backup og meta

အအေးမိတာလား၊ ဓါတ်မတည့်တာလား


Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတာလား၊ ဓါတ်မတည့်တာလား

    ချောင်းဆိုးပြီး နှာစေးနေတယ်၊ လည်ချောင်းနာနေတယ်ဆိုရင် လူတော်တော်များများက ငါတော့ အအေးမြိပီဆိုပြီး ထင်တတ်ကြပါတယ်။ အအေးမိတာနဲ့ ဓါတ်မတည့်တာဟာ ရောဂါလက္ခဏာ တော်တော်များများ တူတယ်ဆိုပေမယ့် ခွဲခြားလို့တော့ ရပါတယ်။

    အအေးမိခြင်း (Common Cold)

    ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အေးတဲ့ရာသီမှာသာမက ပူနွေးတဲ့ အချိန်တွေမှာလည်း အအေးမိဖျားနာ ဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ ရောဂါပိုးတွေက လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကူးစက်တာ ပိုများပါတယ်။

    ဘယ်လောက်ပဲ ကျန်းမာနေသူဖြစ်ပါစေ တစ်နှစ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ အအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ရောဂါ ရှိသူတွေမှာ အအေးမိဖျားနာ ပိုဖြစ်တတ်ပြီး ကလေးတွေဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းနေသေးတာ၊ လက်သေချာမဆေးဘဲ အစာစားတာ၊ လူများတဲ့ နေရာတွေကို သွားတာကြောင့် မကြာခဏဆိုသလို ဖျားနာတတ်ပါတယ်။

    ချောင်းဆိုးတာ၊ နှာစေးတာအပြင် လည်ချောင်းနာ၊ နှာပိတ်တာ၊ မကြာခဏ နှာချေတာ၊ ခေါင်းမူးခေါင်းကိုက်၊ ကိုယ်ပူခြင်း၊ ကိုက်လက်ကိုက်ခဲခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အအေးမိတာ ပျောက်ဖို့ ၇ရက် မှ ၁၀ရက် အထိပဲ ကြာပါတယ်။ ဒီထက်ပိုပြီး ကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီး ပြသပြီး ကုသမှုခံယူဖို့နဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးဖို့ လိုပါတယ်။

    ဓါတ်မတည့်ခြင်း (Allergies)

    ကိုယ်ခံအားစနစ်က တချို့သောအရာဝတ္ထုနဲ့ ဓါတ်မတည့်တဲ့အခါ histamines လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီ histamines ဓါတ်ကြောင့် နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေး၊ နှာပိတ်၊ မျက်ရည်ယိုတာအပြင် မျက်လုံးနဲ့ အရေပြား ယားသလိုလို ဖြစ်တာ၊ အင်ပျဉ်ထတာတွေပါ ဖြစ်နိုင်ပါတယ်။ အအေးမိတာနဲ့ တူတဲ့ လက္ခဏာတွေရှိပေမယ့် ဖြစ်ပုံချင်းကတော့ လုံးဝကွဲပြားပါတယ်။

    များသောအားဖြင့် ဓါတ်မတည့်တဲ့ အစားအစာတွေ စားမိတာ၊ ပန်းဝတ်မှုန်၊ သစ်ပင်၊ မြေဆီလွှာ၊ ဆေးဝါးတွေကို ထိတွေ့၊ သုံးစွဲမိတဲ့အခါ ကိုယ်ခန္ဓါက ဓါတ်မတည့်မှုကို ဖြေရှင်းဖို့အတွက် လက္ခဏာတွေ ဖြစ်လာရတာပါ။ ဒီလိုအရာဝတ္ထုတွေအပြင် တိရစ္ဆာန်တွေရဲ့ တံတွေး၊ အမွေးအမျှင်၊ အနံ့အသက်တွေ၊ မှိုစွဲတာ၊ ဖုန်မှုန့်နဲ့ ကပ်ပါးပိုးကောင်တွေကြောင့် ဓါတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။

    ဓါတ်မတည့်တာမှာ ကိုယ်က ဘာကို ဓါတ်မတည့်တာလဲ၊ အဲ့ဒီအရာဝတ္ထုကို ကိုယ့်အနားကနေ ဝေးဝေးမှာ ထားဖို့လိုအပ်သလို၊ ဒီလက္ခဏာတွေကို ပျောက်ကင်းဖို့ ဆေးသောက်ဖို့ လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။ များသောအားဖြင့် နွေရာသီနဲ့ မိုးရာသီလို ပူနွေး၊ စိုစွတ်တဲ့အချိန်မှာ ဓါတ်မတည့်ဝေဒနာတွေ ပိုအဖြစ်များပါတယ်။

    ဓါတ်မတည့်တာနဲ့ အအေးမိတာ ဘယ်လိုခွဲခြားမလဲ။

    တူညီတဲ့ လက္ခဏာတွေ ရှိတာမှန်ပေမယ့် ခံစားရတဲ့ ဝေဒနာချင်းရော၊ ဖြစ်ပုံခြင်းရော ကွာခြားမှုတွေ ရှိပါတယ်။ ဒီလက္ခဏာတွေကို သေချာဆန်းစစ်ကြည့်ပြီးမှ ကိုယ့်မှာ ဘာဖြစ်နေလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။

    အအေးမိတဲ့အခါ မောပန်းတာ၊ ကိုယ်လက် ညောင်းကိုက်နေတာ၊ နာကျင်တာ၊ လည်ချောင်းနာတာ၊ အဖျားတက်တာတွေ ဖြစ်တတ်ပြီး ဓါတ်မတည့်တဲ့အခါ မျက်ရည်ယိုတာ၊ နှာမွှန်တာ၊ အရေပြားက အနီရောင်အင်ပျဉ်တွေ အကွက်လိုက်ထလာတာ ပိုအဖြစ်များပါတယ်။

    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲ။

    အအေးမိတာမှာ ၂ပတ်ကျော်တဲ့အထိ အဖျားမကျသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဖျားနေစဉ်ကာလမှာ ကိုယ့်အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေ များများစားပါ။ အရည်များများ သောက်ပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်သောက်လို့လည်း ရပါတယ်။

    ဓါတ်မတည့်တာအတွက် ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ်ဓါတ်မတည့်တဲ့ အရာနဲ့ ဝေဒနာက ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ နား၊ နှာခေါင်း၊ လည်ချောင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သိပ်ပြီး ပြင်းထန်လွန်းတဲ့ အခြေအနေမှာဆိုရင် ဓါတ်မတည့်ခြင်းအတွက် အထူးကုဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement