backup og meta

ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)

    ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)

    (၃) ခရီးထွက်ပါ။

    ဒီအချက်ကတော့ နည်းနည်းပြောရခက်ပါတယ်။ ခရီးထွက်ဖို့ဆိုရင် အချိန်ရယ်၊ငွေရယ်၊ကျန်းမာရေးရယ် ဒီသုံးခုပြည့်စုံဖို့ လိုအပ်တဲ့အတွက်ပါ။ နံပါတ်တစ် အချိန်ကတော့ သင့်မှာ အကြွယ်ဝဆုံးမို့ အထူးဆိုစရာ မရှိပါဘူး။ နံပါတ် နှစ်ကလည်း သင့်ရဲ့ အတိတ်ကာလ လုပ်ဆောင်ခဲ့မှုတွေအပေါ် မူတည်ပြီး ဒီအချိန်မှာ ကောင်းကျိုး၊ဆိုးကျိုးနှစ်ထွေကို ပြန်လည်ခံစားရပါမယ်။ နံပါတ် သုံး ကျန်းမာရေးကတော့ အရေးကြီးဆုံးနဲ့ အရှားပါးဆုံး ဖြစ်လာမှာပါ။ တကယ်လို့ သင်ဟာ ကံကောင်းထောက်မလို့ ဒီအချက်သုံးချက်လုံး ရာနှုန်းပြည့်မဟုတ်ရင်တောင် ရာခိုင်နှုန်းအတော်များများ ပြည့်စုံနေမယ်ဆိုရင် အကြံပေးလိုတာကတော့ ခရီးထွက်ပါ။ ဖြစ်နိုင်ရင် ပြည်ပခရီးထွက်ပါ၊ခရီးဝေးထွက်ပါ။ မဖြစ်နိုင်ရင် နေ့ချင်းပြန်ပဲဖြစ်ဖြစ် ခရီးထွက်ပါ။ ဒီလို ခရီးထွက်ခြင်းအားဖြင့် အာရုံအပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် အိမ်မှာပဲ ထိုင်ပြီး စိတ်ဓါတ်ကျနေတာနဲ့စာရင်တော့ သင့်ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ လိုရင်းပြောရရင်တော့ သင့်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေမယ့် ခရီးထွက်ခြင်းပါ။ ဒါကြောင့် သင့်အထုပ်အပိုးတွေကို အခုပဲ ပြင်လိုက်ပါတော့။

    (၄) သားအချစ်၊မြေးအနှစ်တွေ ဝေမျှပါ။

    ပင်စင်ယူချိန်မှာ သင်ဟာ သားသမီးထိန်းရမယ့် အရွယ်မဟုတ်နိုင်တော့ပေမယ့် မြေးထိန်းရမယ့် အရွယ်တော့ ဖြစ်နေပါပြီ (FA မဟုတ်ခဲ့ရင်ပေါ့ :P)။ တွတ်တီးတွတ်တာ ပြောပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ သင့်စိတ်ကို ကြည်နူးလန်းဆန်းစေမယ့်အပြင် သူတို့နောက် တကောက်ကောက် လိုက်ကြည့်ရင်း လေ့ကျင့်ခန်းလုပ်ပြီးသားပါ ဖြစ်စေမယ့် မြေးထိန်းရာထူးကို ဂုဏ်ယူဝံ့ကြွားစွာ ရယူလိုက်ပါ။

    (၅) မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပါ။ မိတ်သစ်ဆွေသစ်တွေ တိုးချဲ့ပါ။

    ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေနဲ့ ချိန်းဆိုပြီး စကားမမြည်ပြောတာမျိုး၊Good Old Days တွေကို စားမြုံ့ပြန်တာမျိုးဟာ သင့်စိတ်ကို နုပျိုလန်းဆန်းလာစေပြီး ရှင်သန်မှုကိုလည်း အဓိပ္ပါယ်ရှိလာစေနိုင်ပါတယ်။ အရင်က အလုပ်ကိုယ်စီနဲ့ မအားလပ်လို့ မတွေ့နိုင်၊မတွေ့ဖြစ်ကြတဲ့ မိတ်ဆွေတွေနဲ့ ရင်ဘတ်ချင်းဖွင့်ပြီး စကားပြောရတာ ကျေနပ်စရာပါ။

    မိတ်သစ်ဆွေသစ်ဆိုရာမှာ ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေနဲ့ မိတ်ဖွဲ့ပြီး အတွေ့အကြုံတွေ မျှဝေပေးနိုင်သလို ကိုယ်နဲ့ရွယ်တူမိတ်သစ်ဆွေသစ်တွေနဲ့လည်း ဘဝအတွေ့အကြုံတွေ၊ကျန်ရှိနေသေးတဲ့ သက်တမ်းတလျှောက် နေထိုင်သွားမယ့် နည်းလမ်းတွေကို မျှဝေ ဆွေးနွေးနိုင်ပါတယ်။ ဒါဆိုရင် ပင်စင်စားဖိုးဖိုးဖွားဖွားတွေရဲ့ ဘဝဟာ ပိုပြီး အဓိပ္ပါယ်ရှိလာကာ မိမိကိုယ်ကိုယ် အသုံးဝင်သေးကြောင်းလည်း ခံစားသိလာစေမှာပဲ ဖြစ်ပါတယ်။

    (၆) တရားဘာဝနာအားထုတ်ပါ။

    ဘယ်ဘာသာ ကိုးကွယ်သူမဆို မိမိရဲ့ ဘာသာတရားအဆုံးအမတွေကို လိုက်နာကျင့်ကြံအားထုတ်ခြင်းအားဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာဘဝကို ရရှိစေနိုင်ပါလိမ့်မယ်။ စေတီပုထိုးဘုန်းကြီးကျောင်းကိုပဲသွားသွား၊ဘုရားရှိခိုးကျောင်းပဲတက်တက်၊ဗလီပဲ ရောက်ရောက် မိမိကိုးကွယ်တဲ့ဘာသာအလိုက် ဘုရားအရိပ်အောက်ခိုဝင်ခြင်းဟာ သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။

    (၇) ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    ဒီအရွယ်မှာဆိုရင် သင့်ကျန်းမာရေးဟာ အတက်ထက် အကျဖက်ကို ရောက်ရှိလို့လာပြီဖြစ်တဲ့အတွက် အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့မပေါက်ရလေအောင် ကျန်းမာရေးကို ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် ခြောက်လတခါ၊တစ်နှစ်တခါ ကျန်းမာရေးစစ်ဆေးပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ကိုယ့်အသက်အရွယ်နဲ့ သင့်တော်မျှတသလောက် လုပ်ပေးပါ။ အအိပ်အနေနည်းလာပြီဖြစ်တဲ့ ဒီအရွယ်မှာ မနက်စောစောထ လမ်းလျှောက်တာ အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။

    ဒီလောက်ဆိုရင်တော့ ပင်စင်စားဖိုးဖိုးဖွားဖွားတွေရော၊ပင်စင်စားတော့မယ့် ဦးကြီးဒေါ်လေးတို့ပါ ဗဟုသုတ၊တွေးစရာလေးတွေ ရသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ လူတယောက်ရဲ့ဘဝမှာ အိုဇာတာကောင်းဖို့ဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ ငယ်တုန်းရွယ်တုန်းမှာ ကျန်းမာရေးကို ဂရုမစိုက်၊မဆင်မခြင်နေခဲ့မယ်၊အိုစာမင်းစာအတွက် စုမိဆောင်းမိလည်း မရှိဘူးဆိုရင်တော့ ပင်စင်နာရောဂါဟာ မိတ်ဆွေအတွက် ပိုပြင်းထန်ပါလိမ့်မယ်။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်နိုင်ရင် အကောင်းဆုံးပဲဖြစ်တာမို့ အားလုံးပဲ အတ္တ၊ပရ နှစ်ဖြာ မျှတအောင် ကြိုးစားရင်း အိုဇာတာကောင်းနိုင်ကြပါစေ၊ပင်စင်နာမှ ကင်းဝေးပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်ခင်ဗျာ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement