ခန္ဓာကိုယ်လှုပ်ရှားလေ့ကျင့်မှု (physiotherapy) ပြုလုပ်အပြီးမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုတစိုက်ထိန်းသိမ်းမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အခြားသော ကုသမှုပုံစံတွေလိုပါပဲ၊physiotherapy ကုသမှုခံယူအပြီးမှာ ကုသမှုရဲ့အာနိသင်တွေ တာရှည်ခံစေဖို့နဲ့ ရောဂါလက္ခဏာတွေ နောက်တကြိမ်ထပ်ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် သင့်ကိုသင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ဘယ်လိုမျိုး ဂရုစိုက်ရမယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအစာတွေဟာ အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ် (ဥပမာ သင့်ခန္ဓာကိုယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း၊physiotherapy ကုသမှုရဲ့ အကျိုးသက်ရောက်မှုကို အားပေးကူညီခြင်း စသည်)။

physiotherapy ပြုလုပ်အပြီးမှာ ပြန်လည်ကောင်းမွန်ဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် သင့်ကြွက်သားတွေဟာ ပရိုးတင်းဓာတ်ကို လိုအပ်မှာဖြစ်ပြီး ကြက်ဥ၊ဘဲဥ၊ချောကလက်၊နို့ ဒါမှမဟုတ် whey ပရိုတင်းတို့ကနေ ရရှိနိုင်ပါတယ်။ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ပရိုတင်းတွေကို အများကြီးနင်းကန်စားဖို့ မလိုပါဘူး။တနေ့ကို ၁၀ – ၂၀ ဂရမ်လောက်စားပေးရင် သင့်ကြွက်သားတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

physiotherapy ကုသမှုခံယူပြီးချိန်မှာ ကာဗိုဟိုက်ဒရိတ်ပမာဏအနည်းငယ်ပါဝင်တဲ့ အစားအစာတွေကို စားပေးခြင်းအားဖြင့် အင်ဆူလင်ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးကူညီနိုင်ပါတယ်။ဒါဆိုရင် သင့်ခန္ဓာကိုယ်အနေနဲ့ စွမ်းအင်လောင်စာရဖို့အတွက် ဂလူးကို့စ်ဓာတ်ကို ပိုမိုလွယ်ကူစွာ လောင်ကျွမ်းနိုင်မှာ ဖြစ်ပါတယ်။

အစေ့အဆံတွေ၊ဂျုံ၊ဘယ်ရီသီးတွေ (စတော်ဘယ်ရီ၊ဘလူးဘယ်ရီ၊ရက်စ်ဘယ်ရီသီး စသဖြင့်)၊အဆီထုတ်ထားတဲ့ နွားနို့၊flaxseed၊ဒိန်ချဉ်၊အသီးအရွက် နဲ့ အခြားသော သစ်သီးတွေကို များများစားပေးသင့်ပါတယ်။သင့်ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်က သင်စားသင့်တဲ့ သို့မဟုတ် ရှောင်ရှားသင့်တဲ့ အစားအသောက်တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ရေဓာတ်လုံလောက်ပါစေ။

physiotherapy ကုသမှုလေ့ကျင့်ခန်းဟာ ချွေးတွေထွက်မှာဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်အပြီးမှာ ရေဓာတ်လုံလောက်အောင် ထိန်းသိမ်းထားဖို့လည်း အရေးကြီးပါတယ်။သင်ချွေးထွက်တာဟာ ရေဓာတ်ဆုံးရှုံးတာဖြစ်ပြီး ရေ ဒါမှမဟုတ် အခြားအရည်တွေ သုံးစွဲပြီး  ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ရေဓာတ်ဆုံးရှုံးတဲ့အခါ သင့်အနေနဲ့ မူးဝေလာမှာဖြစ်ပြီး ကြွက်သားတွေလည်း ကောင်းစွာ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။

ဒါ့အပြင် အခြားသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပြီး မကြာခင်မှာ ကြွက်တက်လာမှာ ဖြစ်ပါတယ်။ရေဓာတ်ဆုံးရှုံးနေမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ဝေဒနာတွေဟာ ပိုမိုကြာရှည်စွာ ရှိနေမှာဖြစ်ပါတယ်။

ရေ ဒါမှမဟုတ် အခြားသော အရည်တွေသောက်ပေးခြင်းဟာ သင့်ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကောင်းမွန်စွာ ကျဆင်းစေပြီး ခန္ဓာကိုယ်အပူချိန်ကိုလည်း ပုံမှန်ပမာဏအတွင်းမှာပဲ ရှိနေစေမှာ ဖြစ်ပါတယ်။

ရေသောက်ရင် ဗိုက်လည်းပိုပြည့်တဲ့အတွက် ကယ်လိုရီပမာဏလည်း နည်းနည်းပဲ စားဖြစ်တော့မှာ ဖြစ်ပါတယ်။သင့်အနေနဲ့ ရေ၊နို့ ဒါမှမဟုတ် ဖျော်ရည်တွေကို သောက်သုံးနိုင်ပါတယ်။ဒါပေမယ့် ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ရေဓာတ်ဆုံးရှုံးခြင်းကို အားပေးတာမို့ ကော်ဖီတော့ မသောက်သင့်ပါဘူး။

အိပ်ရေးဝဝအိပ်ပါ။

ခန္ဓာကိုယ်ပြန်လည်ကုသတဲ့ ဖြစ်စဉ်မှာ အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်။တကယ်လို့ သင့်အနေနဲ့ ရောဂါအခြေအနေကိုပဲ ဖြစ်ဖြစ်၊ကုသမှုနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် စိုးရိမ်ပူပန်မှုမျိုးရှိနေတယ်ဆိုရင် အိပ်စက်ခြင်းဟာ သင့်စိတ်ကို အနည်းနဲ့အများ တက်ကြွလာစေမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် နေ့သစ်မှာ အားအင်သစ်တွေ ရှိနေပြီဖြစ်တဲ့ သင့်အနေနဲ့ ကုသမှုအစီအစဉ်ကို လွယ်ကူတက်ကြွစွာ လိုက်နာဆောင်ရွက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။အိပ်စက်ခြင်းဟာ သင်လေ့ကျင့်ခန်းလုပ်ဖို့ စွမ်းအင်တွေကိုလည်း ချွေတာပေးပါသေးတယ်။

ဒါကြောင့် သင့်အနေနဲ့ ဘာမဆိုလုပ်ဖို့ အားအင်တွေ ရှိနေပြီ ဖြစ်ကာ ကြွက်သားတွေ တင်းမာမနေတော့သလို နာကျင်မှုတွေလည်း လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။အချုပ်ပြောရရင် သင့်အနေနဲ့ တနေ့ကို ၇နာရီကနေ ၉နာရီကြား အိပ်စက်သင့်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေကို ရှောင်ရှားပါ။

ဆေးလိပ်၊အရက် စတာတွေကို အကန့်အသတ်နဲ့ သုံးစွဲပါ။ဖြစ်နိုင်ရင် လုံးဝရှောင်ပါ။ဆေးလိပ်သောက်ခြင်းဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် သင့်ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာ၊နှလုံးရောဂါနဲ့ အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဦးတည်စေပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့အပြင် ထိခိုက်ဒါဏ်ရာရမှုတွေကိုလည်း ပိုများစေနိုင်ပါတယ်။

အရက်သောက်ခြင်းကတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ ဆက်နွယ်နေတဲ့အပြင် physiotherapy ကုသမှုတွေခံယူနေစဉ်မှာလည်း မတော်တဆထိခိုက်နိုင်ချေကို များစေပါတယ်။

စိတ်ရှည်ပါ။

သင့်အနေနဲ့ သိသာထင်ရှားတဲ့ အကျိုးအာနိသင်တွေကို ချက်ချင်းကြီးတော့ မြင်ရမှာ မဟုတ်ပါဘူး။ဒါပေမယ့် စိတ်မလျှော့လိုက်ပါနဲ့။ဘယ်အရာမဆို အောင်မြင်မှုရဖို့ အချိန်တခု ပေးရပါတယ်။တဖြည်းဖြည်းနဲ့ သင့်ခန္ဓာကိုယ်မှာ အကောင်းဖက်ပြောင်းလဲလာတာတွေကို တွေ့မြင်လာရမှာ ဖြစ်ပါတယ်။

လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရပါတယ်။အချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုတွေကို မြင်လာရမှာပါ။physiotherapy ကုသမှုလေ့ကျင့်ခန်းတွေဟာ ထိရောက်ပြီး အန္တရာယ်မရှိဖူးဆိုပေမယ့် သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်း၊အိပ်ရေးဝဝအိပ်ခြင်း အစရှိတဲ့ အမူအကျင့်ကောင်းတွေကို လေ့ကျင့်ပျိုးထောင်ပြီး မိမိကိုယ်ကို ဂရုစိုက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

ကုသမှုလေ့ကျင့်ခန်းကို ထိခိုက်စေမယ့် အမူအကျင့်ဆိုးတွေကို ရှောင်ကျဉ်ဖို့လည်း မမေ့ပါနဲ့ဦး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 1, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝငျဘာ 1, 2017

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။