brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း (septic arthritis) ဆိုတာ အရိုးအထူးကုဆရာဝန်တွေအတွက် အရေးပေါ် အခြေအနေပါ။ ချက်ချင်းကုသဖို့ သင့်တဲ့ ရောဂါပါ။ နောက်ကျသွားရင် ပိုးတွေ ပြန့်သွားပြီး သွေးဆိပ်သင့်တာ၊ အဆစ်တွေ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောသိပြီး စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။ ပိုးဝင်တာက အဆစ်တစ်ဆစ်တည်း ဖြစ်တာများပါတယ်။ ရှားရှားပါးပါး အဆစ်တွေ အများကြီး ထိတာလဲ ရှိပါတယ်။ ဒီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း

ဘာကြောင့် ပိုးဝင်ရတာလဲ။

ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာက တခြားနေရာက ဘက်တီးရီးယားပိုးတစ်ခုခုက ရောဂါပိုးက သွေးထဲကနေတစ်ဆင့် အဆစ်ကို ပျံ့လာတာကြောင့်ပါ။ တစ်ခါတစ်လေ အဆစ်ကို ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ်၊ ခွဲစိတ်တာဖြစ်ဖြစ် (ဥပမာ ဒူးအစားထိုး ခွဲစိတ်တာ) ပိုးဝင်တာမျိုးလည်း ရှိတတ်ပါတယ်။

အတွေ့ရများတဲ့ ပိုးကတော့ staphylococcus နဲ့ streptococcus ပဲ ဖြစ်ပါတယ်။ ဒီပိုးတွေက အရေပြားမှာ အများဆုံးတွေ့ရပါတယ်။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာတော့ ဆီးပူညောင်းကျပိုးကြောင့် ဖြစ်တာများပါတယ်။ ဒီပိုးတွေက အဆစ်ကို တိုက်ရိုက်ပဲ ဖြစ်ဖြစ်၊ သွေးထဲကနေပဲ ဖြစ်ဖြစ် ရောက်လာပြီး ရောင်ရမ်းစေတာပါ။

တခြားပိုးတွေကတော့ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ထဲမှာ ဆိုရင်တော့ အသည်းရောင် အသားဝါ အေ၊ ဘီ၊ စီပိုး၊ HIV ပိုး၊ ပါးကြိတ်ရောင်ပိုး စတာတွေပါပါတယ်။ မှိုပိုးထဲမှာ ဆိုရင်တော့ histoplasma၊ coccidiomyces၊ နဲ့ blastomyces စတာတွေ ပါပါတယ်။ ဒီပိုးတွေ ဘက်တီးရီးယားတွေထက်စာရင် ပြန့်တာနှေးပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာရဲ့ လက္ခဏာက ရုတ်တရက် နာပြီး အဆစ်တွေ ဖောင်းပြီး ရောင်လာတာပါ။ ဒါ့ပြင်

  • ချမ်းတုန်တာ
  • နုံးပြီး အားမရှိသလို ခံစားရတာ
  • ဖျားတာ
  • ပိုးဝင်ထားတဲ့ အဆစ်က လှုပ်လို့မရတာ
  • လှုပ်ရင်နာတာ
  • ဖောင်းတာ
  • အဆစ်က ပူပြီး နီနေတာ

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

လူတိုင်း ဖြစ်နိုင်ပေမယ့် သူတို့တွေကတော့ ပိုဖြစ်နိုင်ပါတယ်။

  • နဂိုတည်းက အရိုးအဆစ်ပြဿနာ ရှိတဲ့ သူတွေ (ဥပမာ လေးဖက်နာ အဆစ်ရောင်ဂေါက်၊ အဆစ်အမြစ်ရောင်ရောဂါ)
  • အရေပြားရောဂါ ရှိတဲ့သူတွေ ဥပမာ – ဆိုရီရေးစစ်၊ နှင်းခူ (ဒါတွေရှိနေရင် အရေပြားက ပေါက်ပြဲလွယ်ပြီး ပိုးဝင်လွယ်ပါတယ်။ )
  • ခုခံအား မကောင်းတဲ့ သူတွေ
  • မကြာခင်ကမှ အရိုးအဆစ် ခွဲစိတ်ထားတဲ့သူတွေ
  • ဒူးဆစ်တို့ တင်ပဆုံရိုးတို့ အစားထိုး ခွဲစိတ်ထားတဲ့ သူတွေ
  • မူးယစ်ဆေး အကြောထဲ ထိုးသွင်းတဲ့ သူတွေ
  • ဆီးပူညောင်းကျရောဂါ ရှိတဲ့ သူတွေ

အဆစ်ရောင် ရောဂါရှိမှန်း ဘယ်လို သိနိုင်မလဲ။

အပေါ်က လက္ခဏာတွေ ရှိနေရင် ပိုးဝင်ပြီး အဆစ်ရောင်တာများလား ဆိုပြီး သံသယရှိတတ်ပါတယ်။ ပိုသေချာချင်ရင်တော့

  • သွေးစစ်တာ
  • အဆစ်ထဲက အရည်ကို စုပ်ထုတ်ပြီး စစ်တာ
  • ဓာတ်မှန်ရိုက်တာတွေ လုပ်ရမှာပါ။

အဆစ်ရောင် ရမ်းတာကို ဘယ်လိုကုသရမလဲ။

အကောင်ဆုံးကတော့ စောစောသိပြီး စောစောကုတာပါတယ်။ အဓိက ကုသနည်းတွေကတော့

  • ပိုးသတ်ဆေးပေးတာ

အဆစ်ထဲက ပိုးတွေ သေဖို့အတွက် ရက်ရှည် ပိုးသတ်ဆေး ထိုးတာ၊ သောက်တာတွေ လုပ်ရမှာပါ။ နောက်တစ်နည်းကတော့

  • အဆစ်ထဲက အရည်တွေကို ထုတ်ပစ်တာ

ဒီပိုးဝင်နေတဲ့ အရည်တွေကို ဖယ်ထုတ်ပစ်တာက အရေးကြီးပါတယ်။ နည်းတွေကတော့

-ပမာဏ နည်းရင် အပ်နဲ့ စုပ်ထုတ်တာ

-အဆစ်ထဲကို မှန်ပြောင်းနဲ့ ကြည့်ပြီး စုပ်ထုပ်တာ

-ခွဲစိတ်ပြီး အရည်ကို ဖယ်ထုတ်ပစ်တာတွေ လုပ်လို့ ရပါတယ်။

အဆစ်ထဲကို ပိုးဝင်ပြီး ရောင်ရမ်းတာက အရေးကြီးပါတယ်။ အချိန်မီ မကုသနိုင်ရင် အဆစ်တွေ ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ စောစောကုနိုင်လေလေ ထိခိုက်တာ နည်းလေလေပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။