backup og meta

ယာဉ်မောင်းခြင်းနှင့် ကျန်းမာရေး


Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယာဉ်မောင်းခြင်းနှင့် ကျန်းမာရေး

    “ဦးလေးက တက်လို့လာတဲ့ဦးမြင့်(အမည်လွှဲ) နော်”

    “ဟုတ်ပါတယ်ဆရာ”

    “အခုသက်သာနေပြီဆိုတော့ဦးလေးကို နည်းနည်းရှင်းပြစရာရှိလို့ပါ။”

    ဒေါက်တာကျော်ဆက်ရှင်းပြနေသည်။

    “ဦးလေးအလုပ်အကိုင်က အဝေးပြေး ကားမောင်းတာလို့သိရပါတယ်။ အခုဦးလေးမှာ ဖြစ်တဲ့ရောဂါက အတက်ရောဂါပါ။ အတက်ကျဆေးပုံမှန်စွဲသောက်ရပါမယ်။ အတက်ရောဂါက ပြန်ပြန်တက်နိုင်ခြေရှိလို့ ဦးလေးကားဆက်မောင်းဖို့သိပ်အဆင်မပြေလောက်ဘူး။”

    “ဟာဆရာကလည်း၊ ကျွန်တော်က ငယ်ငယ်ကလေးထဲက ကားမောင်းလာတာပါ။ အခုမှကားမမောင်းလို့ ကျွန်တော်ဘာနဲ့သွားစားမလဲ။”

    “အဲ့သလိုဆိုပေမယ့်ဦးလေးရောဂါအရ တက်တာက ပြန်ဖြစ်နိုင်ခြေများတော့ကားမောင်းရင်းတက်ရင် ဦးလေးရော ဦးလေးကားပေါ်က လူတွေ အကုန်လုံးရော ဒုက္ခရောက်သွားမှာ စိုးလို့ပါ။ ပြီးတော့ ဦးလေးမောင်းနေတာက အဝေးပြေးကားဆိုတော့ပိုတောင်ဆိုးသေးတယ်။ တခြားအလုပ်တစ်ခုခုပြောင်းဖို့ လိုမယ်။ “

    “ဒုက္ခပါပဲ ဆရာရယ်၊ ကျွန်တော်ဘာလုပ်ရမလဲတောင်စဉ်းစားရဦးမယ်။”

    “စိတ်တော့မကောင်းပါဘူးဦးလေးရယ်၊ အသက်အန္တရာယ်ဖြစ်နိုင်တဲ့အနေအထားမို့ပြောနေရတာပါ။”

    “ကျွန်တော်တစ်သက်လုံးကားမမောင်းရတော့ဘူးလားဆရာ”

    “အဲ့လိုတော့မဟုတ်သေးဘူး၊ ဦးလေးထပ်တက်သေးလား မတက်လားရယ်၊ ဦးလေးမောင်းမယ့် ကားအမျိုးအစားပေါ်တော့မူတည်မယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ဦးလေးတက်တာ လုံးဝထပ်မဖြစ်တော့တာသေချာပြီဆိုရင် ၆လ ဆို ပြန်မောင်းလို့ရပြီ။ ကားကြီးတွေ ဘတ်စ်တွေကျတော့မတက်တာ ၁၀ နှစ်လောက်ပေါ့။

    ဒေါက်တာကျော်တစ်ယောက်လူနာကို ရှင်းပြခဲ့သော်လည်း ရင်ထဲ မရှင်းဘဲကျန်ခဲ့သည်။ လူနာက တကယ်လိုက်နာပါ့မလား။ လတ်တလောမမောင်းသေးလျှင်တောင် နောက်ပိုင်းပြန်မောင်းလျှင် မည်သို့လုပ်မည်နည်း။ မောင်း၍ မောင်းနေစဉ်ပြန်တက်တာမျိုးဖြစ်ခဲ့လျှင်လူနာရော သူ့ကားစီးသည့်

    သူအားလုံး၊ လမ်းပေါ်မှလူများ ကားများ အတွက် အန္တရာယ်က ကြီးလွန်းလှသည်။ ထို့အတွက်ကလည်း ဥပဒေပြဌာန်းချက်တိတိကျကျ မရှိသေး။ လူနာဘက်ကပြန်စဉ်းစားပြန်တော့လည်း ကားမောင်းခြင်းမှ တခြားအလုပ်ပြောင်းလုပ်ရမည်မှာ သိပ်အဆင်ပြေမည်မဟုတ်ချေ။ သို့သော်လူနာရော တခြားသူအများပါထိခိုက်နိုင်မည့်ပြဿနာဖြစ်နေသဖြင့်အလုပ်ပြောင်းရန်တိုက်တွန်းရမည်သာဖြစ်သည်။

    ယာဉ်မောင်းခြင်းမှ ခေတ္တ သို့မဟုတ် အမြဲနားသင့်သည့် ရောဂါများ

    အတက်ရောဂါရှိသူများအနေဖြင့်အထက်တွင်ဖော်ပြခဲ့လိုကားမောင်းခြင်းကိုဆင်ခြင် ရှောင်ကြဉ်ကြရပါမည်။ ကိုယ်ပိုင်ကားလေး၊ ဆိုင်ကယ်မောင်းသူများအနေဖြင့်ဆေးသောက်နေရင်း ၆ လလုံးဝမတက်တော့မှကားပြန်မောင်းသင့်ပြီး ခရီးသည်တင်ကား၊ တက္ကစီ၊ ကုန်ကား စသည့် အများသုံးကားမောင်းသူများအနေဖြင့်အာရုံကြောရောဂါ အခံအနေအထားပေါ်မူတည်ပြီး ၅နှစ်မှ၁၀ နှစ်အထိ လုံးဝမတက်တော့မှကားပြန်မောင်းရပါမည်။ အတက်ရောဂါတစ်ခုတည်း ယာဉ်မောင်းခြင်းမှနားရသည်တော့ မဟုတ်ချေ။ တခြားရောဂါများစွာ ရှိပါသေးသည်။ ၎င်းတို့အထဲမှအဖြစ်များ အပြောများသည့်ရောဂါတချို့ကို ဖော်ပြလိုက်ပါသည်။

    လေဖြန်းခြင်း၊ လေဖြတ်ခြင်းဖြစ်ပြီး လူနာများအနေဖြင့်လည်း ပြန်ကောင်းလာလျှင်လည်း ကားကိုချက်ချင်းပြန်မမောင်းသင့်သေးပါချေ။ လေဖြန်းလေဖြတ်ခြင်းသည်ပြန်ဖြစ်တတ်သောကြောင့်ဆေးဖြင့် သေချာထိန်းသိမ်းကာကွယ်ရန်လိုအပ်သေးသည်။ ကားမောင်းနေစဉ်လေဖြတ်သွားသောကြောင့်ဖြစ်သော ကားတိုက်မှုများလည်း ရှိတတ်သည်။ ထို့ကြောင့်လေဖြန်းလေဖြတ်ပြီး လူနာအနေဖြင့်ကိုယ်ပိုင်ကား၊ ဆိုင်ကယ်ကိုအနည်းဆုံး တစ်လ၊ အများသုံးကားများကိုအနည်းဆုံးတစ်နှစ်အတွင်း မမောင်းသင့်ပါချေ။

    နှလုံးသွေးကြောပိတ်ခြင်းသည်လည်း အဖြစ်များလာသော ရောဂါဖြစ်သည်။ နှလုံးသွေးကြောပိတ်ပြီး ဆေးကုသမှုခံယူထားသူများအနေဖြင့်လည်း ကားမောင်းခြင်း အပါအဝင်ကိုယ်စိတ်အတွက်ဖိစီးမှုများမည့် အရာများကိုသတိထား ဆင်ခြင်ကြရပါမည်။ ကားမောင်းခြင်းအတွက်ပြောရလျှင်ကိုယ်ပိုင်ကား ဆိုင်ကယ်ကို Stent ခေါ် ပြွန်ဖြင့်သွေးကြောပြန်ချဲ့ခြင်းလုပ်ထားသောသူဆိုလျှင်တစ်ပတ်၊ မလုပ်ထားဘဲ ဆေးဖြင့်သာ သွေးကြောပြန်ပွင့်အောင်ကုထားသူဆိုလျှင်တစ်လ မမောင်းဘဲ ရှောင်ကြဉ်ရမည်ဖြစ်ပြီး အများသုံးယာဉ်ဆိုလျှင် သွေးကြောပိတ်ပြီး တစ်လ ခွဲထိမမောင်းသင့်ပါချေ။

    နှလုံးသွေးကြောကျဉ်းသူများအနေဖြင့်လည်း ယာဉ်မောင်းနေစဉ်နှလုံးသွေးကြောကျဉ်း လက္ခဏာများဖြစ်သည့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်းများ ဖြစ်လေ့ရှိပါက ယာဉ်မမောင်းသင့်ပါချေ။ နှလုံးခုန်မမှန်ခြင်းကြောင့်နှလုံးထိန်းစက်(ICD)ထည့်ထားသူများအနေဖြင့် အများသုံးယာဉ်မောင်းခြင်းကိုတစ်သက်လုံးရှောင်ကြဉ်သင့်သည်။ ကိုယ်ပိုင်ယာဉ်ကိုမူနှလုံးဆရာဝန်နှင့် ပြန်မောင်းသင့်၊မသင့်တိုင်ပင်ပြီး လိုက်နာဆောင်ရွက်သင့်သည်။ နှလုံးခုန်နှေးတတ်သူများအတွက်နှလုံးခုန်စက် (Pacemaker) တပ်ထားလျှင်မူအနည်းဆုံး တစ်လခန့်ကားမောင်းခြင်းကို ရှောင်ကြဉ်ရပါမည်။

    နှလုံးကြွက်သားထူသည့်ရောဂါ (HOCM) ရှိသူများအနေဖြင့်လည်း ကိုယ်ပိုင်ယာဉ်ကို နှလုံးဆရာဝန်နှင့်တိုင်ပင်ပြီး မောင်း၍ ရနိုင်သော်လည်း အများသုံးယာဉ်မောင်းနှင်ခြင်းကိုတော့ ထာဝရရှောင်ကြဉ်သင့်သည်။ ထိုရောဂါသည်အခန့်မသင့်လျှင်ရုတ်တရက်နှလုံးခုန်မမှန်ဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

    ဆီးချိုရောဂါရှိသူများအနေဖြင့်အင်ဆူလင်ထိုးဆေးထိုးနေရပြီဆိုပါက ယာဉ်မောင်းခြင်းကိုပိုမို သတိထားကြရန်လိုပါသည်။ အင်ဆူလင်ထိုးဆေးသည်ဆေးထိုးပြီး အစားမစားဖြစ်ပါက သွေးတွင်းအချိုဓာတ်ကိုကျစေနိုင်သဖြင့်ကားမောင်းသူများအနေဖြင့်ဆေးထိုးချိန်အစားစားချိန်ကိုသေချာ သတိထားစားကြရန်လိုပါသည်။ သွေးချိုဓာတ်ကျသွားသည့်လက္ခဏာများဖြစ်သည့်ရင်တုန်လာခြင်း၊ ချွေးစီးများပြန်ခြင်း၊ ဗိုက်ဆာလာခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းများကိုသတိပြုကြရန်လိုပါသည်။ ထိုသို့ဖြစ်လာပြီးဆိုလျှင်အစားတစ်ခုခု ချက်ချင်းစားရန်လိုအပ်ပါသည်။ ဆီးချိုဖြစ်သည့် ကာလကြာလာပြီဆိုလျှင်အာရုံကြောများထိခိုက်လာပြီး သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း လက္ခဏာများ မပေါ်တော့ဘဲဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင်ယာဉ်မောင်းခြင်းမှအနားယူသင့်သည်။

    ဆီးချိုသည်မျက်စိကို ထိခိုက်တတ်၍ ကားမောင်းသူအနေဖြင့်မျက်လုံးကောင်းမှသာ မောင်းသင့်ပါသည်။ ထို့ကြောင့်လည်း ဆီးချိုရှိပြီး အင်ဆူလင်ထိုးနေရသူများအနေဖြင့်ယာဉ်မောင်းတော့မည်ဆိုပါက ယာဉ် မောင်းသူများအနေဖြင့်တစ်နှစ်တစ်ခါ ဆရာဝန်နှင့်တိုင်ပင်ပြီး မျက်စိအနေအထားနှင့် သွေးတွင်းအချိုဓါတ်ကျမှုလက္ခဏာများ ပေါ်နိုင်မပေါ်နိုင်၊ ဆီးချိုထိန်းနိုင်မည့်အနေအထား တို့ကို စစ်ဆေးပြီး ယာဉ်ဆက်မောင်းသင့်မမောင်းသင့်စစ်ဆေးသင့်ပါသည်။

    ယာဉ်မောင်းလျှင်အန္တရာယ်ဖြစ်နိုင်မည့်ရောဂါများမှာ အထက်ပါရောဂါများသာမကပါချေ။ ထို့ကြောင့်လည်း မိမိတွင်ရောဂါတစ်ခုခုရှိပြီး ယာဉ်မောင်းမည့်သူဆိုပါက မိမိရောဂါနှင့်ယာဉ်မောင်းခြင်း အဆင်ပြေနိုင်၊ မပြေနိုင်ကိုသက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။ တချို့နိုင်ငံများတွင်ယာဉ်မောင်းသူများ၏ကျန်းမာရေး အနေအထားကို စနစ်တကျ စစ်ဆေးပြီး ယာဉ်ဆက်မောင်းသင့်၊ မမောင်းသင့်ဆုံးဖြတ်ပေးသည့်အဖွဲ့အစည်းနှင့်တိကျသော ဥပဒေပြဌာန်းချက်များရှိပါသည်။ ဤနိုင်ငံတွင်မူထိုသို့တိကျသော ဥပဒေပြဌာန်းချက်မရှိသေးချေ။ သို့သော် ရောဂါဝေဒနာခံစားနေသူတစ်ယောက်ယာဉ်မောင်းပါက ဖြစ်နိုင်သော အန္တရာယ်ကတော့ ရှိနေမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ရောဂါရှိသူများအနေဖြင့်ကျွမ်းကျင်သူဆရာဝန်များ၏ ညွှန်ကြားချက်ကိုစနစ်တကျ လိုက်နာကြမှသာ အန္တရာယ်ကင်းစင်ကြမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

    ဒေါက်တာကျော်(ဆေး ၂)

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement