backup og meta

မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ

    မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ က အများကြီး ရှိပါတယ်။ ဥပမာ လူကြီးတွေအနေနဲ့ အပြင်သွားလာတဲ့အချိန် ဒါမှမဟုတ် အရေးကြီးကိစ္စရှိနေတဲ့အချိန် ရုတ်တရက်ဆီးသွားချင်တာ၊ အမြန်မဖြေရှင်းရင် ချက်ချင်းထွက်ကုန်တာမျိုး၊ ချောင်းဆိုးလိုက်လို့၊ နှာချေလိုက်လို့ ဆီးထွက်ကုန်တာ အတော်ဆိုးပါတယ်။ အဆိုးဆုံးက အားရပါးရမရယ်ရဲတာပါပဲ။

    လူကြီးမိဘတွေမှာ ဖြစ်တတ်တယ်လို့ပြောလေ့ရှိကြပေမယ့် အသက်ကြီးသူတွေမှာတင်မကဘဲ ဆီးအိမ်ပြဿနာရှိတဲ့ လူငယ်တွေမှာပါ ဖြစ်ကြတာရှိနေပါတယ်။ ဆီးမထိန်းနိုင်တာက သီးခြားရောဂါတစ်ခုမဟုတ်ပေမယ့် ခံစားရခက်တဲ့ လက္ခဏာတစ်ခုဖြစ်နေတော့ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ဆို လမ်းမှာတင် ကားရပ်ပြီးအိမ်သာရှာရတာ၊ ယောကျာ်းလေးတွေဆို အိမ်သာရှာချိန်မရဘဲ လမ်းဘေးပြေးဆင်းရတာ မကြာခဏ။ မိန်းကလေးတွေကျ ပိုဆိုးပြီပေါ့၊ ယောကျာ်းလေးတွေလိုလည်း အမြန်ဖြေရှင်းလို့မရ၊ ဆီးနည်းနည်းလေးထွက်ရုံနဲ့တင် အဝတ်အစားမှာကွက်တာ ပေတာဖြစ်ခဲ့ရင် ပိုအခက်တွေ့ရတာပါ။

    မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ

    မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ က နေ့စဉ်လုပ်နေကျ အမူအကျင့်တွေကြာင့်ဖြစ်နိုင်သလို တခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေကြောင့် ဆီးမထိန်းနိုင်တဲ့ လက္ခဏာက ယာယီဖြစ်တတ်ပါတယ်။

    ဥပမာ – ဆီးဆေးသောက်ရင် ဆီးအရမ်းသွားမယ်၊ မကြာခဏသွားမယ်၊ အောင့်ထားရင် မထိန်းနိုင်ဘဲထွက်မယ်။ အရက်ဘီယာ၊ ကဖင်း၊ ဂက်စ်ပါတဲ့အချိုရည်၊ သကြားအတုချောကလက်၊ အချဉ်အစပ်တွေ၊ နှလုံးသွေးတိုးနဲ့ဆိုင်တဲ့ ဆေးဝါးတွေ၊ ကြွက်သားပြေလျော့စေတဲ့ ဆေးဝါးတွေကြောင့် ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    နောက်တစ်ချက်က ဆီးလမ်းကြောင်းပိုးဝင်ခြင်း နဲ့ ဝမ်းချုပ်ခြင်းတို့လို ကုသရလွယ်တဲ့ရောဂါတစ်မျိုးမျိုးကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

    တာရှည်ခံစားရတဲ့ ဆီးမထိန်းနိုင်ခြင်း

    ဒီလူတွေမှာ ဆီးမထိန်းနိုင်ခြင်းကို ကာလတာရှည် ခံစားရနိုင်ပါတယ် –

  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
  • ဟော်မုန်းအပြောင်းအလဲနဲ့ သန္ဓေသားကြောင့်ကိုယ်အလေးချိန်တိုးလာတဲ့အတွက် ဆီးအိမ်ကို ဖိစီးမှုဖြစ်စေပြီး ဆီးမထိန်းနိုင် ဖြစ်စေတယ်။

    သဘာဝအတိုင်းကလေးမွေးထားသူတွေမှာ ဆီးအိမ်ထိန်းချုပ်ဖို့ လိုအပ်တဲ့ကြွက်သားတွေကို အားနည်းစေပါတယ်။ ဆီးအိမ်ရဲ့ အာရုံကြောတွေကိုလည်း ထိခိုက်နိုင်တော့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ ကျွံကျစေနိုင်ပါတယ်။ ဆီးအိမ်၊ သားအိမ်၊ အူသိမ်ပိုင်း တို့လို ဆီးခုံတဝိုက်က အတွင်းအစိတ်အပိုင်းတွေက မူလအနေအထားမှာမရှိတော့ဘဲ မိန်းမကိုယ်ဆီကို ကျွံကျလာတဲ့အခါ ဆီးမထိန်းနိုင်တာတွေဖြစ်လာနိုင်ပါတယ်။

    • အသက်ကြီးရင့်သူတွေ

    ဆီးအိမ်ကြွက်သားတွေ အိုမင်းလာတဲ့အခါ ဆီးကိုထိန်းထားနိုင်စွမ်း လျော့နည်းလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆီးအိမ်က အလိုအလျောက်ကျုံ့တာ မကြာခဏဖြစ်လာပါတယ်။

    သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းနံရံသားကျန်းမာအောင် ထိန်းပေးတဲ့ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုနည်းလာပါတယ်။ ဒီတစ်ရှူးတွေ ယိုယွင်းလာတဲ့အခါ ဆီးမထိန်းနိုင်တော့ပါဘူး။

    • သားအိမ်ထုတ်ခွဲစိတ်ထားတဲ့သူတွေ

    သားအိမ်ထုတ်တဲ့ခွဲစိတ်မှုကြောင့် ဆီးအိမ်ကိုထောက်ပံ့ပေးတဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ထိခိုက်စေပြီး ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • ဆီးကျိတ်ကြီးနေတဲ့သူတွေ
  • အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးခြင်းကြောင့် ဆီးမထိန်းနိုင်တာဖြစ်လာနိုင်ပါတယ်။

    • ဆီးကျိတ်ကင်ဆာရှိသူတွေ

    အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဆီးကျိတ်ကင်ဆာကြောင့် ဆီးမထိန်းနိုင်တာ ဖြစ်နိုင်သလို ကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းခံစားနေရသူတွေ

    ဆီးလမ်းကြောင်းတလျှောက် ဘယ်နေရာမှာမဆို အကျိတ်ရှိနေရင် ဆီးပုံမှန်စွန့်ထုတ်မှုကို ပိတ်ဆို့နေရင် ဆီးကနည်းနည်းချင်းထွက်နေမှာဖြစ်ပါတယ်။ ဆီးကျောက်တည်ခြင်းကြောင့်လည်း ဆီးတစက်စက်ထွက်နေစေနိုင်ပါတယ်။

    • အာရုံကြောရောဂါရှိသူတွေ

    ဦးနှောက်အာရုံကြောရောဂါ (Multiple sclerosis) ၊ ပါကင်ဆန်ရောဂါ၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်နဲ့ကျောရိုးမကြီးထိခိုက်ခြင်းတို့ကြောင့် ဆီးအိမ်ထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ အာရုံကြောသတင်းပို့ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    • ကိုယ်အလေးချိန်များတဲ့သူတွေ

    ဝတဲ့သူဟာ ဆီးအိမ်နဲ့ ပတ်ပတ်လည်ကြွက်သားတွေကို ဖိအားပိုများစေပြီး အားနည်းစေတဲ့အတွက် ချောင်းဆိုး၊ နှာချေ၊ ရယ်မောတာလောက်နဲ့ ဆီးထွက်စေတတ်ပါတယ်။

    • ဆေးလိပ်သောက်တဲ့သူတွေ

    ဆေးလိပ်သောက်ခြင်းက ဆီးမထိန်းနိုင်ခြင်းကို ဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။

    • တခြားနာတာရှည်ရောဂါတွေ

    သွေးကြောဆိုင်ရာရောဂါတွေ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမားတို့လို ရောဂါတွေကြောင့်လည်း ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ဆီးမထိန်းနိုင်တဲ့ သူတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းကို လိုက်ပြီး ကုသဖို့ လိုပါတယ်။ ဆီးမထိန်းနိုင်တဲ့ သူတွေက ကုသမှုခံယူနေစဉ်မှာ ဆေးအာနိသင်ပြဖို့ အချိန်တစ်ခုတော့ စောင့်ရနိုင်ပါတယ်။ ဒီအတောအတွင်း သွားလာရ၊ အလုပ်လုပ်ရ အဆင်ပြေအောင် လူကြီးသုံးသေးခံ (Adult Diaper) သုံးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement