backup og meta

အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ

    အရက်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိဘူးဆိုတာကတော့ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေပါ၊ ဆေးဖြစ်ဝါးဖြစ်ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ဆက်သောက်မိနေသေးတယ် ဟုတ်။ ဒါဆိုရင်တော့ အရက်သောက်တာကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲဆိုတာ သိပြီးပြီလားလို့မေးရတော့ မှာပဲ။ မသိသေးလို့သောက်မိနေတာဆိုရင်တော့ အခုပဲဖတ်ကြည့်လိုက်တော့နော်။

    အရက်နည်းနည်းပဲသောက်ရင် ခန္ဓါကိုယ် ထိခိုက်ပါ့မလား……………

    အရက်ကို စသောက်တာနဲ့ ခန္ဓါကိုယ်က စပြီးထိခိုက်တာပါ။ အရက်ကြောင့် ခန္ဓါကိုယ်ထိခိုက်မှုက အရက်ပမာဏ နည်းတာ၊ များတာနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် တစ်ခွက်လောက်သောက်တာ ဘာမှမဖြစ်လောက်ပါဘူး၊လို့ မတွေးစေချင်ပါဘူး။ အရက်က နည်းနည်းပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက် ခန္ဓါကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ ထိခိုက်မှုက စတော့တာပါပဲ။

    အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်နိုင်လဲ……..

    အရက်သောက်သုံးမှု ကြာလာတာနဲ့အမျှ ထိခိုက်နိုင်ခြေက များလာလေပါ။ အဆိုးဆုံးကတော့ အသက်သေဆုံး သည်အထိပြင်းထန်နိုင်တာပါ။

    အသည်းထိခိုက်မယ်

    ဒါကတော့ အဖြစ်နိုင်ဆုံး ထိခိုက်မှုတစ်ရပ်ပါ။ အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီးနာတာရှည် အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ၊ အသည်းမှာ အနာဖြစ်တာတွေကအရက်ရဲ့နောက်ဆက်တွဲဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ကတော့ အသည်းကင်ဆာကို ခံစားရတာပါပဲ။

    အစာခြေစနစ်ထိခိုက်မယ်

    အယ်လ်ကိုဟောက အစာခြေစနစ်ရဲ့ အတွင်းနံရံတွေကို ပျက်စီးစေနိုင်သလို အစာခြေအက်ဆစ်ထွက်ရှိမှုကို များစေနိုင်ပါ တယ်။ ဒီလိုကနေတဆင့် အစာအိမ်မှာ အနာဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အစာခြေစနစ်ရဲ့ အာဟာရဖြိုခွဲမှု၊ စုပ်ယူမှု၊ ပို့ဆောင်မှု၊ သိမ်းဆည်းမှုတွေကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သွေးတွင်းသကြားဓါတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။

    ပန်ကရိယထိခိုက်မယ်

    အယ်လ်ကိုဟောက ပန်ကရိယကို ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့အရာတေါ ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုကနေတဆင့် ပန်ကရိယရောင်ရမ်းတာမျိုးဖြစ်ပြီး အစာခြေတဲ့လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပါတယ်။

    အာရုံကြောစနစ်ထိခိုက်မယ်

    အရက်ကိုရေရှည်စွဲသောက်တာက သီရာမင်းလို့ ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့စေပြီး အာရုံရှုပ်ထွေးတာ၊ သိမြင်မှုစွမ်းရည် ထိခိုက်တာ၊ သင်ယူမှုအားနည်းလာတာ၊ မှတ်ဉာဏ်စွမ်းရည်ထိခိုက်တာတွေဖြစ်လာစေပြီး အာရုံကြောစနစ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ရေတိုမှာတော့ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ စိတ်ခံစားမှုတွေပြောင်းလဲတာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ အာရုံစိုက်နိုင်စွမ်းကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အယ်လ်ကိုဟောက ဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    နှလုံးထိခိုက်မယ်

    အရက်သောက်တာက နှလုံးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောအလွန်အကျွံသောက်သုံးမှုက သွေးတိုးစေနိုင်သလို နှလုံးခုန်မမှန်တာ၊ နှလုံးသွေးပို့မှုကိုထိခိုက်တာ၊ သွေးခဲတာ၊လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာမျိုး တွေဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး အယ်လ်ကိုဟောသောက်သုံးမှုက ရေရှည်မျာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင် ပါတယ်။

    မျိုးပွားစနစ်ထိခိုက်မယ်

    အယ်လ်ကိုဟောသောက်သုံးမှုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားမှုစနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် လိင်တံထောက်မတ်နိုင်စွမ်းကျဆင်းတာ၊ လေဒီလေးတွေမှာဆိုရင် ရာသီသွေးမမှန်တြာဖစ်စေနိုင်ပါတယ်။ အရက်ကို ရေရှည်ဆွဲသောက်မယ်ဆိုရင်တော့ မျိုးအောင်နိုင်စွမ်းကျဆင်း စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာ။ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်စေနိုင်သလို အရက်ကြောင့် သန္ဓေသားပုံစံမမှန်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    အရိုးကျန်းမာရေးထိခိုက်မယ်

    အယ်လ်ကိုဟောသောက်သုံးမှုက ကိုယ်တွင်းမှာ ကယ်လ်ဆီယမ်မမျှတမှုကိုဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာ ခန္ဓါကိုယ် အတွက်နဲ့အရိုးကျန်းမာဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းကျသွားစေပါတယ်။ အရက်အလွန်အကျွံသောက်သုံးမှုက ကိုယ်တွင်းက ဗီတာမင် D ပမာဏကို ထိခိုက်စေနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို ကျဆင်းစေမှုကနေတဆင့် အရိုးပွတာ၊ အရိုးပါးတာမျိုးတွေခံစားရနိုင်ပါတယ်။

    ဒါတွေတင်မကပါဘူး။ အရက်ကြောင့် ခန္ဓါကိုယ်မှာ များစွာထိခိုက်နိုင်တာကြောင့် အကောင်းဆုံးကတော့ အရက်ဖြတ်ဖို့ ကြိုးစားတာပါလို့ အကြံပြုရင်း……..

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement