Methamphetamine သုံးနေလား၊ ဒီအကျိုးဆက်တွေ သတိထား…

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Methamphetamine (မီသမ်ဖက်တမင်း) ဆိုတာက အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်းခြင်းရောဂါ ကိုကုသရာမှာသုံးတဲ့ဆေးဝါးတစ်မျိုးပါ။ ဦးနှောက်အတွင်းသဘာဝအတိုင်းရနိုင်တဲ့ ပမာဏကိုပြောင်းပေးတယ်၊ ဗဟိုအာရုံကြောအဖွဲ့အစည်း လှုံ့ဆော်ပေးတဲ့ဆေးအမျိုးအစားထဲမှာပါဝင်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်နဲ့သာသုံးရတဲ့ ဒီဆေးကို မူးယစ်ဆေးဝါးအဖြစ် တလွဲသုံးစွဲသူတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေများလာရပါတယ်။

ဆေးပြားပုံစံ၊ အမှုန့်ပုံစံ၊ အခဲပုံစံ စတဲ့ ဗားရှင်းအမျိုးမျိုးနဲ့ တရားမဝင်သုံးစွဲကြသူတွေအတွက် ဘာအကျိုးဆက်တွေရှိနိုင်လဲဆိုတာ လူတိုင်းသိထားသင့်ပါတယ်။ တစ်ခဏတာ စိတ်ခံစားချက်သာယာမှုအတွက် ဘဝမှာ ပြင်မရတဲ့ဆိုးကျိုးဒဏ်တွေဖြစ်စေခဲ့ရင် မတန်ပါဘူးနော်။ မူးယစ်ဆေးအဖြစ်နဲ့ သုံးမယ်ဆို အရင်ဆုံးဖြစ်လာမယ့်အကျိုးဆက်ကတော့ ရှင်းပါတယ်။ သက်ဆိုင်ရာရဲ့ အဖမ်းခံရမှာပါ။ ပြီးရင် ခန္ဓါကိုယ်မှာဖြစ်လာမယ့် အကျိုးဆက်တွေကို ဆက်ပြီးဖော်ပြပေးပါ့မယ်။

ဆေးသုံးနေသူတစ်ယောက်မှာ ဘယ်လိုလက္ခဏာတွေရှိတတ်လဲ

ကိုယ့်မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့လူတစ်ယောက်မှာ အပြောင်းအလဲတွေဖြစ်လာတာ သတိထားမိရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။ Meth သုံးနေသူ သို့မဟုတ် စွဲနေသူတစ်ယောက်မှာ –

  • ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင် သို့မဟုတ် ဖြီးလိမ်းပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ဘူး၊
  • အမြဲလိုလို ဆံပင်တွေနုတ်နေခြင်း၊ အရေပြားကိုဆိတ်ဆွနေတာ
  • အစာစားချင်စိတ်မရှိ၊ ကိုယ်အလေးချိန်ကျလာတာ၊
  • မျက်စိသူငယ်အိမ်ကျယ်လာပြီး မျက်လုံးအကြည့်ဂနာမငြိမ်တာ
  • အိပ်စက်မှုပုံစံ ပုံမှန်နဲ့မတူတော့တာ- ရက်အတော်ကြာ သို့မဟုတ် ရက်သီတင်းပတ်နဲ့ချီပြီး မအိပ်တာ
  • လမ်းလျှောက်ပုံ ဆတ်တောက်ဆတ်တောက်ဖြစ်တာ၊ လှုပ်ရှားမှုအပြောင်းအလဲမြန်တာ၊ မျက်နှာမှာ ဆတ်ခနဲအကြောဆွဲတတ်တာ၊ တက်ကြွလွန်အပြုအမူများ၊ စကားအဆက်မပြတ်ပြောလွန်းတာ၊
  • မကြာခဏငွေချေးလာတာ၊ ပိုင်ဆိုင်မှုများရောင်းချလာတာ၊ အိမ်ကပစ္စည်းခိုးယူတာ
  • ပေါက်ကွဲဒေါသထွက်လွယ်တာ၊စိတ်အပြောင်းအလဲမြန်တာ၊
  • ယုံမှားသံသယလွန်ကဲမှု နဲ့ ထင်ယောင်ထင်မှားဖြစ်တာ တို့လို စိတ်ဝေဒနာအမူအရာများရှိလာတာ စတဲ့ အချက်အတော်များများဖြစ်လာတာကို တွေ့ရတတ်ပါတယ်။

ဘယ်လိုသက်ရောက်မှုရှိသလဲ

Meth ရဲ့အာနိသင်က ၆ နာရီဝန်းကျင်အထိရှိနိုင်ပေမယ့် ဆေးသုံးပြီး ရက်အနည်းငယ်ကြာတဲ့အထိ အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။ Meth ရဲ့အာနိသင်က တစ်ယောက်နဲ့တစ်ယောက်မှာ မတူတတ်ကြပါဘူး။

  • Meth က သုံးစွဲသူရဲ့ခန္ဓါကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အပူချိန်မြင့်လွန်းတဲ့အခါ သတိလစ်စေနိုင်သလို သေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။
  • ဆေးသုံးသူတစ်ယောက်ဟာ စိတ်ပူပန်လာ၊ စိတ်ရှုပ်ထွေးလာပြီး အိပ်မပျော်၊ စိတ်အပြောင်းအလဲမြန်၊နောက်ဆုံးမှာ ကြမ်းတမ်းလာနိုင်ပါတယ်။
  • သွင်ပြင်လက္ခဏာတွေက သိသိသာသာပြောင်းလဲလာနိုင်ပါတယ်။ဆေးသုံးသူကမြန်မြန်ဆန်ဆန်ရင့်ရော်လာပြီး အသားအရေ မွဲခြောက်လာနိုင်ပါတယ်။ ကုရခက်၊ပျောက်ဖို့ခက်တဲ့အနာတွေ၊ ဝက်ခြံတွေဖြစ်လာပါမယ်။ အာခေါင်ခြောက်ခြင်း၊ သွားအရောင်ညစ်ခြင်း၊သွားတွေကျိုးပဲ့ပျက်စီးခြင်းတွေဖြစ်လာနိုင်ပါတယ်။
  • ဆေးသုံးသူက မရှိတာတွေကို ကြားနေ၊မြင်နေတာမျိုး၊ သံသယလွန်ကဲနေတာမျိုးဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို ထိခိုက်အနာတရဖြစ်စေတာမျိုးလုပ်လာနိုင်ပါတယ်။ အရေပြားအောက်မှာ အင်းဆက်တွေတရွရွနဲ့တက်လာသလို ခံစားရနိုင်ပါတယ်။
  • HIV/AIDSရောဂါဖြစ်လာနိုင်ခြေပိုများပါတယ်။ ဒီမူးယစ်ဆေးက ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပြီး အရှက်အကြောက်ကို နည်းစေနိုင်ပါတယ်။Meth ကိုစွဲနေသူ တစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလိုမျိုးရောဂါကူးစက်မှုအန္တရာယ် များတဲ့အပြုအမူတွေကို လုပ်မိနိုင်ပါတယ်။

Meth ကို အပ်နဲ့ထိုးသွင်းခြင်း၊ အပ်တစ်ချောင်းကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းက အသည်းရောင်ရောဂါ ဘီ၊အသည်းရောင်ရောဂါ စီ နဲ့ HIV/AIDS ရောဂါတွေကူးစက်ရရှိနိုင်ခြေပိုများနိုင်ပါတယ်။ Meth ကို နှာခေါင်းကရှိုက်ရှူခြင်းက နှာခေါင်းလမ်းကြောင်းကိုထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေနိုင်ပါတယ်။

ကြာရှည်သုံးစွဲမှုရဲ့အကျိုးဆက်များ

Meth ကို သုံးစွဲတာကြာလာရင် ဖြစ်လာမယ့်အကျိုးဆက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်နိုင်ပါတယ် –

  • အစာစားချင်စိတ်မရှိတာကြောင့် ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်း
  • အိပ်ပျော်နေစဉ်ဂနာမငြိမ်ခြင်း
  • အာခေါင်ခြောက်ခြင်းနဲ့ သွားပြဿနာများ
  • အအေးမိခြင်း သို့မဟုတ် တုပ်ကွေး ပုံမှန်ဖြစ်ခြင်း
  • အာရုံစိုက်မရခြင်း
  • အသက်ရှူကျပ်ခြင်း
  • ကြွက်သားများတောင့်တင်းခြင်း
  • စိတ်ပူပန်ခြင်း၊ သံသယလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • နှလုံးနဲ့ကျောက်ကပ်ပြဿနာများ
  • လေဖြတ်နိုင်ခြေပိုများခြင်း
  • Meth ကို တောင့်တလွန်းခြင်း၊ ပိုသုံးချင်လာခြင်း
  • ငွေရေးကြေးရေး၊ အလုပ်ခွင် သို့မဟုတ် လူမှုရေးပြဿနာများရှိလာခြင်း

ဆေးလွန်ခြင်း

ပမာဏအများကြီးကို ဒါမှမဟုတ် အပြင်းစားတွေသုံးလိုက်မိပြီဆိုရင်ဆေးလွန်(overdoseဖြစ်)နိုင်ပါတယ်။ သုံးစွဲသူမှာအောက်ပါ လက္ခဏာတွေဖြစ်လာတာတွေ့ရရင် အရေးပေါ်ဆေးရုံတင်ပါ။

  • နှလုံးခုန်အရမ်းမြန်ပြီး ရင်ဘတ်အောင့်လာခြင်း
  • အသက်ရှူရခက်လာခြင်း
  • တက်ခြင်း သို့မဟုတ် ထိန်းမရအောင် အကြောဆွဲခြင်း
  • အလွန်အကျွံ စိတ်လှုပ်ရှားမှု၊အာရုံထွေပြားမှု၊ဖရိုဖရဲဖြစ်ခြင်း
  • ရုတ်တရက် အပြင်းအထန်ခေါင်းကိုက်ခြင်း
  • သတိလစ်ခြင်း
  • လေဖြတ်ခြင်း၊heart attack ရခြင်း၊ အသက်ဆုံးရှုံးခြင်းအထိဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 9, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 9, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။