backup og meta

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

    ဘားဟိုး (Burr Hole) ဆိုတာ ဦးခေါင်းခွံမှာ အပေါက်ကလေးများ ဖောက်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ကုသမှု ပြုလုပ်ချင်တဲ့ ဦးနှောက်ရဲ့နေရာပေါ်မူတည်ပြီး ဘားဟိုးအပေါက်ဖောက်တဲ့နေရာ မျိုးစုံဖြစ်နိုင်ပါတယ်။ ဘားဟိုးဖောက်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေတွေကတော့

    – ဦးနှောက်အမြှေးပါးပြင်ပ သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း

    – ဦးနှောက်အမြှေးပါးအောက် သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း

    ဦးနှောက်အကျိတ်ဖြစ်ခြင်း

    – ဦးခေါင်းအတွင်း အရည်များစုခြင်း စတာတွေ ဖြစ်ပါတယ်။

    များသောအားဖြင့် ဘားဟိုးဖောက်ခြင်းဟာ အရေးပေါ်ကုသမှုတွေ ဖြစနေတတ်ပါတယ်။ ဦးခေါင်းနဲ့ ဦးနှောက်ပိုင်းကို ထိခိုက်ဒဏ်ရာရပြီးချိန်မှာ ဦးနှောက်အတွင်း သွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားကို သက်သာစေလိုတဲ့အခါ၊ ဦးနှောက်ပိုင်းထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေကို စီးထွက်စေချင်တဲ့အခါ၊ ဦးခွံရိုးအတွင်း ပြင်ပက ပစ္စည်းကိရိယာတခုခု စိုက်ဝင်နေတဲ့အခါ ဘားဟိုးဖောက်ကုသပါတယ်။

    တကယ်တော့ ဘားဟိုးဆိုတာ အဆင့်မြင့်ရှုပ်ထွေးလှတဲ့ ဦးနှောက်ခွဲစိတ်မှုအဆင့်တွေရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ဦးခေါင်းခွံအောက် ဦးနှောက်ပိုင်းကို ကုသမုပြုနိုင်ဖို့အတွက် ဦးခေါင်းခွံကို တစိတ်တဒေသ ဖယ်ရှားဖို့ လိုပါတယ်။ ဘားဟိုးဖောက်လိုက်တဲ့အခါ ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ ဦးနှောက်ထဲကို ကုသမယ့် ပစ္စည်းကိရိယာတွေ ထည့်သွင်းဖို့ လမ်းပွင့်သွားပါတယ်။ တခါတရံမှာ ကုသမှုပြုရမယ့် ဦးနှောက်နေရာ ပိုမိုကျယ်ပြန့်ရင် ဘားဟိုးကို နှစ်ပေါက်သုံးပေါက် ဒါမှမဟုတ် ဒီထက်ပိုပြီး ဖောက်ရင်ဖောက်ရတတ်ပါတယ်။

    ဘားဟိုးဖောက်သည့်အဆင့်များ

    ခွဲစိတ်မယ့်ဆရာဝန်ဟာ လူနာရဲ့ကုသမှုမှတ်တမ်းနဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေဖြစ်တဲ့ Xray၊ CT၊ MRI စတာတွေကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။ တွေ့ရှိချက်တွေပေါ်မူတည်ပြီး ဘားဟိုးဖောက်ဖို့ လိုအပ်တယ်ဆိုရင် ဘယ်နေရာမှာဖောက်မလဲဆိုတာ သတ်မှတ်ပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအဆင့်တွေ ပါဝင်ပါတယ်။

    ၁။ ပထမဦးစွာ သင့်တော်တဲ့ မေ့ဆေးအမျိုးအစားကို ပေးပါတယ်။

    ၂။ ဘားဟိုးဖောက်ဖို့လိုအပ်မယ့်နေရာကို ဆံပင်ရိတ်ပါတယ်။ တခါတရံမှာ တခေါင်းလုံးရိတ်ထားတတ်ပါတယ်။ ပြီးရင် သင့်တော်တဲ့ ပိုးသတ်ဆေးရည်တမျိုးမျိုးနဲ့ သန့်ရှင်းပေးပါလိမ့်မယ်။ ရောဂါပိုးများ မဝင်နိုင်အောင် သန့်ရှင်းခြင်း ဖြစ်ပါတယ်။

    ၃။ လိုအပ်ရင် ဦးရေပြားပေါ်ကိုလည်း ထုံဆေးထပ်ထိုးပါလိမ့်မယ်။

    ၄။ အဲဒီနောက် ဦးရေပြားကို ခွဲစိတ်ပြီး ဦးခွံရိုးကိုပေါ်လာစေပါတယ်။ အထူးပြုလုပ်ထားတဲ့ လွန်သွားတမျိုးနဲ့ ဦးခွံရိုးကို ဖောက်ပါတယ်။လိုအပ်ချက်ပေါ်မူတည်ပြီး တပေါက်ထက်ပိုရင် ပိုနိုင်ပါတယ်။

    ၅။ အပေါက်ဖောက်ပြီးတဲ့အခါ ဦးခွံရိုးအောက်မှာ ဖိအားဖြစ်ပေါ်နေစေတဲ့ သွေးခဲ ဒါမှမဟုတ် အရည်များကို ဖယ်ရှားပါတယ်။ အပြင်ကို စီးထွက်စေမယ့် ပိုက်တမျိုးမျိုးတပ်ထားပြီး ဦးရေပြားကို ပြန်ပိတ်ပါတယ်။

    ၆။ ဘားဟိုးဖောက်ပြီး ကုသမှုပြုလုပ်ပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားရှိတဲ့ အခန်းမှာ နေရပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးရုံမှာ တပတ်၊ ဆယ်ရက် စသဖြင့် နေရတတ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးရှိသလား

    တခြားသော ခွဲစိတ်ကုသမှုတွေလိုပဲ သွေးယိုခြင်း၊ သွေးခဲခြင်း၊ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး၊ ရောဂါပိုးဝင်နိုင်ခြင်း စတာတွေ တွေ့ကြုံနိုင်ပါတယ်။ ဘားဟိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့

    – တက်ခြင်း

    ဦးနှောက်ရောင်ရမ်းခြင်း

    – သတိမေ့မျောခြင်း

    ဦးနှောက်မှသွေးယိုခြင်း စတာတွေလည်း ကြုံရတတ်ပါတယ်။

    ဘယ်လိုပြင်ဆင်မလဲ

    များသောအားဖြင့် အရေးပေါ်ကုသမှုဖြစ်တတ်လို့ ကြိုတင်ပြင်ဆင်စရာ အချိန်သိပ်မရှိလှပါဘူး။ လူနာ ဒါမှမဟုတ် လူနာရှင်က ဆရာဝန်သိလိုတဲ့ အချက်များ (ကျန်းမာရေးရာဇဝင်၊ သောက်သုံးနေသည့်ဆေးဝါးများ စသည်) ကို မခြွင်းမချန်ပြောပြပြိး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်ပါလုပ်ဆောင်ရုံပါပဲ။ ဆံပင်ရိတ်ရခြင်း၊ ခွဲစိတ်မှုမပြုမီ အနည်းဆုံး ၈ နာရီခန့်ကြိုတင်ပြီး အစာမစား၊ ရေမသောက်ခြင်း စတာတွေ ပြင်ဆင်ထားရပါမယ်။

    ခွဲစိတ်မှုပြီးချိန်မှာလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရပါမယ်။ ဆေးများကို တိကျစွာ သောက်သုံးရပါမယ်။ ဆရာဝန်များက ချိန်းဆိုတဲ့အတိုင်း မပျက်မကွက်ပြသရပါမယ်။ နောက်မှာ ဘားဟိုးဖောက်ထားတဲ့နေရာကို တိုက်တေနီယမ်သတ္တုနဲ့ ပြန်ပိတ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement