backup og meta

ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ

    “ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။”

    “ဘာဖြစ်တာတဲ့လဲ”

    “အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။

    အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။

    ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ”

    “ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော်လေ”

    “ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။”

    “ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တွန်းလို့

    ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။”

    ရင်ကျပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။

    ရင်ကျပ်ရောဂါ

    ရင်ကျပ်ရောဂါ များဟုလူသိထားကြသော ရောဂါများထဲတွင် ပန်းနာရင်ကျပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။

    ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ ဓါတ်မတည့်ခြင်းဟုဆိုရာတွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထွက်သော အငွေ့နှင့်အနံ့များ၊ အမှုန်အမွှားများ၊ ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်အမွှေးအမျှင်များ စသဖြင့်ရင်ကြပ်ခြင်းကို ပိုဆိုးစေသော အရာများစွာ ရှိပါသည်။

    လူနာတစ်ယောက်နှင့်တစ်ယောက်ဓါတ်မတည့်ပုံခြင်း မတူတတ်ကြသဖြင့်လူနာများအနေဖြင့် မိမိဓါတ်မတည့်ဖြစ်ပြီး ရင်ကျပ်ဖူးသော အရာများကိုမှတ်သားရှောင်ကြဉ်ကြရပါမည်။ တချို့ဆိုလျှင်အစားအသောက်တစ်ခုခုနှင့်မတည့်ဘဲကျပ်သူများလည်း ရှိသည်။ ထို့သို့ဆိုလျှင်လည်း လူနာအနေနှင့်မိမိမတည့်သော အစားကိုသတိထားဆင်ခြင်ကြရပါမည်။ ဆရာဝန်များအနေဖြင့်အများနှင့် ခြုံငုံ၍သာအကြံပေးနိုင်သည်ဖြစ်ရာ တစ်ဦးချင်း မတည့်သည်ကိုလူနာကိုယ်တိုင်ကသာ ပိုမိုသိရှိနိုင်မည်ဖြစ်သဖြင့်မိမိမတည့်တတ်သည့်အရာများ အစားအစာများကိုလူနာကိုယ်တိုင်က မှတ်သားထားသင့်ပါသည်။

    လေပြွန်ရောင် ရင်ကျပ်ရောဂါ အမျိုးအစားသည် အများအားဖြင့်အသက်၄၀နောက်ပိုင်းမှသာဖြစ်လာတတ်သည်။ ဆေးလိပ်သောက်ခြင်းနှင့်အများအားဖြင့်သက်ဆိုင်သည်။ သို့သော်တစ်ခါတစ်ရံဆေးလိပ်လုံးဝမသောက်သော်လည်း မီးသွေး ထင်းမီးဖိုများ၊ စက်ရုံ ခြင်ဆေးခွေစသည်မှထွက်သော အငွေ့များကို ရှူရပါများလာလျှင်လည်း ဖြစ်လာတတ်ပါသည်။ တစ်ချို့အမေကြီးများဆိုလျှင်ဆေးလိပ်လုံးဝမသောက်ပါဘဲနှင့်လည်း မီးသွေးထင်းစသည်နှင့်ထမင်းဟင်းချက်တာ ကြာလာပြီးဖြစ်ပွားကြခြင်းများလည်းရှိပါသည်။ ရင်ကျပ်ဖြစ်လာပြီဆိုလျှင်ပန်းနာရင်ကြပ်အမျိုးအစားသည်အများအားဖြင့်လူနာနှင့်ဓါတ်မတည့်သော အရာများကို ရှူမိထိတွေ့မိသော အချိန်တွင်ထဖောက်တတ်သည်။ သိပ်မဆိုးဘဲ ဆေးရှူလိုက်ရုံနှင့်သက်သာသွားတတ်သလိုတစ်ခါတစ်ရံအလွန်အမင်းပြင်းထန်ပြီး ဆေးရုံတက်ရခြင်း အသက်အန္ကရာယ်စိုးရိမ်ရခြင်းများပါဖြစ်တတ်ပါသည်။ ကြားထဲ ဓါတ်မတည့်သော အရာနှင့်ထိတွေ့ခြင်းမရှိချိန်တွင်မူပုံမှန်ကောင်းနေတတ်ပါသည်။ ထို့ကြောင့်ဓါတ်မတည့်တတ်သော အရာကိုရှောင်ရန်အလွန်အရေးကြီးပါသည်။

    လေပြွန်ရောင်ရင်ကျပ်ရောဂါမှာမူထိုသို့မဟုတ်ချေ။ နာတာရှည်ချောင်းဆိုးနေတတ်ပြီးအနည်းငယ်လှုပ်ရှားရုံဖြင့်မောပန်းလွယ်နေတတ်သည်။ ရောဂါရင့်လာသည်နှင့်အမျှအဆုတ်သွေးကြောဖိအားများလာခြင်း၊ နှလုံးထိခိုက်လာခြင်းများဖြစ်လာပြီးကိုယ်လက်ဖောရောင်လာခြင်းများအထိဖြစ်လာတတ်သည်။ တခြားတွဲဖက်ဖြစ်တတ်သော ရောဂါများအနေဖြင့်နှလုံးသွေးကြောကျဉ်းခြင်း၊ အရိုးပါးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အဆုတ်ကင်ဆာရောဂါများအထိဖြစ်တတ်ပါသည်။ ရင်ကျပ်ရောဂါနှစ်မျိုးလုံးတွင်အသည်းအသန်ရောဂါဖောက်သော အဆင့်ဟူ၍ ရှိတတ်ပြီးထိုအဆင့်တွင်စက်ဖြင့်ဆေးရှူရခြင်း၊ ထိုးဆေးထိုးရခြင်း၊ အသက်ရှူစက်တင်ရခြင်း စသည်တို့အထိပြုလုပ်ရတတ်ပြီး အသက်အန္ကရာယ်ပင်စိုးရိမ်ရတတ်ပါသည်။

    ရင်ကျပ်ရောဂါဘယ်လိုကုရမလဲ

    ပန်းနာရင်ကျပ်ရောဂါသည်များအနေဖြင့်အထက်တွင်ဖော်ပြခဲ့သလို မိမိမတည့်သော အရာများကိုသတိထားမှတ်သားပြီး ရှောင်ကြဉ်ကြရန်လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အမြဲတမ်းတော့လွယ်ကူမည်မဟုတ်ပါချေ။ မိသားစုဝင်များ အပေါင်းအဖော်များ၏ ကူညီဖေးမမှုလိုအပ်ပါသည်။ အိမ်တွင်လေကောင်းလေသန့်ရရန်၊ မီးဖို ခြင်ဆေး အမွှေးတိုင်စသည်တို့မှအငွေ့များ အိမ်တွင်းတွင်မပြန့်နေစေရန်၊အမွှေးပွပါသော စောင်၊ အရုပ်စသည်တို့ကိုရှောင်ကြဉ်ရန်၊ ဖုန်ထူမည့်နေရာများကိုရှောင်ကြဉ်ရန်၊ အိမ်တွင်တိရစ္ဆာန်များဖြစ်နိုင်ပါက မမွေးရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအလုပ်ထဲရှိအနံ့၊ အငွေ့စသည်တို့နှင့်မတည့်ဘဲ ရင်ကြပ်တတ်သူများဆိုလျှင်အလုပ်ပြောင်းရသည်အထိပင်ဖြစ်တတ်ကြပါသည်။

    လေပြွှန်ရောင်ရင်ကျပ်ရောဂါသည် ပန်းနာရင်ကြပ်ကဲ့သို့ ဓါတ်မတည့်သည် မဖြစ်တတ်သော်လည်းအနံ့များ မီးခိုးများစသည်တို့နှင့်ထိတွေ့ရလျှင်ပိုကြပ်တတ်ခြင်းများရှိတတ်ပါသည်။ ထို့အပြင်ရောဂါဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့်ဆေးလိပ်များ၊ မီးခိုး အငွေ့စသည်များကိုလုံးဝအပြည့်အဝမရှောင်ကြဉ်နိုင်ပါက ရောဂါပိုဆိုးလာခြင်းကိုမတားဆီးနိုင်ချေ။ ထို့ကြောင့်ဆေးလိပ်သောက်တတ်သူများအနေဖြင့်ဆေးလိပ်ကိုလုံးဝဖြတ်ရန်လိုအပ်ပါသည်။ လျှော့သောက်ရုံနှင့်ရောဂါပိုဆိုးခြင်းကိုမကာကွယ်နိုင်ပါ။ တခြား မီးခိုးနှင့်ထိတွေ့ရသော အကြောင်းများဖြစ်သည့်မီးသွေးမီးဖို၊ ခြင်ဆေးခွေ၊ အမွှေးတိုင်တို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရပါမည်။

    ကုသရာတွင်အသုံးပြုသော ဆေးဝါးများအနေဖြင့်ပြောရလျှင်ရှူရသောဆေးဂေါက်ဟုခေါ်လေ့ရှိသော Inhaler ရှူဆေးများသည်ပထမအဆင့်သုံးရသောဆေးများဖြစ်သည်။

    သောက်ဆေး ထိုးဆေးများထက်ဘေးထွက်ဆိုးကျိုးပိုနည်းပါသည်။ ထိုသည်ကိုလူနာတချို့က ရှူဆေးသည်နောက်ဆုံးအဆင့်ဟုအထင်မှားကာ မသုံးစွဲကြဘဲ သောက်ဆေးများကိုသာ ဦးစားပေးသောက်နေကြသည်ကိုတွေ့ရှိရသည်။ တချို့ဆိုလျှင်သောက်ဆေးများကိုစပ်ဆေးရောင်းသူများက ညွှန်သည့်အတိုင်းသောက်ရင်းမှ Prednisolone, Dexamethasone စသည့်ဆေးများကိုရေရှည်စွဲသောက်နေမိတတ်သည်။

    ထိုဆေးများသည် ရင်ကြပ်လက္ခဏာများကိုအမြန်သက်သာသွားစေနိုင်သည်မှာ မှန်သော်လည်း ရေရှည်စွဲသောက်မိလျှင်သွေးတိုးခြင်း၊ ဆီးချိုဝင်လာခြင်း၊ အရေပြားပါးလာခြင်း၊ အရိုးပါးကာ အရိုးကျိုးလွယ်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည့်အတွက်ရေရှည်မသုံးစွဲသင့်ချေ။Inhaler ရှူဆေးများသည်သောက်ဆေးထက်စာလျှင်ဆေးတန်ဖိုးပိုမိုများပြားတတ်ပါသည်။ ထို့ကြောင့်လည်း တချို့အနေနှင့်ငွေကြေးအခက်အခဲကြောင့်မရှူနိုင်ဘဲ ဖြစ်တတ်ပါသည်။ သို့သော်ဆေးပုံမှန်မသုံးစွဲခြင်းကြောင့်ရောဂါထဖောက်ကာ ဆေးရုံတက်ရခြင်းများဖြစ်လျှင်ကုန်ကျမည့်စရိတ်များနှင့်နှိုင်းယှဉ်တွက်ဆကြည့်ပါက ဆေးပုံမှန်သုံးစွဲခြင်းက တွက်ခြေပိုကိုက်ပါမည်။ Prednisolone

    လိုသောက်ဆေးကလည်း ဈေးနှုန်းအားဖြင့်သက်သာသည်မှာ မှန်သော်လည်း သူ့ကြောင့်ဖြစ်လာသည့်ဘေးထွက်ဆိုးကျိုးများကိုလိုက်ကုရမည့်ကုန်ကျစရိတ်က ရေရှည်တွင်ပိုများသွားပါလိမ့်မည်။

    တချို့မှာ Inhaler ရှူဆေးသုံးစွဲနေကြသော်လည်း ရင်ကြပ်ချိန်မှရှူရမည့်ရှူဆေးနှင့်ပုံမှန်ရှူရမည့်ရှူဆေးကို မကွဲဘ ဲ စနစ်တကျသုံးစွဲခြင်း မရှိသည့်အတွက်ရောဂါမသက်သာသည်များရှိတတ်ပါသည်။ တချို့ကမူရှူဆေး ရှူပုံမမှန်သောကြောင့်မသက်သာခြင်းများလည်းရှိပါသည်။ ထို့ကြောင့်လည်းဆရာဝန်ညွှန်ကြားသည့်အတိုင်းစနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။ တချို့ဆေးမရှူတတ်သူများအတွက်ပြောင်းဟုအလွယ်ခေါ်ကြသော Spacer များတဆင့်ခံသုံးစွဲရန်ရှိပါသည်။ တချို့မှာမူInhaler အဆင့်နှင့်မရတော့သောကြောင့်သောက်ဆေးသောက်သုံးရသည်များ ရှိတတ်ပါသည်။ မကြာခဏဆေးသွားထိုးခြင်းသည်လည်း အခန့်မသင့်လျှင်ထိုးဆေးတချို့ကြောင့်Prednisolone ၏ဘေးထွက်ဆိုးကျိုးက ဲ့သို့ဆိုးကျိုးများဖြစ်ပေါ်တတ်ရာ မလိုအပ်ဘဲ ဆေးထိုးမိအစား ကျွမ်းကျင်သောဆရာဝန်နှင့်စနစ်တကျ ကုသမှုခံယူသင့်ပါသည်။

    အချုပ်အားဖြင့်ဆိုရသော်ရင်ကျပ်ရောဂါများသည်ရှောင်ကြဉ်သင့်သည်များကိုစနစ်တကျမရှောင်ကြဉ်ပါက ရောဂါသက်သာမည်မဟုတ်သလို ဆေးများကိုလည်း စနစ်တကျ မသုံးစွဲပါက ရောဂါမသက်သာခြင်း၊ ဘေးထွက်ဆိုးကျိုးများခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

    Inhaler ခေါ် ရှူဆေးသည်လည်းနောက်ဆုံးအဆင့်ဆေးမဟုတ်ဘဲ စသုံးသင့်သော ဆေးဖြစ်သည်။ ရှူဆေးများတွင်လည်းအမျိုးအစားပေါ်မူတည်ပြီး ရင်ကြပ်မှရှူရန်လိုသော ဆေးနှင့်ပုံမှန်ရှူရမည့်ဆေးစသည်ဖြင့်ရှိရာဆရာဝန်ညွှန်ကြားမှုကို သေချာ မမှတ်သား မလိုက်နာဘဲ ပုံမှန်ရှူသင့်သည်ကို ပုံမှန်မရှူ၊ ကြပ်မှရှူသင့်သည်ကိုပုံမှန်ရှူနေပါကလည်း ထိရောက်မည်မဟုတ်ပါချေ။ ထို့ကြောင့်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကိုသေချာစွာ လိုက်နာကုသသွားကြပါရန်အသိပေးလိုက်ရပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement