backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု) ကဘာလဲ။

မျက်စိထဲဝင်လာတဲ့ အလင်းတန်းတွေကို ပုံရိပ်အဖြစ်ပြောင်းပြီး ဦးနှောက်ကိုပို့ပေးတဲ့ မျက်စိအနောက်ဖက်ပိုင်းက အတွင်းပိုင်းအလွှာလေးကို မြင်လွှာ (retina) လို့ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီမြင်လွှာလေးဟာ ကွာကျပြီး အမြင်ဝေဝါးတာ ဒါမှမဟုတ် ကြည့်တဲ့အခါ အရိပ်တွေထင်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်စိရဲ့အလယ်ခေါင်နေရာမှာရှိတဲ့ ဂျယ်လီလိုခပ်ပျစ်ပျစ်အရည်လေးတွေကျုံ့ပြီး မြင်လွှာပေါ်ရောက်လာကာဆွဲခွာသလိုဖြစ်တာကြောင့် မြင်လွှာကွာတာအများဆုံးဖြစ်တတ်ပေမယ့် မျက်လုံးကို ထိခိုက်မိတာ ဒါမှမဟုတ် အရင်ကလုပ်ခဲ့ဖူးတဲ့ မျက်စိခွဲစိတ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြင်လွှာကွာတာကို ခွဲစိတ်ပြုပြင်ဖို့ဘာလို့လိုအပ်တာလဲ။

တကယ်လို့သင့်မြင့်လွှာကွာနေရင် ဒါကိုပြုပြင်ဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ဖို့လိုပါတယ်။ လေဆာနဲ့ပစ်ပြီးဒါမှမဟုတ်အေးခဲပစ်ပြီးခွဲစိတ်ပြုပြင်လေ့ရှိကာ ခွဲစိတ်ဆရာဝန်အနေနဲ့ဘယ်လိုအကြံပြုမလဲဆိုတာကတော့ သင့်ရောဂါရဲ့ အသေးစိတ်အနေအထားပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။

ဒီခွဲစိတ်မှုကဘာအန္တရာယ်တွေရှိနိုင်သလဲ။

ခွဲစိတ်တယ်လို့ယေဘုယျသုံးနှုန်းပေမယ့် တကယ်တမ်းကျတော့ လေဆာနဲ့ပစ်ပြီး ဒါမှမဟုတ် အေးခဲပစ်ပြီး ပေါက်နေတဲ့နေရာ၊ စုတ်ပြဲနေတဲ့နေရာကို ဖာထေးတာဖြစ်တဲ့အတွက် ဘယ်လိုလှီးဖြတ်ခွဲစိတ်မှုမျိုးကိုမှ ပြုလုပ်တာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကုသမှုအောင်မြင်ဖို့အတွက် ဒုတိယအကြိမ်ထပ်မံခွဲစိတ်ဖို့တော့ လိုကောင်းလိုတတ်ပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်တွေက ဒီလိုခွဲစိတ် ပြုပြင်လိုက်တိုင်း မြင်လွှာကွာနေတာ ပြန်မကောင်းနိုင်သလို မြင်လွှာကွာနေတာ ပြန်ကောင်းတိုင်းလည်း ပုံမှန်အမြင်အာရုံပြန်ရချင်မှ ရမှာဆိုတာပါပဲ။ ခွဲစိတ်ပြီးတဲ့အခါ သင့်အမြင်အာရုံဘယ်လောက်အထိ ပြန်မကောင်းနိုင်မလဲဆိုတာက မြင်လွှာရဲ့အလယ်ပိုင်းလောက်မှာရှိတဲ့ macula ဆိုတဲ့ နေရာလေးဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာနဲ့ အကယ်၍ ထိခိုက်မှုရှိတယ်ဆိုရင် ကာလဘယ်လောက်ကြာပြီလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။

မြင်လွှာကို ခွဲစိတ်ပြုပြင်ပြီးနောက်မှာ သင့်ရဲ့အမြင်အာရုံတဖြည်းဖြည်းနဲ့ ပြန်ကောင်းလာဖို့အတွက် လပေါင်းများစွာအချိန်ယူကောင်းယူရပါလိမ့်မယ်။ တချို့လူနာတွေမှာတော့ လုံးဝပြန်မမြင်တော့တာမျိုးလည်း ရှိတတ်ပါတယ်။

ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ပြင်ဆင်မှု

ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။

သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။

ခွဲစိတ်စဉ်

ခွဲစိတ်နေစဉ်ကာလမှာ ဘာတွေလုပ်မှာလဲ။

အမျိုးမျိုးသောထုံဆေး၊မေ့ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုဟာ မိနစ် ၉၀ကနေ ၂ နာရီလောက်အထိ ကြာမြင့်လေ့ ရှိပါတယ်။

သင့်ဆရာဝန်အနေနဲ့ လေဆာ ဒါမှမဟုတ် အေးခဲပစ်တဲ့နည်းလမ်းကိုသုံးပြီး အပေါက်တွေရှိတာ၊ စုတ်ပြဲနေတာတွေကို ကုသပေးပါလိမ့်မယ်။ မျက်လုံးထဲက ဂျယ်လီလို အရာလေးတွေကို ဖယ်ထုတ်ပြီး သူတို့နေရာမှာလေ၊ ဂက်စ် ဒါမှမဟုတ် ဆီလီကွန်အရည်နဲ့ အစားထိုးနိုင်သလို ဆီလီကွန်ရာဘာအပိုင်းသေးသေးလေးကို သင့်မျက်စိမျက်နှာပြင်ပေါ်မှာ တွဲချုပ်ခဲ့တာမျိုးလည်း လုပ်လို့ရပါတယ်။

နာလန်ပြန်ထူချိန်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ခွဲစိတ်မှုပြီးရင် ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

ခွဲစိတ်ပြီး နောက်တစ်ရက်မှာ အိမ်ပြန်လို့ရပါပြီ။ ခွဲစိတ်ဆရာဝန်က ခွင့်မပြုမချင်း ရေကူးတာ ဒါမှမဟုတ် အလေးအပင်မတာမျိုးတွေ မလုပ်ရပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်တာလည်း သင့်ကျန်းမာရေးကို အထောက်အကူပေးနိုင်ပေမယ့် ဒီလိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ သင့်ဆရာဝန်ကို အရင်မေးမြန်းတိုင်ပင်ရပါမယ်။

တကယ်လို့ မျက်မှန်အသစ်တပ်တာ သင့်အမြင်အာရုံကို ပိုကောင်းစေမယ်လို့ ဆရာဝန်ကယူဆရင် သင့်ကိုအသိပေးပါလိမ့်မယ်။ ခွဲစိတ်ပြီး တစ်လလောက်အကြာမှာ မျက်စိစစ်ဆေးဖို့သင့်ကိုရက်ချိန်းပေးပါလိမ့်မယ်။ သင့်အမြင်အာရုံ ပြန်ကောင်းဖို့အချိန်အတော်အသင့်တော့ ယူရပါလိမ့်မယ်။ တကယ်လို့သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။

ခွဲစိတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊ သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

မြင်လွှာခွဲစိတ်ပြုပြင်မှုအတွက် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေက

• မျက်လုံးထဲမှာဆိုးရွားစွာသွေးယိုစီးခြင်း

• မျက်လုံးတွင်းဖိအားတက်ခြင်း

• မြင်လွှာနောက်တခါထပ်ကွာခြင်း

• အမြင်အာရုံပုံမှန်ထက်အားနည်းခြင်း

• နှစ်ထပ်မြင်ခြင်း

• မျက်လုံးရောင်ရမ်းခြင်း

ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement