backup og meta

ဆီးကျောက်ခြေတယ်ဆိုတာ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးကျောက်ခြေတယ်ဆိုတာ

    ဆီးကျောက်ကို  ကုသတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စောင့်ကြည့်တာရယ်၊ သောက်ဆေးတွေ ပေးတာရယ်၊ ကျောက်ခြေတာရယ်၊ ခွဲစိတ်ကုသတာရယ်ပေါ့။ ဒီထဲမှာ ကျောက်ခြေတဲ့နည်းလမ်းက တော်တော်ခေတ်စားလာသလို အသုံးလည်း များလာပါတယ်။ ဒါဟာ ဘယ်လိုနည်းလမ်းတွေကို သုံးထားလဲ။ လူနာအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာရှိလဲဆိုတာ ပြောပြပေးပါ့မယ်။

    ဆီးကျောက်ခြေတယ်ဆိုတာ

    ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်းတစ်ခုပါပဲ။ Extracorporeal shock wave lithotripsy (ESWL) လို့ ခေါ်ပါတယ်။ Lithotriperလို့ ခေါ်တဲ့ စက်ကနေ လှိုင်းတွေ ထုတ်ပြီး ကျောက်တွေကို ခြေပစ်တာပါ။ ကျောက်မှုန်လေးတွေ ဖြစ်ပြီး ဆီးနဲ့အတူ ပါသွားမှာပါ။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းကောင်းပါပဲ။

    ဘယ်သူတွေ ဆီးကျောက်ခြေလို့ရလဲ။

    နည်းလမ်းကောင်း ဖြစ်ပေမယ့် လူတိုင်းတော့ ခြေလို့မရပါဘူး။ ကျောက်အနေအထား၊ လူနာအနေအထား ပေါ်လည်း အများကြီး မူတည်ပါသေးတယ်။ များသောအားဖြင့်တော့

  • ၂ စင်တီမီတာ အရွယ်အောက် သေးတဲ့ ကျောက်တွေ
  • ကျောက်ကပ် ဒါမှမဟုတ် ကျောက်ကပ်နားနီးတဲ့ ဆီးပို့ပြွန်က ကျောက်တွေအတွက် အဓိက သုံးပါတယ်။
  • ဘယ်သူတွေ ဒီနည်းနဲ့ ကျောက်ခြေလို့မရဘူးလဲ။

    • အရွယ်အစားကြီးတဲ့ကျောက်တွေ
    • ကိုယ်ဝန်ဆောင်တွေ
    • သွေးရောဂါရှိတဲ့သူတွေ
    • အဝလွန်တဲ့သူတွေ
    • ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူတွေ
    • ကျောက်ကပ်ပုံစံ ပုံမှန်မဟုတ်တဲ့သူတွေ၊ ဆီးပို့ပြွန် ပိတ်နေတဲ့သူတွေဆိုရင် ဒီနည်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

    ဘယ်လိုမျိုး ခြေတာလဲ။

    ကျောက်ခြေမယ်လို့ ဆုံးဖြတ်ထားရင် အရင်ဆုံး ဆောင်ရန်၊ ရှောင်ရန်တွေကို ဆရာဝန်က မှာကြားမှာပါ။ အထူးသဖြင့် သွေးကျဲဆေးလိုမျိုးတွေကို တစ်ပတ်လောက် ကြိုဖြတ်ထားဖို့ လိုပါတယ်။

    ခုနက ပြောခဲ့တဲ့ စက်ကနေ လှိုင်းတွေ ထုတ်ပြီး ကျောက်ခြေတာပါ။ အရင်ဆုံး ကျောက်ရှိတဲ့ နေရာကို ဓာတ်မှန်နဲ့ အတည်ပြုရပါတယ်။ လိုအပ်ရင် ဆီးပို့ပြွန်ပွင့်အောင် stentထည့်ထားရပါတယ်။ ဒါမှ ကြေနေတဲ့ ကျောက်တွေ ဆင်းလာမှာပါ။ လူနာငြိမ်အောင် စိတ်ငြိမ်ဆေးတွေ၊ ထုံဆေးတွေ သုံးရတတ်ပါတယ်။

    ပြီးတော့မှ ကျောက်ရှိတဲ့နေရာကို ချိန်ပြီး လှိုင်းနဲ့ ခြေတာပါ။ တစ်နာရီလောက်ပဲ ကြာပါတယ်။ နာကျင်မှုလည်း သိပ်မရှိသလို၊ ခွဲစိတ်ရတာ မဟုတ်တဲ့အတွက် နာလန်ထူမြန်ပါတယ်။ ဆေးရုံကနေ ကျောက်ခြေပြီးတဲ့နေ့ ဒါမှမဟုတ် လူနာအခြေအနေပေါ်မူတည်ပြီး ပြန်လို့ရပါတယ်။

    အိမ်ရောက်ရင်လည်း တစ်ရက် နှစ်ရက်ဆို အလုပ်တွေ ပြန်လုပ်လို့ရပါပြီ။ အစားအသောက်လည်း ထွေထွေထူးထူး ရှောင်စရာ မလိုပါဘူး။ ရေတော့များများသောက်ပေးပါ။ ဆီးကျောက်တွေ ဆီးနဲ့အတူပါသွားဖို့ အများကြီး အထောက်အကူဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးတွေကရော ဘာရှိနိုင်လဲ။

    ခွဲစိတ်ရတာ မဟုတ်ပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ရှိပါတယ်။

    • ၅၀ ရာခိုင်နှုန်းက သက်သာသွားပေမယ့် တချို့က ကျောက်နည်းနည်း ကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် ကျောက်ပြန်ခြေရတာမျိုး၊ တခြားနည်းနဲ့ ကုသရတာမျိုး ရှိနိုင်ပါတယ်။
    • နောက်ပြီး အခန့်မသင့်ရင် ကျောက်ကပ်ကနေ သွေးယိုတာလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆေးရုံကို ပြန်သွားပြသင့်လဲ။

    ကျောက်ခြေပြီးရင် ဆီးထဲမှာ သွေးနည်းနည်းပါတာ၊ ဗိုက်နာတာ၊ ခါးနာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ရေများများသောက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် သွေးဆင်းတာ သိပ်များရင် နာတာ အောင့်တာ မခံစားနိုင်ရင် ဆေးရုံကို ပြန်သွားပြသင့်ပါတယ်။

    လှိုင်းနဲ့ ကျောက်ခြေတာက လူနာအတွက် သက်သောင့်သက်သာ ဖြစ်တဲ့ ကုသနည်းတစ်ခုပါ။ အောင်မြင်နိုင်ခြေလည်း များပါတယ်။ တစ်ခုရှိတာက ဘယ်နည်းနဲ့ပဲ ကျောက်ကို ဖယ်ဖယ် ဆီးကျောက်ဆိုတာ နောက်တစ်ကြိမ် ပြန်တည်တတ်ပါတယ်။ ဒါကြေောင့် ရေရှည်မှာ ဆီးကျောက်မတည်အောင် နေတာက ပိုပြီးကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement