မိန်းမကိုယ် ချွေးစော်အရမ်းမနံအောင် ဘယ်လိုကာကွယ်မလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ခန္ဓါရဲ့ ချွေးထွက်အများဆုံးသော နေရာကိုပြောပါဆိုရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ပဲ ဆိုရမှာပါ။ ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓါရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ရေငွေ့အဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ပုပ်သိုးသိုးအနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။

အတွင်းခံဘောင်းဘီေတွ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတာ အရမ်းကို စိတ်ညစ်စရာနော်။ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် တစ်ဖက်လူ မခံမရပ်နိုင်ဖြစ်ရလောက်တဲ့အထိ မဆိုးရွားစေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ ချည်သားအတွင်းခံေတွကိုသာ ဝတ်ဆင်ပါ။ ချည်သားတွေက ချွေးစုပ်ယူမှု ပိုအားကောင်းတဲ့အပြင် လေဝင်လေထွက်ပေါက်လည်း ရှိစေတဲ့အတွက် အထဲမှာအောင်းနေတဲ့ ချွေးတွေကို အမြန်ခြောက်စေကာ အသားကိုအေးမြစေပါတယ်။

၂။ အတွင်းခံသည် ကိုယ့်ရဲ့ ခန္ဓါကိုယ်အတွက် ချောင်နေတာမျိုး၊ အရပ်ကျပ်နေတာမျိုးမဟုတ်ဘဲ အနေတော်ဆိုဒ် ဖြစ်နေရမှာပါ။

၃။ အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီ၊ ဘောင်းဘီအတိုတွေအစား ထမီ၊ စကပ်မျိုးတွေ များများဝတ်ဆင်ပေးပါ။

၄။ အိတ်ထဲမှာ အတွင်းခံဘောင်းဘီတစ်ထည် လိုလိုမယ်မယ် ဆောင်သွားပါ။ အပြင်မှာ နေတာအရမ်းကြာသွားလို့၊ တစ်နေကုန် ချွေးတွေနဲ့ ရွှဲနေတယ်ဆိုရင် အိမ်သာထဲဖြစ်ဖြစ် သွားပြီး လဲလိုက်ပါ။ ဝတ်ပြီးသားအတွင်းခံကိုတော့ အိတ်တစ်ခုထဲ ထည့်ပြီး အလုံပိတ်ထားပါ။

၅။ Gym ကစားတဲ့၊ အားကစားလုပ်တဲ့ လေဒီလေးတွေဆိုရင် အိမ်ပြန်ပြီး ချွေးခြောက်တဲ့အထိ မစောင့်ဘဲ Gym မှာ ရေမိုးချိုးပြီး သန့်ရှင်းတဲ့အဝတ်အစားလဲပြီးမှ ပြန်ပါ။

၆။ အမွေးအမျှင်တွေ အရမ်းထူလွန်းနေတယ်ဆိုရင် မိန်းမကိုယ်နေရာတစ်ဝိုက် bikini wax လုပ်ခြင်းဖြင့် အမွေးရိတ်တာ၊ ဒါမှမဟုတ် အိမ်မှာပဲ ကပ်ကြေးနဲ့ ပါးပါးလေးဖြစ်အောင် ညှပ်ထားပါ။ အမွေးဆိုတာ ထူလွန်းရင်လည်း ချွေးနဲ့ အညစ်အကြေးတွေ အောင်းပြီး အနံ့ဆိုးထွက်ဖို့ ပိုလွယ်လို့ပါ။

၇။ ချွေးနံ့ပျောက်အောင်ဆိုပြီး ရေမွှေးစွတ်တာ၊ အမွှေးနံ့သာဖျန်းတာ မလုပ်ပါနဲ့။ အရေပြားကို ယားယံစေပြီး ဘက်တီးရီးယားပိုးတွေ ပိုပေါက်စေနိုင်လို့ပါ။

၈။ ရေကို တတ်နိုင်ရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သေချာချိုးပေးပါ။ မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးဘဲ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ အရှေ့မှ အနောက်သို့ ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး ဆေးကြောပါ။

သိထားရမှာတစ်ခုကတော့ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နေပါစေ၊ အနံ့အသက်က အနည်းငယ်တော့ စွဲကျန်နေမှာပဲ။ အရမ်းစိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်မနေဖို့သာ အဓိကကျတာပါ။ မိန်းမကိုယ်သန့်ရှင်းခြင်းဟာ အမျိုးသမီးတွေအတွက် အရေပြားပြဿနာတွေနဲ့ မှိုစွဲတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တာကြောင့် သေချာတော့ ဂရုစိုက်သင့်တယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 13, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။