backup og meta

သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ


Dr. Sandar Lin မှ ရေးသားသည်။ · 19/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများစွာရှိသည့်အနက် အဓိကအားဖြင့် အသက်ရှူမဝခြင်းပြဿနာကို အခက်ခဲဆုံးရင်ဆိုင်ရပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို မကုသနိုင်သော်လည်း အသက်ရှူချောင်စေမည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

    ရိုးရှင်းသော ဘဝ

    နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် အိမ်အလုပ်များကို တစ်ပတ်တစ်ခါ ကြိုတင်စီမံထားခြင်းများကို ပြုလုပ်သင့်ပါသည်။ ရိုးရှင်းလွယ်ကူသော အစားအစာများကို ပြင်ဆင်ခြင်း၊ ပိုလျှင် အလွယ်တကူသိမ်းထားပြီး ပြန်နွှေးစားနိုင်သော အစားအစာများကို စီမံထားခြင်းတို့ ပြုလုပ်သင့်ပါသည်။ မည်သည့်တာဝန်ကို မဆို မစမီတွင် သေချာစွာ စဉ်းစားပါ။ မြင်ယောင်ကြည့်ပါ။ အကောင်းဆုံးကို ဆောင်ရွက်ပါ။ ဖြတ်လမ်းနည်းများကို စဉ်းစားပါ။ အသက်ရှုမဝခြင်းဝေဒနာများ စတင်ခံစားလာရပြီ ဆိုလျှင် အနားယူပါ။ အရေးအကြီးဆုံးအချက်မှာ အခြားသူများကို အကူအညီတောင်းရန် အားမနာပါနှင့်။

    လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများတွင် ပိုမောစေမည်ဟု ထင်ရသော်လည်း စနစ်တကျပြုလုပ်ခြင်းက ပိုပြီး အသက်ရှူရကောင်းစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိကြွက်သားများ ပုံစံမှန်လာသောအခါ အောက်ဆီဂျင်ဓာတ်ကို ပိုပြီး အသုံးပြုနိုင်သည့်အတွက် အဆုတ်ကို ကျန်းမာစေပါသည်။ လမ်းလျှောက်ထွက်ခြင်း၊ အိမ်တွင် စက်ဘီးနင်းခြင်း သို့မဟုတ် အားကစားရုံများတွင် စက်ဘီးနင်းခြင်းသည် ကောင်းမွန်သော အစပြုသင့်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။ ထို့ပြင် ပေါ့ပါးသော အလေးတုံးများဖြင့် ကစားခြင်း၊ အကြောဆန့်ခြင်းတို့ကလည်း နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များကို အသက်ရှူကောင်းစေနိုင်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။

    အစာနည်းနည်းချင်းစီကို အကြိမ်များစွာစားပါ။

    ဤနည်းလမ်းသည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများကို သက်သာစေပါသည်။ အစားအစာများကို တပြိုင်နက်တည်း များစွာစားခြင်းကြောင့် ဗိုက်ပွလာပြီး အဆုတ်ပေါ်သို့ ဖိအားသက်ရောက်ကာ ပိုမောလာစေပါသည်။ ထို့ပြင် ထိုရောဂါသည်များတွင် ကာဗိုဟိုက်ဒြိတ်ဓာတ်များကို သင့်တင့်စေရန် ဂရုပြုစားသုံးသင့်ပါသည်။

    စိတ်အပန်းပြေစေမည့် နည်းလမ်းများကို ပြုလုပ်ခြင်း

    စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများကို ပိုဆိုးလာစေပြီး စိုးရိမ်မှုများ ပိုတိုးလာစေနိုင်ပါသည်။ ထို့ကြောင့် ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ စိတ်အပန်းပြေစေမည့် သီချင်းခွေများ ဖွင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့က သင့်စိတ်ကို တည်ငြိမ်စေရန် ကူညီပေးပါလိမ့်မည်။ ထို့ကြောင့် ထိုကုထုံးများကို ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများလျော့နည်းလာပြီး သင့်စိတ်ကို နဂိုအနေအထားအတိုင်း ပြန်ဖြစ်လာစေပါလိမ့်မည်။

    သင့်ရောဂါ အကြောင်းကို သိအောင်လေ့လာပါ။ လိုအပ်သည်များကို ပြင်ဆင်ထားပါ။

    နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ အကြောင်းကို သင်လက်လှမ်းမှီသမျှ လေ့လာပါ။ အဆုတ်ပြန်လည်သန်စွမ်းရေး အစီအစဉ်များတွင် ပါဝင်ပြီး ကျန်းမာရေးနည်းလမ်းများကို ရယူပါ။ လိုက်နာပါ။ ထို့ပြင် သင့်ကိုပိုဆိုးလာကြောင်း ပြသနေသော ရောဂါလက္ခဏာများဖြစ်သည့် ပိုမောလာခြင်း၊ ပိုပြီးချောင်းဆိုးလာခြင်းနှင့် သလိပ်များထွက်လာခြင်း စသည်တို့ကို ဂရုပြုပါ။ ထိုသို့ပိုဆိုးလာပါက သင်ပြုလုပ်ရမည်တို့ကို ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီးမေးမြန်းထားပါ။ ညွှန်ကြားချက်များကို ချရေးထားပါ။ သင်ဘက်က ပြင်ဆင်ထားလျှင် ပိုပြီး စိတ်ချရပါသည်။

    အနားယူပါ။ အခြားသော ကျန်းမာစေမည့် အလေ့အကျင့်များကို လေ့ကျင့်ပါ။

    သင်သည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ ရှိသူဖြစ်ပါက အနားယူသင့်ပါသည်။ အရေးအကြီးဆုံးမှာ ဆေးလိပ်ဖြတ်ရန် ဖြစ်ပါသည်။ ထို့ပြင် အခြားသူများ၏ ဆေးလိပ်ငွေ့ကို ရှူမိခြင်းကလည်း အဆုတ်ကို ထိခိုက်စေပြီး ရောဂါကို ပိုဆိုးစေပါသည်။

    ကျန်းမာစေသော အစားအစာများကို စားပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ခံယူပါ။ ယေဘူယျအားဖြင့် ပြောရလျှင် ကျန်းမာစေသည့် စားသောက်နေထိုင်မှုပုံစံများက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များကို လူရောစိတ်ပါ ကျန်းမာစေပါသည်။

    အချုပ်ဆိုရသော် သင်သည် အဆုတ်ရောဂါသည်တစ်ဦးဖြစ်ပါလျှင် သင်နေ့စဉ်လုပ်နေသော အလုပ်များက သင့်ကို အသက်ရှူမဝခြင်းဖြစ်စေနိုင်သော အချက်များဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ပုံမှန်အတိုင်း အသက်ရှူနိုင်စေရန် ကျန်းမာရေးနှင့် ညီညွတ်သည့် အနေအထိုင်များ၊ အမူအကျင့်များကို ပျိုးထောင်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 19/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement