backup og meta

Breast Reduction Surgery (ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ

    ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ရင်သားမှာ ပိုနေတဲ့ အဆီတွေ၊ အရေပြားတွေကို ဖယ်ထုတ်ပြီး သေးငယ်ပါးလျားစေဖို့ ခွဲစိတ်ပုံသွင်းခြင်း ဖြစ်ပါတယ်။

    ရင်သားကြီးမားလွန်းပြီး စိတ်အနှောက်အယှက် ဖြစ်ရသူတွေအတွက် ဒီခွဲစိတ်မှုဟာ အထောက်အကူ ပြုပါတယ်။

    ဒီခွဲစိတ်မှုဟာ ကိုယ်ခန္ဓါနဲ့ ရင်သား အချိုးအစား ကိုက်ညီမှုရှိစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ လှုပ်ရှားသွားလာနိုင်စေပါတယ်။

    ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ

    ဒီခွဲစိတ်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။

    အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

    – ခွဲစိတ်မှုခံယူရန် ကျန်းမာရေးကောင်းမွန်ခြင်း

    – ဆေးလိပ်မသောက်ခြင်း

    – ရင်သားများကြီးမားလွန်း၍ စိတ်အနှောက်အယှက် ဖြစ်နေခြင်း

    – ရင်သားများကြောင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိနေခြင်း

    – ရင်သားအလေးချိန်ကြောင့် ကျော၊ လည်ပင်နှင့် ပခုံးများ နာကျင်မှုရှိခြင်း

    – ရင်သားကြီးခြင်းကြောင့် ဘရာစီယာကြိုးရာများ အမြောင်းလိုက်ပေါ်နေခြင်း

    – ရင်သားတွန့်သည့်အောက်တွင် အရေပြား ယားယံခြင်း

    – ရင်သားများနိမ့်ကျကာ အရေပြားတင်းနေခြင်း

    – နို့သီးခေါင်းများ ရင်သားအတွင်းခွက်ဝင်နေခြင်း

    – အရေပြားတင်းသောကြောင့် နို့သီးခေါင်း ပတ်လည်ရှိ အရောင်ရင့်သောနေရာ ကျယ်ခြင်း

    ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

    ရင်သားသေးရန်ခွဲစိတ်ခြင်းဟာ နို့တိုက်စဉ်ကာလမှာ အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူနာအများစုဟာ ခွဲစိတ်ပြီးချိန်မှာ ပုံမှန်အတိုင်း နို့တိုက်နိုင်ပါတယ်။

    ခွဲစိတ်မှုရဲ့ ရလာဒ်ဟာ မပြောင်းနိုင်ပေမယ့် ကိုယ်ဝန်ရှိခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း ကျခြင်းတို့ကြောင့် ရင်သား အရွယ်အစား ပြောင်းလဲနိုင်ပါတယ်။

    အဝလွန်တဲ့ အခြေအနေကနေ ရုတ်တရက်ပိန်သွားတဲ့အခါ ခွဲစရာမလိုဘဲ ရင်သားအရွယ်အစားဟာ သိသိသာသာ သေးသွားနိုင်ပါတယ်။

    ရင်သားကြီးတဲ့အခါ သီးသန့်ဝတ်ဆင်ရတဲ့ ဘရာစီယာများ ဝတ်ဆင်ပြီး ဖြေရှင်းနိုင်ပါတယ်။

    နောက်ဆက်တွဲပြသနာတချို့ ရှိနိုင်ပါတယ်။

    အထွေထွေပြသနာများ

    – နာကျင်ခြင်း

    – သွေးထွက်ခြင်း

    – ခွဲသည့်နေရာ ပိုးဝင်ခြင်း

    – အမာရွတ်ကြည့်မကောင်းခြင်း

    – သွေးခဲခြင်း

    ယခုခွဲစိတ်မှု၏ သီးသန့်ပြသနာများ

    – ရင်သားအတွင်း အကျိတ်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း

    – ရင်သားအပြင်ဘက်တွင် ထုံခြင်း၊ နာခြင်း

    – နို့သီးခေါင်း အပါအဝင် အရေပြားများ ဆုံးရှုံးခြင်း

    – ပခုံးတောင့်ခြင်း

    – ရင်သားနှင့် နို့သီးခေါင်း အာရုံခံစားမှု ပြောင်းခြင်း

    – နို့တိုက်နိုင်မှု လျော့နည်းခြင်း

    – အလှအပပိုင်းဆိုင်ရာ ပြသနာဖြစ်ခြင်း

    ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းကို မပြုလုပ်မီ ဘာတွေ ပြင်ထားရမလဲ

    ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မခွဲစိတ်ခင်မှာ အောက်ပါအချက်တွေ လုပ်ဆောင်နိုင်ပါတယ်။

    – ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း

    – ဆေးသောက်ခြင်း၊ သောက်လက်စဆေးများ ချိန်ညှိခြင်း

    – မခွဲစိတ်မီနှင့် ခွဲစိတ်အပြီး ရင်သားပုံရိပ် ဖော်စက်ဖြင့် ရင်သားပြောင်းလဲမှုကို လေ့လာခြင်း

    – မခွဲစိတ်မီ ဆေးလိပ်ဖြတ်ခြင်း

    – သွေးယိုခြင်းကို အားပေးသော အက်စပရင်၊ အရောင်ကျဆေးများ၊ ဆေးဘက်ဝင်အပင်များမှ ပြုလုပ်သော ဖြည့်စွက်အားဆေးများ ရှောင်ကြဉ်ခြင်း

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းကို ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ

    ခွဲစိတ်မှုဟာ မိနစ် ၉၀ ထိ ကြာနိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်မှာ ခွဲစိတ်ရာပေးပြီး နို့သီးခေါင်းရဲ့ အောက်ခြေကို ခွဲပါလိမ့်မယ်။ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ရင်သားကို အရွယ်သေးသွားအောင် လုပ်ပါတယ်။

    များသောအားဖြင့် နို့သီးခေါင်းဟာ ရင်ခေါင်းက အရေပြားနဲ့ ဆက်လျက်ရှိပါတယ်။ ရင်သားတွေဟာ အရမ်းကြီးမားပြီး လျော့ရဲနေရင်တော့ ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်က ဖြတ်ထုတ်ပြီး ပိုပြီးမြင့်တဲ့နေရာမှာ ပြန်ဆက်ပေးပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ

    ခွဲစိတ်မှုပြီးသွားချိန်မှာ ရင်သားတွေကို ပတ်တီးစည်းထားပါလိမ့်မယ်။ ခွဲတဲ့နေရာကနေ သွေးနဲ့အရည်တွေ ထွက်နိုင်အောင် ချိုင်းအောက်ဖက်ကနေ သေးငယ်တဲ့ပြွန်လေးတခု ဆက်ထားပေးပါလိမ့်မယ်။ ခွဲစိတ်ထားတဲ့ နေရာ ပိုးမဝင်အောင် ဆရာဝန်ဟာ ပဋိဇီဝဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ခိုင်းပါလိမ့်မယ်။

    ပထမအပတ်မှာ ရင်သားဟာ အနည်းငယ်ရောင်ရမ်းပြီးအထိမခံနိုင်ဖြစ်တာ၊ သွေးခြေဥတာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ဟာ အထူးပြုလုပ်ထားတဲ့ ဘရာစီယာဝတ်ခိုင်းပါလိမ့်မယ်။ ခွဲစိတ်ပြီး ၂ပတ်ကနေ ၄ပတ်အတွင်း အလုပ်များများ မလုပ်သင့်ပါဘူး။ အဲဒီအချိန်ဟာ ရင်သားအနာကျက်တဲ့ အချိန်ဖြစ်ပါတယ်။

    ခွဲစိတ်အပြီး ရင်သားဟာ အရောင်ပြောင်းပြီး တင်းမာရောင်ရမ်းနိုင်ပါတယ်။

    ခွဲစိတ်ပြီးနောက်နေ့မှာ အိမ်ပြန်နိုင်ပါတယ်။ ၂ပတ်၃ပတ်နေရင် ပုံမှန်ပြန်လှုပ်ရှားနိုင်ပါတယ်။

    ခွဲစိတ်ပြီးတပတ်ကြာရင် အလုပ်ပြန်ဝင်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ၂ပတ်ကြာပြီးချိန်မှာ ရင်ဘတ်ကြွက်သားတွေ သုံးရတဲ့အလုပ် ဥပမာ ကလေးချီခြင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။

    ခွဲစိတ်မှုရဲ့ရလာဒ်ဟာ တဖြည်းဖြည်းနဲ့ သက်သာကောင်းမွန်လာပါလိမ့်မယ်။ ရင်သားများဟာ တင်းမာခြင်းလျော့ပါးလာပြီး သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement