backup og meta

လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့ စိတ်ရောဂါ သို့မဟုတ် Homophobia


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့ စိတ်ရောဂါ သို့မဟုတ် Homophobia

    ၂၁ ရာစုမှာ လိင်တူချစ်တယ်၊ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ချစ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုလူတွေကို အကြောင်းရင်းမရှိဘဲ မုန်းတီးနေတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ယခုအချိန်ထိကို တည်ရှိနေတုန်းပါပဲ။ သဘာဝကိုဖီဆန်တယ်လို့ ဆိုကြပေမယ့် လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုလည်း မဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုး လုံးဝမရှိပါဘူး။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ LGBT လူသားတွေအပေါ်မှာ ထားရှိတဲ့ လူတစ်ချို့ရဲ့ ကြောက်ရွံ့မှု စိတ်ဝေဒနာအကြောင်းပဲ ဖြစ်ပါတယ်။

    LGBT နဲ့ပတ်သက်ပြီး ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။

    ဖိုးဘီးယား (Phobia) ဆိုတာ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုကို သာမန်ထက်ပို၍ ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်း၊ မနှစ်မြို့ခြင်းကို ပြောတာဖြစ်ပါတယ်။ ရာနဲ့ ချီနေတဲ့ ဖိုးဘီးယားစိတ်ဝေဒနာထဲမှာမှ LGBT နဲ့ ပတ်သက်ပြီး အတွေ့များတဲ့ ဖိုးဘီးယား ၃မျိုးကတော့

    ၁။ လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း (Homophobia)

    ၂။ လိင်တူ၊ လိင်ကွဲချစ်ခြင်းကို မနှစ်သက်ခြင်း (Biphobia)

    ၃။ လိင်ခွဲစိတ်ပြောင်းလဲထားသူတွေကို မနှစ်သက်ခြင်း (Transphobia) တို့ပဲဖြစ်ပါတယ်။

    လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း (Homophobia)

    အမျိုးသားချင်း သို့မဟုတ် အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သော သူများအား အကြောင်းရင်းမရှိဘဲ မုန်းတီးြခင်း၊ ရွံရှာခြင်း၊ အပြစ်မြင်ခြင်း၊ မယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီဖိုးဘီးယားဟာ ကမ္ဘာနဲ့အဝှမ်းမှာ လက်ရှိအချိန်အထိကို ရှိနေသေးတဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ Homophobia ရှိသူတွေဟာ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်၊ လွဲမှားတဲ့ ဘာသာရေးအယူဝါဒတွေကို လက်ကိုင်ထားပြီး လိင်တူချစ်ခြင်းကို စိတ်ရောဂါ သို့မဟုတ် ကုသလို့ရတဲ့ အခြေအနေအဖြစ် မြင်တတ်ကြပါတယ်။

    လိင်တူချစ်သူတွေကို လှောင်ပြောင်သရော်တာ၊ မသိစိတ်ကနေရော သိစိတ်ကနေရော ရွံရှာမုန်းတီးတာ၊ လိင်စိတ်ခံယူမှုပေါ် အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာ၊ သဘာဝ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ဖိနှိပ်ဆက်ဆံတာ၊ စော်ကားတာ၊ အနိုင်ကျင့်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လူတစ်ဖက်သားကို အရှက်ရအောင် ပြုမူပြောဆိုတာ၊ နားမခံသာစရာ စကားလုံးများ၊ နာမ်စားတွေ၊ အသုံးအနှုန်းတွေနဲ့ ခေါ်တာတွေဟာ ဒီ Homophobia စိတ်ဝေဒနာရှိသူတွေမှာ အတွေ့များတဲ့ လက္ခဏာပါပဲ။

    Homophobia စိတ်ဝေဒနာက ဘယ်သူတွေမှာ အဖြစ်များလဲ။

    ကိုယ်ယုံကြည်ထားတဲ့ လွဲမှားတဲ့ အရာကို ဘာသာရေးခုတုံးလုပ်တတ်တဲ့သူတွေ၊ တင်းကြပ်လွန်းတဲ့ မိသားစု၊ ပွင့်လင်းမှုမရှိသော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေ၊ အတွေးအခေါ် တစ်ဖက်စွန်းရောက်သူတွေ၊ မကောင်းမြင်ဝါဒီ ကြီးစိုးတဲ့သူတွေ၊ ဖြစ်တည်မှုတစ်ခုကို လက်သင့်မခံဘဲ ကိုယ်သာလျှင် မှန်တယ်လို့ အတွေးဝင်နေသူတွေ၊ လိင်ကွဲကိုသာ ချစ်ခင်နှစ်သက်သူတွေမှာ ဒီစိတ်ဝေဒနာ အဖြစ်များပါတယ်။

    ၁။ အံ့သြဖို့ကောင်းတာ တစ်ခုက ကိုယ့်ရဲ့ မသိစိတ်ထဲမှာရှိနေတဲ့ လိင်တူချင်း ချစ်ခင်စိတ်ကို ဖုံးကွယ်ထားသူတွေ (အရပ်ခေါ် အပုန်း) ကိုယ်တိုင်မှာလည်း Homophobia ရှိနေတတ်ပါတယ်။ သူတို့ဟာ ပွင့်လင်းစွာ နေထိုင်တဲ့ လိင်တူချစ်သူတွေကို မုန်းတီးတတ်တဲ့အပြင် ကိုယ့်စိတ်အခံမှာ ဖြစ်တည်နေတဲ့ စိတ်ကိုလည်း ဘယ်သူမှမသိစေဖို့ ဖုံးကွယ်ချင်တာ၊ မိမိကိုယ်ကိုယ်ရော၊ မိမိလိုဖြစ်နေသူတွေကိုပါ မုန်းတီးတဲ့ စိတ်ဓါတ်ရှိပါတယ်။ ဒါကို စိတ်ပညာအရ Internalized Homophobia မသိစိတ်ထဲမှာ ရှိနေတဲ့ မိမိရဲ့ လိင်စိတ်ခံယူမှုကို ဖုံးကွယ်ခြင်းလို့ ခေါ်ပါတယ်။

    ၂။ ဖော်ကောင်လုပ်ခြင်း (outing) ဆိုတာကတော့ မိမိရဲ့ လိင်တူချစ်သူတွေအပေါ် မုန်းတီးတဲ့ စိတ်ကို ပွင့်လင်းစွာ ဖော်ထုတ်ပြသပြီး ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ လိင်တူချစ်သူတွေရဲ့ ဘဝဇာတ်ကြောင်းကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ တခြားသူတစ်ယောက်ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိ အရှက်ရအောင်၊ စိတ်ဆိုးဒေါသထွက်အောင်၊ လူပုံအလယ်မှာ မျက်နှာငယ်ရအောင် မကောင်းမြင်စိတ်နဲ့ စော်ကားတဲ့ အပြုအမူတွေကိုလည်း ပြုလုပ်တတ်ပါတယ်။

    မိမိရဲ့ လိင်စိတ်ခံယူမှုကြောင့် ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်စော်ကားမှုတွေ ခံနေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ ဖြစ်တာ၊ ဘယ်သူ့အပေါ်မှ ယုံကြည်လို့မရနိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်

    ၁။ ကိုယ့်လိုပဲ LGBT အဖွဲ့ဝင်တွေကို အကူအညီတောင်းပါ။ တိုင်ပင်ပါ။

    ၂။ လိုအပ်လာရင် မိသားစု၊ သူငယ်ချင်းတွေကို ဖွင့်ပြောပြပါ။

    ၃။ ကိုယ့်ကို အနိုင်ကျင့်ေစာ်ကားဖို့ ကြိုးစားသူတွေနဲ့ ဝေးရာမှာနေပါ။

    ၄။ ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ ရှက်ရွံ့စရာမဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေဖို့ မလိုအပ်ပါဘူး။

    ၅။ စိတ်ကို ကြံ့ကြံ့ခိုင်အောင် ထားပါ။

    ၆။ ဘယ်နေရာမှာမဆို ကိုယ့်ကို နားလည်ပေးနိုင်တဲ့သူတွေရော၊ ကဲ့ရဲ့ရှုံ့ချမယ့်သူတွေရော ရှိနေနိုင်တယ်ဆိုတာကို သိထားပေးပါ။

    ၇။ ကိုယ်ထိလက်ရောက် အကြမ်းဖက်စော်ကားမှုတွေ ရှိလာရင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာကို အကြောင်းကြားပါ။ တရားဥပဒေနဲ့ ဖြေရှင်းပါ။

    ၈။ တစ်ယောက်တည်း မြိုသိပ်ထားတဲ့အခါ ပြဿနာကပြေလည်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်မှာပဲ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်လာမှာပါ။

    ၉။ နောက်ဆုံး ပတ်ဝန်းကျင်ရဲ့ စော်ကားမှုဒဏ်တွေကြောင့် စိတ်ဓါတ်ကျတာ၊ သေကြောင်းကြံစည်ချင်စိတ် ဖြစ်လာတဲ့အထိ ဝေဒနာခံစားနေရပြီဆိုရင် စိတ်ရောဂါကုထုံးပညာရှင် သို့မဟုတ် မိသားစုဝင်တွေကို ဖွင့်ပြောပြဖို့ လိုအပ်လာပါပြီ။

    ပြောရမယ်ဆိုရင် လိင်တူချင်းချစ်ခင်နှစ်သက်ခြင်းဆိုတာ စိတ်ရောဂါ တစ်ခုမဟုတ်သလို ကုသလို့ ရတဲ့ ပြဿနာမျိုးလည်း မဟုတ်ပါဘူး။ မွေးကတည်းက ပါလာတဲ့ လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုကို ဘယ်အရာကမှ ပြောင်းလဲအောင် လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ တစ်ဖက်သတ်မုန်းတီးတဲ့ စိတ်ကြောင့် တစ်ပါးသူရဲ့ ဘဝ ထိခိုက်နစ်နာခြင်းမရှိစေဖို့ လူတွေထဲက လူပီသတဲ့ စိတ်နှလုံးနဲ့ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement