backup og meta

သင့်အမျိုးသားကို သားဆက်ခြားခြင်းနည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ


Aye Thi Mon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အမျိုးသားကို သားဆက်ခြားခြင်းနည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ

    ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်တဲ့နေရာမှာ နားလည်မှုရှိဖို့နဲ့ ပွင့်လင်းမှုရှိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာရော အိမ်ထောင်ရေးမှာပါ ဒီအချက်တွေကအရေးပါတာပါ။ ကျွန်မတို့မြန်မာအမျိုးသမီးတော်တော်များများက ငယ်စဉ်ပျိုးထောင်ကတည်းက စည်းကမ်းတင်းကျပ်လွန်းစွာကြီးပြင်းခဲ့ရတာကြောင့် ကိစ္စတော်တော်များများကို ဖွင့်ထုတ်မတိုင်ပင်ရဲကြတာများပါတယ်။ အထူးသဖြင့် အိမ်ထောင်မှုရေးရာနဲ့ လိင်မှုကိစ္စတွေကိုပေါ့။

    အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါမြန်မာအမျိုးသမီးအများစုက လင်ယောက်ျားကို အိမ်ထောင်ဦးစီးဆိုပြီးလေးစားကြတာက မမှားပေမယ့် ကိစ္စတိုင်းကိုတော့ တစ်ဦးတည်းသဘောနဲ့ လိုက်လုပ်နေစရာမလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိတာမို့ အချို့ကိစ္စတွေမှာ သူဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ညှိနှိုင်းကြည့်ဖို့ပြောပါရစေ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်ဆိုတာနဲ့ ဘယ်လိုသားဆက်ခြားနည်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာတွေကို နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုကနေတဆင့် အကောင်းဆုံးအဖြေထုတ်နိုင်ပါတယ်။

    မိမိလက်တွဲဖော်နဲ့ သားဆက်ခြားနည်းအကြောင်းတိုင်ပင်တဲ့အခါ

    သားဆက်ခြားနည်းက အရေးကြီးတာကြောင့် မိမိရဲ့လက်တွဲဖော်နဲ့တိုင်ပင်ဖို့ကို အားနာတာရှက်ရွံ့တာတွေမလုပ်ပါနဲ့။ သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။ လက်တွဲဖော်နဲ့ သားဆက်ခြားနည်းပြောရတာက အခက်အခဲရှိနိုင်ပေမယ့် မပြောလို့မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့မြန်မာအမျိုးသမီးအများစုက သားဆက်ခြားနည်းရွေးချယ်တဲ့အခါ အိမ်ထောင်ဘက်နဲ့ မဆွေးနွေးမိဘဲ မိခင် ဒါမှမဟုတ် အမလိုမျိုးဆွေမျိုးရင်းချာတွေနဲ့ တိုင်ပင်ဖြစ်တာပိုများပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်နဲ့ပြောဖို့ခက်ခဲနေတဲ့ သားဆက်ခြားနည်းအကြောင်းကို ဘယ်လိုတိုင်ပင်ရမလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးပါရစေ။

  • ပထမဆုံးအနေနဲ့ လက်တွဲဖော်နဲ့မတိုင်ပင်ခင်မှာ ကိုယ်တိုင်က သားဆက်ခြားနည်းတစ်ခုစီရဲ့ အသေးစိတ်အကြောင်းအရာတွေနဲ့ ထိရောက်မှုတွေကို သိအောင်အရင်လုပ်ပါ။ ဒါမှ နည်းလမ်းတစ်ခုချင်းစီရဲ့ကောင်းကျိုးဆိုးပြစ်ကိုပြောပြဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
  • သားဆက်ခြားနည်းကို အသုံးပြုတဲ့အခါ မမျှော်လင့်ဘဲကိုယ်ဝန်ရသွားတာမျိုးဖြစ်နိုင်ခြေနည်းသွားသလိုပျော်ရွှင်ပြည့်စုံတဲ့ မိသားစုဘဝလေးကို အကောင်းဆုံးတည်ဆောက်နိုင်မယ်ဆိုတဲ့အကြောင်း လက်တွဲဖော်ကိုပြောပြပါ။
  • သားဆက်ခြားနည်း အသုံးပြုတာကြောင့် နှစ်ဦးကြားဆက်ဆံရေးမှာ ထိခိုက်သွားတာမျိုးမရှိနိုင်ဘူးဆိုတာကိုလည်းပြောပြဖို့လိုပါမယ်။
  • သားဆက်ခြားနည်းက နှစ်ယောက်စလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့်သားဆက်ခြားနည်း အသုံးပြုတဲ့အခါ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် နည်းလမ်းကိုရွေးချယ်ပါ။
  • ကလေးဘယ်နှယောက်ယူမယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်နှနှစ်ခြားမလဲဆိုတာတွေကနေဆွေးနွေးရင်းကနေတဆင့် ဘယ်သားဆက်ခြားနည်းက အဆင်ပြေမလဲဆိုတာကိုဆွေးနွေးပါ။
  • ကိုယ်သဘောကျတဲ့ သားဆက်ခြားနည်းကို လက်တွဲဖော်အနေနဲ့ အဆင်မပြေတာမျိုးရှိရင် အချိန်ယူပြီးတိုင်ပင်ကြည့်ပါ။
  • သားဆက်ခြားနည်းက နှစ်ဦးစလုံးအတွက် အဆင်ပြေစေမယ်ဆိုတဲ့အကြောင်းကိုပြောပြရင်း သားဆက်ခြားလုပ်ငန်းစဉ်မှာ အိမ်ထောင်ဖက်ပါဝင်လာအောင် စည်းရုံးကြည့်ပါ။
  • ကျန်းမာရေးအခြေအနေကိုလည်းမေ့မထားပါနဲ့။ အချို့သောသားဆက်ခြားနည်းတွေကဟော်မုန်းပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ အဆင်မပြေတာမျိုးရှိနိုင်ပါတယ်။
  • ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ၁၈ လ၊၂၄ လ ခြားမှ မိခင်အတွက်ကောင်းတာကြောင့် သားဆက်ခြားနည်း တစ်ခုခုကိုရွေးချယ်ဖို့လိုအပ်တဲ့အကြောင်းပြောပြပေးပါ။
  • တတ်ကျွမ်းနားလည်တဲ့သူနဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းရွေးချယ်တာမျိုးလုပ်ဆောင်လို့လည်းရပါတယ်။
  • တကယ်လို့ သိပ်မကြာခင်အတွင်းမှာ ကိုယ်ဝန်ဆောင်ဖို့ဆန္ဒရှိနေတယ်ဆိုရင်တော့ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းမျိုးကို မရွေးချယ်ဖို့လိုပါမယ်။
  • သားဆက်ခြားနည်း အမျိုးမျိုး

    အသင့်တော်ဆုံးဖြစ်မယ့် သန္ဓေတားနည်းကိုရွေးချယ်နိုင်စေဖို့အတွက် သန္ဓေတားနည်းလမ်းတွေကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

  • သန္ဓေတားသောက်ဆေး (နေ့စဉ်ပုံမှန်သောက်သုံးဖို့လိုပါမယ်)
  • သန္ဓေတားထိုးဆေး ( ၃ လတစ်ကြိမ် သို့မဟုတ် ၆ လတစ်ကြိမ်ပြန်ထိုးဖို့လိုပါမယ်)
  • အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံး ( လိင်ဆက်ဆံတဲ့အခါတိုင်း အသုံးပြုဖို့လိုပါမယ်)
  • လက်မောင်းထဲထည့်ပစ္စည်း ( ၃ နှစ်အထိခံပါတယ် ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံထိ ရှိပါတယ်)
  • သားအိမ်တွင်းထည့်ပစ္စည်း IUD ( ၅ နှစ်အထိခံပါတယ်ဟော်မုန်းမပါတဲ့ အမျိုးအစားဆိုပါက ၅ နှစ် ကနေ ၁၀ နှစ်အထိခံပါတယ်)
  • သားအိမ်တွင်းထည့်ကွင်း (လိင်ဆက်ဆံတိုင်း အသုံးပြုဖို့လိုပါမယ်)
  • အရေးပေါ်သန္ဓေတားသောက်ဆေး (မမျှော်လင့်ဘဲဖြစ်သွားတဲ့ အနေအထားကို ကာကွယ်ဖို့အတွက်သာ အသုံးပြုသင့်ပါတယ်)
  • သားဆက်ခြားနည်းအကြောင်းတိုင်ပင်ဖို့က အမြဲလိုလိုခက်ခဲနေနိုင်တာကိုနားလည်ပေမယ့် အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လက်တွဲဖော်နဲ့ တိုင်ပင်ပြီး အဆင်ပြေမယ့် နည်းလမ်းလေးတွေကိုရွေးချယ်ကြည့်ပါ။ အိမ်ထောင်တစ်ခုမှာ နှစ်ဦးနှစ်ဖက်ကြားမှာ ပွင့်လင်းမှုရှိဖို့က အရေးကြီးဆုံးအစိတ်အပိုင်းပါ။ အိမ်ထောင်ဖက်ဆိုတာကလည်း မိသားစုဝင်ဘဲဖြစ်တာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေထဲက ကိုယ်နဲ့အရင်းနှီးဆုံးလူသားတစ်ယောက်ဆိုတဲ့ အတွေးနဲ့ ပွင့်ပွင်းလင်းလင်းဆွေးနွေးတိုင်ပင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement