backup og meta

ဆီးချို နောက်ဆက်တွဲပြသနာများ - အာရုံကြောနာကျင်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချို နောက်ဆက်တွဲပြသနာများ - အာရုံကြောနာကျင်ခြင်း

    ဆီးချိုကြောင့်ဖြစ်သောနောက်ဆက်တွဲပြသနာများ

    ဆီးချိုကြောင့် အာရုံကြောနာကျင်ခြင်း

    အော်ဖော်ပြပါအချက်အလက်တွေဟာဆီးချီုကြောင့် အာရုံကြောထိခိုက်ခြင်းနဲ့ အာရုံကြောနာကျင်ခြင်းကိုသက်သာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

    ဆီးချီုကြောင့် အာရုံကြောရောဂါဖြစ်ခြင်းဆိုတာဘာလဲ

    ဆီးချိုဟာသင့်ကိုယ်ခန္ဓါတခုလုံးကိုကာလတာရှည် ပြဿနာတွေ ပေးတတ်ပါတယ်။ ဒီအချက်ဟာအထူးသဖြင့် သင့်အနေနဲ့ သွေးထဲကသကြားဓါတ်ကိုမထိန်းချုပ်ဘဲ နှစ်ပေါင်းများစွာ မြင့်တက်လာတဲ့အခါ ပိုမှန်ကန်ပါတယ်။ သကြားဓါတ်မြင့်ခြင်းဟာလက်တွေခြေတွေကလာတဲ့ အာရုံကြောတွေကိုထိခိုက်နိုင်ပါတယ်။ ဒါကိုဆီးချိုကြောင့် အာရုံကြောရောဂါဖြစ်ခြင်းလို့ ခေါ်ပါတယ်။

    ဆီးချီုကြောင့် အာရုံကြောထိခိုက်တဲ့အခါ လက်ချောင်း၊ ခြေမ၊ လက်၊ ခြေဖဝါးတို့မှာ ထုံတာကျဉ်တာတွေ ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့ ပူခြင်း၊ စူးခြင်းနဲ့ နာခြင်းတွေပဲ ဖြစ်ပါတယ်။ အစပိုင်းမှာနာကျင်မှုဟာသိပ်မပြင်းပေမယ့် နောက်ပိုင်းဆိုးလာတာနဲ့အမျှ ခြေထောက်တွေ၊ လက်မောင်းတွေကို ပြန့်သွားနိုင်ပါတယ်။ လမ်းလျှောက်ရာမှာနာနေပြီး နူးနူးညံ့ညံ့အရာထိရင်တောင် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

    အမေရိကန်မိသားစုသမားတော်များအကယ်ဒမီရဲ့ အဆိုအရဆီးချိုရှိသူ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းခန့်ဟာအာရုံကြောတွေ နာတတ်ပါတယ်။ အာရုံကြောနာခြင်းဟာသင့်ရဲ့အိပ်စက်ခြင်းအပြင် တခြားလုပ်ကိုင်နိုင်စွမ်းတွေကိုပါ ထိခိုက်စေပါတယ်။ ကာလအတန်ကြာနာနေခြင်းကြောင့် စိတ်ဓါတ်ကျလာနိုင်ပါတယ်။

    ဆီးချိုကြောင့် အာရုံကြောနာကျင်ခြင်းအားဘယ်လိုကုသနိုင်လဲ

    ပျက်စီးသွားတဲ့ အာရုံကြောတွေကိုအစားမထိုးနိုင်ပေမယ့် နောက်ထပ်မပျက်စီးအောင်၊ အနာသက်သာအောင် ကာကွယ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

    နာကျင်မှုကိုကုသဖို့ ပထမဆုံးအဆင့်ဟာပျက်စီးမှုတွေ ထပ်မဖြစ်အောင် သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ခြင်းပါပဲ။ သင့်ရဲ့ သွေးထဲကသကြားဓါတ်အတွက် ဘယ်လိုရည်မှန်းထားတယ်ဆိုတာ ဆရာဝန်ကို ပြောပြပြီးဘယ်လိုစောင့်ကြည့်ရမလဲလေ့လာပါ။ သကြားဓါတ်ကိုအစာမစားခင် ၇၀ ကနေ ၁၃၀ mg/dlထိရောက်အောင် လျှော့ချဖို့၊ စားပြီးချိန်မှာ ၁၈၀ mg/dlအောက် နည်းအောင် ထိန်းထားဖို့ သင့်ကိုပြောပြပါလိမ့်မယ်။

    သင့်ရဲ့သွေးထဲကသကြားဓါတ်ကိုလိုအပ်တဲ့ပမာဏမှာပဲရှိနေဖို့ အစားအစာ၊ လေ့ကျင့်ခန်း၊ ဆေးဝါးတို့ကို အသုံးပြုပါ။ ဒါ့အပြင် ဆီးချိုကိုဆိုးရွားစေမယ့် တခြားကျန်းမာရေးပြသနာတွေ မဖြစ်အောင် ဂရုစိုက်ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ ဆေးလိပ်သောက်တတ်ရင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဆရာဝန်ကိုမေးပါ။

    အစပိုင်းမှာ ဆရာဝန်ဟာ မိမိဖာသာဝယ်ယူ သောက်သုံးနိုင်တဲ့ ဆေးအမျိုးအစားတွေ ဥပမာ acetaminophen (Tylenol)၊ aspirin၊ ibuprofen (Motrin, Advil) စတာတွေ ညွှန်ပါလမ့်မယ်။ ဒီဆေးတွေဟာ ဆရာဝန်ညွှန်းစာမပါဘဲ ဝယ်နိုင်ပြီးဘေးထွက်ဆိုးကျိုးလည်းရှိတတ်ပါတယ်။ ခဏတာအတွက်ကတော့ ဆေးချိန်နည်းနည်းပဲသောက်ပါ။ သင့်အနေနဲ့ ပိုပြင်းထန်တဲ့ ကြာရှည်တဲ့ နာကျင်မှုမျိုးအတွက်ကတော့ တခြားရွေးချယ်စရာတွေ ရှိပါတယ်။

    စိတ်ကျရောဂါဆေးများ

    ဒီအမျိုးအစားဆေးတွေဟာစိတ်ကျရောဂါကိုကုသဖို့ အများဆုံးသုံးတတ်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကိုဆီးချိုကြောင့် အာရုံကြောနာကျင်ရာမှာလည်းအျားအားဖြင့် သုံးတတ်ပါတယ်။ သူတို့ဟာသင့်ဦးနှောက်ထဲကနာကျင်မှုကိုခံစားမိစေတဲ့ ဓါတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုရှိလို့ ဖြစ်ပါတယ်။ သင့်ရဲ့ ဆရာဝန်ဟာ tricyclic အမျိုးအစားစိတ်ကျရောဂါဆေးတွေဖြစ်တဲ့ amitriptyline (Elavil), imipramine (Tofranil), desipramine (Norpramin) စတဲ့ ဆေးတွေကိုညွှန်နိုင်ပါတယ်။ ဒီဆေးတွေဟာအာခေါင်ခြောက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ကြုံရနိုင်ပါတယ်။ သင့်မှာ နှလုံးရောဂါအခံရှိရင်တော့ tricyclic သောက်ဖို့ မသင့်တော်ပါဘူး။

    Serotonin မျိုးဆက်အသစ်နဲ့ norepinephrine reuptake inhibitors (SNRI) ဖြစ်တဲ့ venlafaxine (Effexor) နဲ့ duloxetine (Cymbalta) ဆေးတွေဟာ tricyclic အတွက် ပြောင်းလဲရွေးချယ်စရာဆေးတွေ ဖြစ်ပါတယ်။

    အတက်ကျဆေးများ

    အတက်ရောဂါရှိသူတွေမှာသုံးတဲ့ pregabalin (Lyrica)၊ gabapentin (Gabarone, Neurontin)၊ phenytoin (Dilantin) နဲ့ carbamazepine (Carbatrol, Tegretol) ဆေးတွေဟာအာရုံကြောနာကျင်ခြင်းကိုသက်သာစေပါတယ်။ ဒီဆေးတွေရဲ့ဆိုးကျိုးကတော့ အိပ်ငိုက်ခြင်း၊ ရောင်ခြင်းနဲ့ မူးဝေခြင်း ဖြစ်ပါတယ်။

    ဘိန်းပါသောအကိုက်ခဲပျောက်ဆေးများ

    ပိုပြီးပြင်းတဲ့ နာကျင်ခြင်းတွေအတွက် oxycodone (Oxycontin) နဲ့ tramadol (Conzip, Ultram) လိုဘိန်းပါတဲ့ဆေးတွေဟာအားကောင်းတဲ့ဆေးတွေ ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာနာကျင်မှုအတွက် နောက်ဆုံးရွေးတဲ့ဆေးတွေပဲ ဖြစ်သင့်ပါတယ်။ တခြားနည်းလမ်းတွေနဲ့ မသက်သာရင်တော့ ဒီဆေးတွေ ပြောင်းသုံးရပါမယ်။ နာကျင်မှုကိုသက်သာစေနိုင်ပေမယ့် ဒီဆေးတွေဟာဘေးထွက်ဆိုးကျိုးရှိပြီးစွဲသွားနိုင်လို့ ရေရှည်အသုံးပြုဖို့ မဟုတ်ပါဘူး။ ဘိန်းပါတဲ့ဆေးကိုသောက်နေရင် သတိကြီးစွာထားရပြီး ဆရာဝန်နဲ့ မပြတ်ဆက်သွယ်နေဖို့လည်းလိုပါတယ်။

    အကိုက်အခဲပျောက်လိမ်းဆေးများ

    နာကျင်တဲ့နေရာကိုလိမ်းဖို့အတွက် ဆေးအမျိုးအစားတွေ ရှိပါတယ်။ Capsaicin cream (Arthricare, Zostrix) ဟာငရုတ်ကောင်းထဲကပစ္စည်းတမျိုးကိုသုံးထားပြီးနာကျင်မှုဖြစ်စေတဲ့ အာရုံကြောအချက်ပြမှုတွေကိုတားမြစ်ပေးပါတယ်။ Capsaicin ထုတ်ကုန်တွေဟာလူတချို့ကိုယားယံစေပါတယ်။ Lidocaineသုံးထားတဲ့ ဆေးဖတ်ဟာလည်းအရေပြားပေါ်အုပ်ထားနိုင်ပြီးနာကျင်မှုကိုသက်သာစေပါတယ်။ ဒီဆေးဟာလည်းနည်းနည်းတော့ ယားတတ်ပါတယ်။

    အခြားရွေးချယ်စရာကုသနည်းများ

    အချို့နည်းလမ်းအနည်းငယ်ဟာသက်သေတော့ မပြနိုင်သေးပေမယ့် အာရုံကြောနာကျင်ခြင်းအတွက် ရွေးချယ်ကုသစရာတွေ ရှိပါတယ်။ အောက်ပါအတိုင်းပါဝင်ပါတယ်။

    • Alpha lipoic acid နှင့် acetyl-L-carnitineကဲ့သို့ ဖြည့်စွက်ဆေးများ
    • လျှပ်စစ်ပစ္စည်းကိရိယာဖြင့် ကိုယ်တွင်းလှုပ်ရှားမှုကိုစောင့်ကြည့်ခြင်း (biofeedback)
    • တရားထိုင်ခြင်း
    • အပ်စိုက်ကုခြင်း
    • အိပ်မွေ့ချခြင်း

    နောက်ဆက်တွဲပြဿနာကိုဘယ်လိုဖြေရှင်းနိုင်သလဲ

    ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာနာကျင်မှုကို ဖြစ်စေပြီး လှုပ်ရှားနိုင်စွမ်းကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခြေဖဝါးရဲ့ ကျန်းမာရေးကိုလည်းဂရုတစိုက်ရှိဖို့ အရေးကြီးပါတယ်။ ခြေထောက်ကိုပိုဂရုစိုက်နိုင်အောင် အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်ပါ။

  • သင့်ခြေဖဝါးမှာ အကွဲအရှ၊ အနာများ၊ ရောင်ရမ်းခြင်းနဲ့ တခြားပြသနာတွေရှိမရှိနေ့စဉ်စစ်ဆေးပါ။ ရောဂါပိုးမဝင်ခင်အထိတော့ ဒီပြသနာတွေ မခံစားရပါဘူး။ ရောဂါပိုးဝင်တဲ့အခါ မကုဘဲထားရင် ဆိုးဆိုးရွားရွားနောက်ဆက်တွဲတွေ ဥပမာခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
  • ခြေထောက်ကိုနေ့စဉ် ရေနွေးနွေးဖြင့်ဆေးကြောပြီးနောက် ခြောက်အောင်သုတ်ပါ။ ပြီးရင် အစိုဓါတ်ရှိအောင် လိမ်းဆေးရည်လိမ်းပါ။ ခြေမကြားထဲတော့ မလိမ်းမိအောင် သတိထားပါ။
  • သက်သာချောင်ချိပြီးတော်တဲ့ ဖိနပ်စီးပါ။ အခန်းထဲလမ်းလျှောက်ပေးပါ။ ရှူးဖိနပ်အသစ်တွေ ဝယ်ရင်ခြေထောက်မနာအောင် ဖြည်းဖြည်းစွပ်ပါ။ ပုံမှန်ဖိနပ်များနဲ့ အဆင်မပြေရင် အထူးဖိနပ်များစီးနိုင်ရန် ဆရာဝန်ကို မေးပါ။
  • ခြေထောက်ကို ရှူးဖိနပ်၊ ညှပ်ဖိနပ် သို့ ခြေအိတ်ထူများစွပ်ထားပြီးထိခိုက်မှုမဖြစ်အောင် ကာကွယ်ပါ။
  • ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းကိုကာကွယ်ဖို့နည်းလမ်းရှိလား

    နာကျင်မှုကိုရှောင်ရှားဖို့ အကောင်းဆုံးနည်းကတော့ အာရုံကြောထိခိုက်မှုမဖြစ်အောင် သွေးထဲကသကြားဓါတ်ကိုအမြဲထိန်းပါ။ အစားအစာ၊ လေ့ကျင့်ခန်း၊ ကုသမှုများနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ အကြံပေးချက်ကိုလိုက်နာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement