေးပြီး ရေများကိုခြောက်အောင် သုတ်ပါ။ ထိုအချိန်တွင် ရေဘုံဘိုင်ခေါင်းကို ပိတ်ထားပါ။

    2. ရှုမည့်ဆေးကို ဆေးရှုစက်အတွင်းသို့ ထည့်ပါ။

    ဆေးရှုစက် အဖုံးကိုဖွင့်ပြီး ရှုမည့်ဆေးကို ထည့်ပါ။ အများစုသော ရှုဆေးများသည် သတ်မှတ်ထားသော ပမာဏအတိုင်း ရှိကြသည်။ သို့သော် သင့်တွင် မရှိပါက ဆရာဝန်ပြောသည့် ပမာဏအတိုင်း ချင်တွယ်ပြီးမှ ထည့်ပါ။ ဆေးများ ထွက်မကျအောင် ဆေးရှုစက်အဖုံးကို လုံအောင်ပိတ်ပါ။ ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်မဟုတ်လျှင် ပလပ်ပေါက်ကိုတပ်ရန်မမေ့ပါနှင့်။

    ဆေးရှုစက်ထဲသို့ ထည်နိုင်သောဆေးများမှာ ဘီတာအားပေးရှုဆေးများ၊ ကိုလင်းဓါတ်ဆန့်ကျင်ဆေးများ၊ အရောင်ကျဆေးများနှင့် ပိုးသတ်ဆေးများ ဖြစ်ပါသည်။ အသက်ရှုလမ်းကြောင်းရောဂါများနှင့် မဆိုင်သော အခြားသော ရှုဆေးများလည်းရှိပါသည်။ ဆေးအားလုံးကို ဆေးရှုစက်နှင့် မရှုနိုင်ကြောင်း သတိပြုရပါမည်။

    ဂျက်ဆေးရှုစက် နှင့် လေဖိအားသုံးဆေးရှုစက်များသည် အများဆုံးအသုံပြုကြသော အမျိုးအစားများ ဖြစ်ပါသည်။ စက်အသစ်များသည် ဆေးအားလုံးကို ရှုသွင်းနိုင်စေရန် ထုတ်လုပ်ထားပါသည်။ ဆေးရှုခြင်းသည် ဆေးရှုစက်၏ အလုပ်လုပ်ပုံ၊ ရေငွေ့များကို ဖြစ်အောင် စက်မှ လုပ်ဆောင်ပေးမှုနှင့် ရှုရသော ဆေးအမျိုးအစားများအပေါ် မူတည်ပါသည်။ ထို့ကြောင့် စက်ကို အသုံးပြုပုံကို တိကျစွာ သိရှိရန် ဆရာဝန်သို့မဟုတ် စက်ကျွမ်းကျင်သူကို မေးမြန်းပါ။

    3. ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းကို တပ်ဆင်ပါ။

    ဆေးရှုစက် ပုံစံအမျိုးမျိုးရှိသော်လည်း အများအားဖြင့် ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းသည်ဆေးရှုစက်၏ အဖုံးနားတွင် ရှိတတ်ကြသည်။ အချို့သော ဆေးရှုစက်များသည် မျက်နှာဖုံးများအစား ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းများ ပါရှိပါသည်။ မျက်နှာဖုံးများသည် ရေရှည်တွင် အရေပြား အနာဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။

    4. အောက်ဆီဂျင်ဗူးနှင့် ဆက်ပါ။

    အောက်ဆီဂျင်ဗူးမှ လေပြွန် တစ်ဖက်ကိုဆေးရှုစက် နှင့် ချိတ်ပါ။ အများစုသော ရှုစက်များတွင် အောက်ဆီဂျင်ဗူးမှ လေပြွန် ကိုဆေးရှုစက် အောက်ခြေနေရာနှင့် ချိတ်ဆက်ရခြင်းဖြစ်သည်။ အခြားတစ်ဖက်ကို ဆေးရှုစက်မှ လေဖိအားပေးစက်နှင့် ချိတ်ဆက်ပါ။

    အသုံးပြုခြင်း

    1. လေဖိအားပေးစက်ကို ဖွင့်ပြီး ဆေးရှုစက်ကို အသုံးပြုပါ။

    ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းကို ပါးစပ်ထဲသို့ ထဲ့ထားစဉ် လျှာပေါ်တွင်ထားပြီး နှုတ်ခမ်းများကို စေ့ထားပါ။ ဖြေးဖြေးချင်းရှုသွင်းပါ။ ပါးစပ်မှတဆင့် ဟိုးအတွင်းဆုံးအဆုတ် နေရာထိရောက်အောင် ရှုသွင်းပါ။

    နှာခေါင်း သို့မဟုတ် ပါးစပ်မှ ရှုထုတ်ပါ။

    အသက်ကြီးသောသူများတွင် နှာခေါင်းပိတ်ထားခြင်းက ဆေးများကို ပါးစပ်မှတဆင့် အဆုတ်ထဲသို့ရောက်သွားစေပါသည်။

    အသက်ငယ်သော ကလေးများတွင် ပါးစပ်ထဲသို့ ထဲ့ရှုသော ပစ္စည်းအစား မျက်နှာဖုံးကို အသုံးပြုနိုင်ပါသည်။ ထိုမျက်နှာဖုံးများသည်လည်း ဆေးရှုစက်အဖုံးတွင် တပ်ဆင်ရခြင်းဖြစ်ပြီး အမျိုးမျိုးသော အရွယ်အစားများဖြင့် တွေ့နိုင်ပါသည်။

    2. ဆေးများကို ဆက်ရှုပေးပါ။

    ဆေးရှုစက်မှ ရေမှုန်များ မထွက်တော့သည်အထိ မတ်မတ်ထိုင်ပြီး ဆေးများကို ဆက်ရှုပေးပါ။

    အများအားဖြင့် ဆေးရှုစက်ထဲတွင်ဆေးများကုန်သွားသည်အထိ ကြာချိန်သည် ၁၀ မိနစ်မှ ၁၅ မိနစ်ဖြစ်ပါသည်။ အချိန်ကုန်မြန်အောင် တီဗီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ ပြုလုပ်နိုင်ပါသည်။

    ကလေးငယ်များကို မူ ပဟေဋိများ ကစားခိုင်းခြင်း၊ ဆေးရောင်ခြယ်ခြင်းများဖြင့် ဆေးရှုချိန်တွင် အာရုံလွှဲထားနိုင်ပါသည်။ အကောင်းဆုံးနည်းလမ်းမှာ ဆေးရှုချိန်တွင် ကလေးကို အမေ့ပေါင်ပေါ်မှာ ချော့သိပ်ထားခြင်းဖြင့် မတ်မတ်အနေအထားလည်း ဖြစ်သွားသလို ဆေးများအားလုံးကိုလည်း အဆုတ်ထဲရောက်သွားစေမည်ဖြစ်ပါသည်။

    3. ဆေးရှုစက်ကို ပိတ်ပါ။ သန့်စင်ပါ။

    ဆေးရှုစက်အဖုံးများကို မထိတွေ့မီ ပလပ်ပေါက်ဖြုတ်ထားကြောင်း သေချာပါစေ။ ဆေးရှုစက်အဖုံးများ၊ နှာခေါင်းဖုံးများကို ရေ၊ ဆပ်ပြားဖြင့် စင်ကြယ်အောင်ဆေးပါ။ ထို့နောက် သန့်ရှင်းသော အဝတ်ဖြင့် သုတ်ပြီး ခြောက်အောင်ထားပါ။ ဆေးရှုပြီးတိုင်းသန့်ရှင်းရေး မှန်မှန်ပြုလုပ်ပေးပါ။

    ပလတ်စတစ်ပိုက်ကို မဆေးပါနှင့် ။ ရေစိုသွားလျှင်လည်း အသစ်လဲလိုက်ပါ။ ဆေးရှုစက်၏ အခြားသော အစိတ်အပိုင်းများကို ဘေစင်ထဲတွင် ထဲ့ပြီး ဆေးကြောခြင်း မပြုလုပ်ပါနှင့်၊ ပလတ်စတစ်ပိုက်များသည် အပူနှင့် ထိတွေ့လျှင် ဓါတ်ပြောင်းလဲမှုများ ဖြစ်ပေါ်သောကြောင့် ဖြစ်ပါသည်။

    4. ဆေးရှုစက်ကို တစ်ပတ်တစ်ခါ ပိုးသတ်ပါ။

    စက်ကို ပိုးသတ်ရန်အတွက် ထုတ်လုပ်သော ကုမ္မဏီ၏ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ပါ။ ဆေးရှုစက်တွင် ပါသော ပလတ်စတစ်ပိုက်မှ လွဲပြီး ကျန် အစိတ်အပိုင်းများကို ဖြုတ်ပြီး ရှာလကာရည်ဖြင့် စိမ်ပါ။ ထို့နောက် ရေနွေးထဲတွင် တစ်နာရီခန့်စိမ်ပါ။ ထိုအစိတ်အပိုင်းများအားလုံးကို ရေအေးဖြင့်ဆေးပါ။ သန့်ရှင်းသော ပဝါဖြင့် ခြောက်အောင်သုတ်ပါ။ ခြောက်သွားပြီဆိုလျှင် ယင်းတို့ကို သန့်ရှင်းသောနေရာတွင် သိမ်းဆည်းပါ။

    ပိုပြီး သန့်ရှင်းမှုရှိစေရန် လူတစ်ယောက်လျှင် ကိုယ်ပိုင်ဆေးရှုစက်တစ်ခု အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

    အချုပ်ဆိုရသော် သင့်မိသားစုဝင်ထဲတွင် အဆုတ်ရောဂါ ခံစားနေရသူများ ရှိပါက ဆေးရှုစက် အသုံးပြုပုံကို သိထားခြင်းသည် သင့်အတွက် ဗဟုသုတလည်း ရစေနိုင်သလို မိသားစုဝင်များကိုလည်း ကူညီနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အနေနှင့် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပေးနိုင်ပါသည်။

    Translated by Sandar Linn

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement