ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဆီးချိုရောဂါ အမျိုးအစား၂ ကို ဘယ်လိုရှာဖွေမလဲ

ဆီးချိုရောဂါအမျိုးအစား၂သင့်မှာရှိနေတယ်လို့ကြားရတာက ကြောက်ဖို့ကောင်းရင် ကောင်းပါလိမ့်မယ်။သူကတစ်သက်လုံး ဖြစ်နေမှာဖြစ်တဲ့အတွက် ကြောက်ဖို့တော့ကောင်းပါတယ်။ဒါပေမယ့်သူ့ကိုထိန်းချုပ်လို့တော့ရပါတယ်။သင့်အနေနဲ့ဆီးချိုရောဂါအမျိုးအစား၂ရှိနေတယ်ဆိုတာသိတာနဲ့ဘယ်လိုပြောင်းလဲပြီးနေထိုင်စားသောက်ရမလဲ လေ့လာသင်ယူပါ။ဒီလိုနေထိုင်စားသောက်သွားရင်ကျန်းမာတဲ့ဘဝလေးကိုပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

တကယ်လို့မကုသဘဲထားရင်တော့ အောက်ဖော်ပြပါနောက်ဆက်တွဲ ရောဂါတွေဖြစ်လာနိုင်ပါတယ်။

  •  မျက်လုံးကွယ်ခြင်း
  • နှလုံးရောဂါ
  •  ကျောက်ကပ်ရောဂါ
  •  ခြေထောက်ဖြတ်ရခြင်း

ဆီးချိုရှိတဲ့သူတွေက သက်တူရွယ်တူဆီးချိုမရှိတဲ့သူတွေထက် သေနိုင်ချေ နှစ်ဆပိုများပါတယ်။ဆီးချိုရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတော့ ကုသမှုကြိုတင်ခံယူပြီး ရှောင်ကြဉ်နိုင်ပါတယ်။ဒါကြောင့် တတ်နိုင်သမျှမြန်မြန် ဆီးချိုရောဂါကို ရှိမရှိ စစ်ဆေးဖို့ အရေးကြီးပါတယ်။

ဘယ်သူတွေက ဆီးချိုရှိမရှိ စစ်ဆေးဖို့လိုအပ်မလဲ

လူတချို့မှာ ရောဂါလက္ခဏာပြသတဲ့ အတွက်ကြောင့် ဆီးချိုကို စစ်ဆေးသိရှိသွားကြပါတယ်။
ဆီးချိုရောဂါ အစောပိုင်း လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆီးသွားများခြင်း၊ဆီးခဏခဏသွားခြင်း
  •  ရေပိုငတ်ခြင်း
  •  မောပန်းနွမ်းနယ်ခြင်း
  • ပွန်းပဲ့ပြဲရှဒဏ်ရာတွေအနာမကျက်ခြင်း
  • အမြင်မှုန်ဝါးခြင်း

ပုံမှန်ဆိုလူတစ်ယောက်က သူ ဆီးချိုရှိမရှိ အသက်၄၅ လောက်မှ စတင် စစ်ဆေးတတ်ကြပါတယ်။ တကယ်လို့သင်က အောက်ပါအခြေအနေနဲ့ လက္ခဏာတွေဖြစ်နေရင် စောစောသွားစစ်ဆေးသင့်ပါတယ်။

  • အဝလွန်နေခြင်း
  • အထိုင်များခြင်း
  • ဆီးချိုမျိုးရိုးရှိခြင်း
  • ၉ ပေါင်ကျော်တဲ့ကလေးကိုမွေးခဲ့ခြင်း (သို့ ) ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ခြင်း
  • အချို့ လူမျိုးများ (အာဖရိကန်-အမေရိကန် လူမျိုး၊ အမေရိကန် လူမျိုး၊ လက်တင်အမေရိကခေါ် တောင်အမေရိကတိုက်သား၊ အာရှလူမျိုး၊ ပစိဖိတ်ကျွန်းသား )
  •  ကောင်းသောအဆီ (HDL) ပမာဏနည်းခြင်း (သို့) မကောင်းသောအဆီ (Triglyceride)များခြင်း

ဆရာဝန်တွေက သင့်မှာဆီးချိုရောဂါ အမျိုးအစား ၂ ရှိမရှိ ဘယ်လိုသတ်မှတ်မလဲ

အောက်ဖော်ပြပါစမ်းသပ်မှုတွေကိုပြုလုပ်မှာပါ။

Hemoglobin A1C စစ်ဆေးမှု

ဒီစစ်ဆေးမှုကေ သွးထဲကသကြားဓာတ်ကို ထိန်းချုပ်နိုင်မှုကို ရေရှည်တိုင်းတာတဲ့ စစ်ဆေးမှုပါ။ ဒီစစ်ဆေးမှုကြောင့် ဆရာဝန်က သင်လွန်ခဲ့တဲ့လအနည်းငယ်က ပျှမ်းမျှ သွေးထဲမှာသကြားဓာတ်ဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုက hemoglobinမှာ တွယ်ကပ်နေတဲ့ သကြားရာခိုင်နှုန်းကို တိုင်းတာတာပါ။ Hemoglobin ဆိုတာကတော့ သွေးနီဥထဲမှာရှိတဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပါတယ်။ Hemoglobin A1C မြင့်လေ မကြာသေးခင်က သင့်သွေးရဲ့သကြားဓာတ်ကမြင့်လေဖြစ်ပါတယ်။
စစ်ဆေးမှုနှစ်ခုမှာ A1C ၆.၅ ရာခိုင်နှုန်း သို့မဟုတ် အဲဒီထက်မြင့်မယ်ဆိုရင် သင့်မှာဆီးချိုရှိပါတယ်။ ရလဒ်က ၅.၇ နဲ့ ၆.၄ ရာခိုင်နှုန်းကြားမှာဆိုရင်တော့ ဆီးချိုပဏာမအဆင့် ကို ညွှန်ပြနေပါတယ်။ပုံမှန်က၅.၇ ရာခိုင်နှုန်း အောက်ပါ။
ဆီးချိုရှိမှန်းသိပြီးနောက်မှာလည်း သင့်သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှုကို စောင့်ကြည့်ဖို့ ဒီစစ်ဆေးမှုကို အသုံးပြုနိုင်ပါတယ်။ A1C ပမာဏကို တစ်နှစ်တွင် အကြိမ်များစွာစစ်ဆေးသင့်ပါတယ်။

အစာမစားဘဲသွေးတွင်းသကြားဓာတ် တိုင်းတာခြင်း (Fasting glucose Test)

သင့်ဆရာဝန်အနေနဲ့ Fasting Glucose စစ်ဆေးမှုကိုလည်း လုပ်ခိုင်းချင်လုပ်ခိုင်းပါလိမ့်မယ်။ ဒီစစ်ဆေးမှုမှာ တစ်ညလုံး အစာမစားထားတဲ့သင့်ရဲ့သွေးနမူနာကိုယူပြီး စစ်ဆေးမှာဖြစ်ပါတယ်။
ပုံမှန်စစ်ဆေးချက်အဖြေက100 mg/dl (5.6mmol/L) ဖြစ်ပါတယ်။100 ကနေ 125 ကြား (5.6 နဲ့  6.9 mmol/L ကြား)မှာရှိနေရင်တော့ ဆီးချိုပဏာမ အဆင့်ဖြစ်နေပါပြီ။ မတူညီတဲ့ စစ်ဆေးချက်နှစ်ခုလုံး 126 mg/dL (7 mmol/L) နဲ့ အထက်ဆိုရင်တော့ သင့်မှာဆီးချိုရောဂါ အမျိုးအစား ၂ ရှိနေပါပြီ။

ကျပန်းသွေးတွင်းသကြားဓာတ်စစ်ဆေးမှု (Random (Non-Fasting) Blood Glucose Test)

တစ်ခါတလေHemoglobin A1C စစ်ဆေးမှုဖို့ အဆင်မပြေတဲ့အခြေအနေမျိုးတွေရှိပါတယ်။ဥပမာ – ကိုယ်ဝန်ဆောင်တွေမှာနဲ့ မျိုးရိုးဗီဇကြောင့် Haemoglobin ပုံစံပြောင်းလဲနေသူတွေမှာ အသုံးပြုလို့ မရပါဘူး။ အဲဒီလိုအခြေအနေများတွင် ဒီစစ်ဆေးမှုကိုသုံးပါတယ်။
ဒီစစ်ဆေးမှုက အချိန်မရွေးလုပ်လို့ရပါတယ်။ ဒီစစ်ဆေးမှုက သင့်သွေးထဲက သကြားဓာတ်ကို နောက်ဆုံးစားခဲ့တဲ့အစားအစာတွေ ထည့်မတွက်ဘဲစစ်ဆေးတာပါ။

ဒီစစ်ဆေးမှုမှာ သွေးထဲကသကြားဓာတ်တွေကိုmilligrams per decileter (mg/dL) ဒါမှမဟုတ်millimoles per liter (mmol/L) နဲ့ပြပါတယ်။ သင်နောက်ဆုံးဘာပဲစားခဲ့ပါစေ စစ်ဆေးမှုအဖြေက 200 mg/dL (11.1 mmol/L) နဲ့ အထက် ဖြစ်နေမယ်ဆိုရင် သင့်မှာဆီးချိုရှိပါပြီ။ သင့် မှာဆီးချိုလက္ခဏာတွေပါရှိနေတယ်ဆိုရင်တော့ ပိုပြီးသေချာသွားပါပြီ။
စစ်ဆေးမှုရလဒ်က140 mg/dL (7.8 mmol/L) နဲ့ 199 mg/dL (11.0 mmol/L)ကြားမှာဆိုရင် သင့်မှာဆီးချိုပဏာမ အဆင့်စဖြစ်နေပါပြီ။ ပုံမှန်က140 mg/dL (7.8 mmol/L)အောက် နည်းရပါမယ်။

သကြားရည်သောက်သုံးပြီးမှ တိုင်းတာသော ဆီးချိုစစ်ဆေးမှု(Oral glucose tolerance test)

ဒီစစ်ဆေးမှုမှာတော့ သင်တစ်ညလုံး ဘာမှမစားရပါဘူး။ ပြီးရင် Fasting Blood Sugar စစ်ဆေးမှုကို လုပ်ရပါမယ်။ ပြီးရင် သကြားအရည်တစ်ခုခုကို သောက်ရပါမယ်။ ပြီးရင်သင့်ရဲ့ သွေးထဲမှာသကြားဓာတ်ပါဝင်မှုကို နာရီပေါင်းများစွာ အချိန်အပိုင်းအခြားနဲ့ စစ်ဆေးကြမှာဖြစ်ပါတယ်။ နှစ်နာရီကြာပြီးတဲ့နောက် သင့်မှာရှိတဲ့သကြားဓာတ်က 140 mg/dL (7.8 mmol/L)အောက်ဆိုရင် ပုံမှန်ပါပဲ။ တကယ်လို့ 200 mg/dL (11.1 mmol/L) ထက်များနေမယ်ဆိုရင်တော့ သင့်မှာဆီးချိုရှိပါတယ်။ အပေါ်ကပြောသွားတဲ့ရလဒ်နှစ်ခုကြားမှာ ရှိနေတယ်ဆိုရင်တော့ သင်ဆီးချိုပဏာမအဆင့် ဖြစ်နေပါပြီ။
ဒီစစ်ဆေးမှုက ကိုယ်ဝန်ဆောင်ချိန်တွင်းမှာဖြစ်တဲ့ ဆီးချို (gestational diabetes) ကိုလည်း စစ်ဆေးနိုင်ပါတယ်။

တကယ်လို့ ဆီးချိုရှိနေရင်သင် ဘာလုပ်သင့်လဲ။

တကယ်လို့သင့်မှာဆီးချိုရှိနေတယ်ဆိုရင် သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ထိန်းသိမ်းဖို့လိုလာပါပြီ။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာရမယ့်အပြင် ရက်ချိန်းတွေလည်း မှန်အောင်သွားတွေ့ရပါမယ်။ သွေးစစ်ခြင်းနဲ့လက္ခဏာတွေ သတိထားခြင်းက သင့်ရေရှည် ကျန်းမာရေးအတွက်အရေးကြီးတဲ့ အဆင့်တွေဖြစ်ပါတယ်။

သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်ဂရုစိုက်ရမယ်ဆိုတာ မှတ်ထားပါ။ ဆီးချိုရှိပေမယ့် သင့်ဘဝကိုကျန်းမာ ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ပါသေးတယ်။ စစ်ဆေးမှုတွေ မပျက်မကွက်လုပ်ပြီး အနေအထိုင်အစားအသောက်ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်ထိန်းနိုင်ဖို့သာ လိုတာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 12, 2017

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။