backup og meta

Lumbar Laminectomy (ခါးရိုးဆစ်ပြားခွဲထုတ်ကုသခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    lumbar laminectomy ဆိုတာဘာလဲ။

    ကျောခါးဆစ်ရိုးကျဉ်းခြင်းကြောင့် ခြေထောက်နာကျင်ခြင်း၊အားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။Laminectomy ဆိုတာဟာ ကျောရိုးဆစ်ရဲ့အနောက်ဖက်အပိုင်းဖြစ်တဲ့ lamina ကို ဖြတ်ထုတ်ခြင်းအားဖြင့် နေရာလွတ်ဖြစ်အောင် ခွဲစိတ်ဖန်တီးတာကို ဆိုလိုပါတယ်။

    ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျောရိုးဆစ်အတွင်း နေရာပိုကျယ်သွားတာကြောင့် ကျောရိုးအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေပေါ်မှာ ဖိနေတဲ့ ဖိအားလျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးမသွားစေဖို့ပဲ ဖြစ်ပါတယ်။

    lumbar laminectomy ကို ဘယ်လိုအခြေအနေမျိုးမှာ ပြုလုပ်သင့်သလဲ။

    အောက်ပါအခြေအနေတွေမှာ lumbar laminectomy ကို ပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    · ဆေးသောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မသက်သာရင်။

    · ကြွက်သားအားနည်းထုံကျဉ်တာ ဆိုးရွားလာတဲ့အတွက် လမ်းလျှောက်ဖို့၊မတ်တပ်ရပ်ဖို့တောင် အဆင်မပြေတော့ရင်။

    · ဆီး၊ဝမ်း မထိန်းနိုင်တော့ရင် စတဲ့ အခြေအနေတွေပေါ့။

    ကျောရိုးဆစ်ရိုးပြားကျွံတာကို ကုသဖို့ပြုလုပ်တဲ့ ခွဲစိတ်မှုရဲ့ တစိတ်တပိုင်းအဖြစ်လည်း laminectomy ပြုလုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ထိခိုက်ပျက်စီးနေတဲ့ ကျောရိုးဆစ်ရိုးပြားဆီ ရောက်ဖို့အတွက် lamina ကို ဦးစွာ ဖယ်ရှားပစ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။

    ခွဲစိတ်မှု မခံယူခင် ဘာတွေသိထားဖို့ လိုသလဲ။

    ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက် လူနာအများစုမှာ ရောဂါလက္ခဏာတွေ သိသိသာသာ သက်သာသွားလေ့ရှိပေမယ့် အသက်ကြီးလာခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါပြန်ဖြစ်ခြင်း စတာတွေကြောင့် အကျိုးသက်ရောက်မှု လျော့ပါးသွားနိုင်ပါတယ်။ ခါးနာတာကြောင့် ဖြစ်တဲ့ ခြေထောက်နာကျင်ခြင်းထက် အာရုံကြောကိုဖိထားလို့ ဖြစ်လာတဲ့ ခြေထောက်နာကျင်ခြင်းကို Laminectomy ခွဲစိတ်မှုက ပိုမိုသက်သာ အကျိုးရှိစေပါတယ်။

    သင့်ရောဂါလက္ခဏာတွေက အပရိကသာဖြစ်ပြီး မပြင်းထန်ဖူးဆိုရင် ဘာကုသမှုမှ ပြုလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာပြီဆိုရင်တော့ ခွဲစိတ်ကုသတဲ့ နည်းလမ်းတမျိုးတည်းသာ ရှိပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

    laminectomy ခွဲစိတ်မှု မပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။

    ခွဲစိတ်မှုမပြုလုပ်ခင် အချိန်အတိုင်းအတာ တခုအတွင်းမှာ ဘာမှမစားမသောက်ရပါဘူး။ ခွဲစိတ်မှုမပြုလုပ်ခင်မှာ သောက်ရမယ့်၊ရှောင်ကျဉ်ရမယ့် ဆေးဝါးတွေအကြောင်း အသေးစိတ်အတိအကျကို သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

    lumbar laminectomy ဘယ်လိုပြုလုပ်သလဲ။

    ထုံဆေး၊မေ့ဆေး အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပြီး ခွဲစိတ်မှုဟာ တနာရီကနေ သုံးနာရီလောက်ထိ ကြာမြင့်လေ့ရှိပါတယ်။ သင့်ကျောအောက်ခြေနားလောက်မှာ ဒေါင်လိုက်ခွဲရာတခုကို သင့်ဆရာဝန်က ပြုလုပ်လိုက်မှာ ဖြစ်ပါတယ်။

    ပြီးရင် ကျောရိုးပင်မအာရုံကြောကြီးဆီ ရောက်ရှိနိုင်ဖို့အတွက် ကြွက်သားတွေကို ဘေးဘက်ဆွဲခွာမှာ ဖြစ်ပါတယ်။ ကျဉ်းနေတဲ့ နေရာကိုချဲ့ပြီး အာရုံကြောနဲ့ သွေးကြောတွေ နေရာကောင်းကောင်းရစေဖို့အတွက် အရိုးတွေနဲ့အရွတ်တစ်ရှူးတွေကို သင့်ဆရာဝန်က လိုအပ်သလို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။

    ခွဲစိတ်မှု ခံယူပြီးတဲ့နောက် ဘယ်လိုနေထိုင်သင့်သလဲ။

    ခွဲစိတ်ပြီး နှစ်ရက်သုံးရက်လောက်အကြာမှာ ဆေးရုံဆင်းခွင့်ရမှာပါ။ အလေးအပင်မတာ ဒါမှမဟုတ် ခန္ဓါကိုယ်ကို လိမ်ခေါက်တာမျိုး မလုပ်ပါနဲ့။ ထိုင်နေတဲ့အခါ နဲ့ လမ်းလျှောက်တဲ့အခါမှာ ကိုယ်ဟန်အနေအထား မှန်ကန်ပါစေ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

    လူနာအများစုဟာ ခွဲစိတ်မှုခံယူပြီးနောက်မှာ ရောဂါလက္ခဏာတွေ သက်သာသွားလေ့ ရှိပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ခွဲစိတ်ကုသမှုခံယူအပြီးမှာ ဘာတွေဖြစ်လာနိုင်သလဲ။

    Laminectomy ဟာ ယေဘုယျအားဖြင့် စိတ်ချရပြီး အန္တရာယ်မရှိတဲ့ ခွဲစိတ်မှု ဖြစ်ပေမယ့် အခြားသော ခွဲစိတ်ကုသမှုတွေနည်းတူ သူ့မှာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာလေးတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကတော့

    · သွေးထွက်လွန်ခြင်း။

    · ကူးစက်ပိုးဝင်ခြင်း။

    · သွေးခဲခြင်း။

    · အာရုံကြော ထိခိုက်ခြင်း။

    · ကျောရိုးချဉ်ဆီများ အပြင်လျှံထွက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်စေဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆရာဝန်ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာရပါမယ်(ဥပမာ အချိန်အတိုင်းအတာတခုအတွင်းမှာ အစာမစားဖို့ ညွှန်ကြားတာ ဒါမှမဟုတ် လက်ရှိသုံးစွဲနေတဲ့ အချို့သော ဆေးတွေကို ခဏရပ်ခိုင်းထားတာ စသည်)။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement