backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Central Venous Catheter (ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း

ဗဟိုသွေးပြန်ကြော ပိုက်ထည့်ခြင်းဟာ လူနာကို အရည်၊ ဆေးနဲ့ အာဟာရဓါတ်တွေကို ပေးသွင်းဖို့ ဘေးကင်းပြီး ထိရောက်တဲ့နည်း ဖြစ်ပါတယ်။

ဗဟိုသွေးပြန်ကြောပိုက်ဆိုတာ ဘာလဲ

အရည်၊ ဆေး စတာတွေကို ခဏခဏထိုးနေရတာမျိုး မဖြစ်အောင် ဒီပိုက်အမျိုးအစားကို သုံးပါတယ်။ နှလုံးအနီး သွေးပြန်ကြောထဲ ဝင်ဆန့်ပြီး ပိုက်ရဲ့ အခြားအစိတ်အပိုင်း ကတော့ ကိုယ်ခန္ဓါအပြင်ဘက်မှာ ရှိပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ဘယ်အချိန်မှာ ဗဟိုသွေးပြန်ကြောပိုက်ထည့်ဖို့ လိုသလဲ

ပဋိဇီဝဆေး၊ ကင်ဆာဆေးသွင်းခြင်း၊ သွေးသွင်းခြင်း စတာတွေကို လပေါင်းများစွာအထိ ပုံမှန်ကုသမှု ခံယူနေဖို့ လိုအပ်တဲ့အခါ သွေးပြန်ကြောပိုက်သုံးပါတယ်။ ပိုက်လိုင်းကို ပိုးဝင်ခြင်းမှ လျှော့ချနိုင်အောင် အရေပြားအောင် မြှုပ်ထားနိုင်ပါတယ်။

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း မပြုခင် ဘာတွေသိသင့်သလဲ

သွေးခဲခြင်းဆိုင်ရာ ပြသနာရှိရင် ဒီပိုက်ထည့်လို့ မရပါဘူး။ အက်စပရင်၊ ဝါဖရိန်စတဲ့ သွေးကျဲဆေးတွေ သောက်သုံးနေရတယ်ဆိုရင် ဆရာဝန်များနဲ့ တိုင်ပင်ပါ။

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်းမှာ တခြားရွေးချယ်စရာ ကုသမှုတွေရှိလား

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်းရဲ့ တခြားရွေးချယ်စရာ ကတော့ ပါးလွှာပြီး နူးညံ့တဲ့ ပလတ်စတစ်ပြွန်ကို ရင်ဘတ် (သို့) လက်မောင်းက သွေးပြန်ကြောမှာ ထိုးသွင်း တပ်ဆင်ထားပြီး အရေပြားအောက်မှာ အပေါက်ထားခြင်းပါပဲ။

တယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ရွေးချယ်စရာအမျိုးအစား ကွဲပြားပါတယ်။ ဆရာဝန်ဆီက အကြံဉာဏ်ရယူပါ။

ကြိုတင်ပြင်ဆင်ခြင်း

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း မပြုမီ ဘာတွေလုပ်ရမလဲ

ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်မှုရှိတဲ့ သူနာပြု တယောက်ယောက်က ဗဟိုသွေးပြန်ကြော ပိုက်ထည့်ခြင်းကို လုပ်ဆောင်ပေးပါလိမ့်မယ်။ လိုင်းထည့်နေတဲ့အချိန်မှာ သင်ဟာဆေးရုံမှာ တက်နေပြီး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဘယ်အချိန် ဘယ်နေရာကို လာခဲ့ရမယ်ဆိုတာ ပြောပါလိမ့်မယ်။

ဖြစ်နိုင်ခြေ အန္တရာယ်တွေ၊ အကျိုးကျေးဇူးတွေ၊ တခြား ပြောင်းလဲရွေးချယ်နိုင်တာတွေ စတဲ့အချက်တွေကို သိရအောင် မေးမြန်းနိုင်ပါတယ်။ ဘာတွေလုပ်ရမယ်ဆိုတာ သိပြီးရင် သဘောတူညီကြောင်း လက်မှတ်ရေးထိုးပေးနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

ကုသမှုအစီအစဉ်တွေက ဘာတွေလဲ

ဒီအစီအစဉ်ဟာ တနာရီလောက်ကြာပါတယ်။ လည်ပင်းညှပ်ရိုးရဲ့ အောက်နားမှာ ခွဲစိတ်မှု အသေးစားလေး ပြုလုပ်ပြီးတဲ့အခါ လိုင်းကို သွေးပြန်ကြောထဲ ထည့်သွင်းပါတယ်။ လိုင်းကို သွေးပြန်ကြောထဲကို ကောင်းကောင်းထည့်နိုင်အောင် Ultrasound ကို အသုံးပြုပါတယ်။ လိုင်းကို အရေပြားအောက်မြှုပ်ထားပြီး ခန္ဓါကိုယ်ရဲ့ အပြင်ပိုင်းမှာ တပိုင်းတစ ထုတ်ထားပါတယ်။

အရေပြားကျက်သည့်တိုင်အောင် ချုပ်ရိုး ဒါမှမဟုတ် ကလစ်နဲ့ လိုင်းကို ထိန်းထားပေးပါတယ်။ အရေပြားအောက်က လိုင်းပေါ်မှာ အထိန်းတခုခု လုပ်ပေးရုံနဲ့ ပုံစံတကျဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ ညှပ်ရိုးအောက်က ခွဲစိတ်ရာကို ချုပ်ကြိုးနဲ့ချုပ်ပါတယ်။ လိုင်းဟာ နေသားတကျရှိလားဆိုတာ သိရအောင် ရင်ဘတ်ဓါတ်မှန် ရိုက်ပါတယ်။

ဗဟိုသွေးပြန်ကြောပိုက်ထည့်ခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ

ထုံဆေးသုံးပြီးတဲ့အခါ သင့်မျက်လုံးမှာ ပုံမှန်ခံစားမှုတွေ ပြန်ရဖို့ နာရီပေါင်းများစွာ ကြာပါတယ်။ ပိုက်လိုင်းကို မကွေးမခေါက်မိစေဖို့၊ ပုံစံမပျက်စေဖို့ အထူးဂရုစိုက်ရပါမယ်။ အနေအထားပျက်သွားတာမျိုးဖြစ်ရင် ဆေးရုံကို ဆက်သွယ်ပြီး စစ်ဆေးရပါမယ်။

ဆေးရုံမှာ တခြားကုသစရာ မရှိတော့ဘူးဆိုရင် အိပြန်နိုင်ပါတယ်။ ပိုက်လိုင်းကို ဘယ်လိုဂရုစိုက်ရမယ် ဆိုတာ အိမ်မပြန်ခင်မှာ သူနာပြုတွေက အကြံပေးပါလိမ့်မယ်။ ထပ်မံပြသဖို့ ရက်ချိန်း ပေးပါလိမ့်မယ်။

ချိန်းဆိုတဲ့အခါ ပုံမှန်ပြသဖို့ လိုပါတယ်။ ဒီလို သွားရောက်ပြသချိန်မှာ ဆရာဝန်နဲ့ သူနာပြုတွေဟာ ပိုက်လိုင်းကို စစ်ဆေးပေးပါလိမ့်မယ်။ ရက်ချိန်းတွေကြားမှာလည်း ဖုန်းနဲ့ဆက်သွယ်ပြီး အကြံဉာဏ်ယူနိုင်ပါတယ်။

ပိုက်လိုင်းထုတ်ခြင်း

ညှပ်ရိုးအောက်က ချုပ်ရိုးကို ၇ရက်ကနေ ၁၀ရက် ကြာချိန်မှာ ဖြည်ပါတယ်။ ပိုက်လိုင်းထွက်ပေါက်နေရာက ချုပ်ရိုးတွေကိုတော့ အရေပြားအကောင်းအတိုင်း ပြန်ဖြစ်သွားချိန်မှာ ဖယ်ရှားတာမို့ ၃ပတ်လောက်ထိ ကြာနိုင်ပါတယ်။ ဆေးထပ်ထည့်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အပြင်ကလိုင်းကိုတော့ ခွေထားပြီး မတော်တဆ ပြုတ်ထွက်တာ မဖြစ်ရအောင် တိပ်နဲ့ဖုံးထားတ်ပါတယ်။

နောက်ဆက်တွဲပြသနာများ

နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

ကျန်တဲ့ကုသမှုတွေလိုပဲ ဒီကိစ္စမှာလည်း ဘေးထွက် ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ တယောက်နဲ့ တယောက်တော့ ဖြစ်တတ်တာခြင်း မတူပါဘူး။ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။

ပိုက်လိုင်းထည့်နေစဉ်နဲ့ ထည့်ပြီးချိန်မှာ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်တတ်ပါတယ်။ လူအများစုမှာတော့ မဖြစ်တတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြသနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပိုးဝင်ခြင်း။ ပိုက်ပြွန်ထဲမှာ ထွက်ပေါက် ဒါမှမဟုတ် နှလုံးအဆို့ရှင် ရှိတဲ့နေရာမှာ ဖြစ်တတ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တခါတရံတော့ ပိုက်ကိုဖယ်ထုတ်ဖို့ လိုပါတယ်။

ပိုက်ပိတ်ခြင်း။ ပိုက်ပြွန်ထဲမှာ သွေးခဲပိတ်လို့ပဲ ဖြစ်ဖြစ်၊ ပုံစံပြောင်းပြီး ပိုက်ခေါက်သွားရင်ဖြစ်ဖြစ် လမ်းကြောင်း ပိတ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ပိုက်ကို ဖယ်ထုတ်ဖို့ လိုပါတယ်။

ပိုက်လိုင်းထဲလေဝင်ခြင်း။ ပိုက်ကို အသုံးပြုနေစဉ် မဟုတ်ရင် ညှပ်နဲ့ဖြစ်ဖြစ် အဖုံးနဲ့ဖြစ်ဖြစ် ဖုံးထားဖို့ လိုပါတယ်။

ပိုက်လိုင်းအလုပ်မလုပ်ခြင်း။ ပိုက်ပြွန်ပျက်စီးရင်ဖြစ်ဖြစ် ပုံစံပြောင်းရင်ဖြစ်ဖြစ် အလုပ်မလုပ်တော့ပါဘူး။ ဒီလိုဖြစ်ရင် ချက်ချင်းလဲလှယ်ဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement