backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း) ကဘာလဲ။

သားအိမ်အသားစ စစ်ဆေးခြင်းဆိုတာဟာ ဆရာဝန်က သားအိမ်နံရံကို အသားစယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ယူထားတဲ့အသားစကို အဏုကြည့်မှန်ပြောင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ရှာဖွေမှာဖြစ်ပါတယ်။ သားအိမ်အသားစစ်ခြင်းဟာ သားအိမ်နံရံထဲမှာဖြစ်နေတဲ့ ပြဿနာတွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ သူဟာ ဆရာဝန်ကို ကိုယ်ခန္ဓါရဲ့ သားအိမ်နံရံ ပေါ်သက်ရောက်မှုရှိတဲ့ ဟော်မုန်းပမာဏညီမျှမှုကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ်။

သားအိမ်အသားစ စစ်ဆေးခြင်း လုပ်ဖို့နည်းအမျိုးမျိုးရှိပါတယ်။

• ပိုက်နဲ့တူတဲ့ ပျော့ပြောင်းတဲ့ ပြွန်ကို အသုံးပြုပြီး သားအိမ်နံရံကို စုပ်ယူမှာဖြစ်ပါတယ်။ ဒီနည်းဟာ မြန်ဆန်ပေမဲ့ ဗိုက်နာခြင်းကို ဖြစ်စေပါတယ်။

• Vibra aspiration (လျှပ်စစ်ဓါတ်အသုံးပြုပြီး စုပ်ယူခြင်း)။ ဒီနည်းဟာ မအီမသာဖြစ်စေနိုင်ပါတယ်။

• သားအိမ်နံရံက တစ်ရှူးတွေ ကွာကျဖို့အတွက် ဖျန်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ နံရံကို ခြစ်ထုတ်ဖို့ စုပ်တံကို အသုံးပြုနိုင်ပါတယ်။

သားအိမ်အသားစ စစ်ခြင်း ကို ပုံမှန်မဟုတ်တဲ့ သားအိမ် သွေးထွက်ခြင်းတွေကို ရှာဖွေဖို့နဲ့ သားအိမ်နံရံမှာ အကျိတ်ဖြစ်ခြင်း၊ ကင်ဆာတွေကို ရှိမရှိစစ်ဆေးဖို့ အသုံးပြုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကလေးရဖို့ ခက်ခဲနေရင် သားအိမ်အသားစ စစ်ခြင်း ကိုပြုလုပ်ပြီး သားအိမ်နံရံဟာ ကိုယ်ဝန်ကို ထောက်ပံ့ပေးနိုင်လားဆိုတာကို စစ်ဆေးသိရှိနိုင်ပါတယ်။ သားအိမ်အသားစစစ်ခြင်းဟာ တခါတရံမှာ အခြားစစ်ဆေးမှုတစ်မျိုးဖြစ်တဲ့ သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ အတူပြုလုပ်ပြီး သင့်ဆရာဝန်ကို သားအိမ်နံရံအတွင်းပိုင်းအား သေးငယ်တဲ့ မှန်ပြောင်းပြွန်လေးမှ တစ်ဆင့် မြင်ရစေပါတယ်။

Endometrial biopsy တွေကို ဘာကြောင့် လုပ်ကြတာလဲ။

အောက်ပါအခြေအနေတွေမှာ ပြုလုပ်ကြပါတယ်။

• ရာသီမမှန်ခြင်း (ဓမ္မတာသွေးဆင်း များခြင်း၊ ကြာခြင်း၊ ပုံမှန်မဟုတ်ခြင်း)

• သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း

• ဟော်မုန်းဆေးတွေ သောက်နေစဉ် သွေးဆင်းခြင်း

• အာထရာဆောင်းမှာ တွေ့ရတဲ့ သားအိမ် နံရံထူခြင်း

ဒီစစ်ဆေးမှုကို အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

ဒီစစ်ဆေးမှုကို သားအိမ် ကင်ဆာရှိမရှိ စစ်ဆေးဖို့လည်း အသုံးပြုနိုင်ပါတယ်။

ပြင်ဆင်မှု

Endometrial biopsy ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သားအိမ်အသားစ စစ်ဆေးခြင်း ကို ကိုယ်ဝန်ရှိနေချိန်မှာ မပြုလုပ်ပါဘူး။

သားအိမ်အသားစစ်ဆေးခြင်း ပြုလုပ်နေစဉ်မှာထက် သားအိမ်ခြစ်ခြင်းပြုလုပ်ချိန်မှာ သားအိမ်နံရံမှ ပိုပြီး အသားစနမူနာ ရယူနိုင်ပါတယ်။ အခြားစစ်ဆေးမှုတစ်ခုဖြစ်တဲ့ သားအိမ်အတွင်းမှန်ပြောင်းထည့်ကြည့်ခြင်းကိုလည်း သားအိမ်ခြစ်ခြင်း နဲ့ အတူလုပ်နိုင်ပြီး သားအိမ်နံရံကို ကြည့်ရှုနိုင်ပါတယ်။ သားအိမ်အတွင်းမှန်ပြောင်းထည့်ကြည့်ခြင်းကို သားအိမ်ခြစ်ခြင်း အစား ပြုလုပ်နိုင်ပါတယ်။

သားအိမ်အသားစ စစ်ဆေးခြင်း ကို သွေးဆုံးနေစဉ် (သို့) သွေးဆုံးအပြီးမှာ အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်သွေးဆင်းခြင်း မရှိဘူးဆိုရင် ပြုလုပ်လေ့မရှိပါဘူး။

Endometrial biopsy တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သောက်နေတဲ့ ဆေးတွေအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဒီဆေးတွေမှာတော့ သွေးကြဲဆေးတွေဖြစ်တဲ့ warfarin၊ clopidigrel နဲ့ aspirin တွေ ပါဝင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိမရှိ အရင်စစ်ဆေးစေသင့်ပါတယ်။ မစစ်ဆေးခင်နှစ်ရက်အလိုကစပြီး မိန်းမကိုယ်အတွင်းပိုင်းအတွက် ခရင်မ် (သို့) အခြားဆေးတွေ အသုံးမပြုသင့်ပါဘူး။ မိန်းမကိုယ်အတွင်းပိုင်းအထိ ဆေးကြောခြင်းကို မပြုလုပ်သင့်ပါဘူး။ စစ်ဆေးမှုမပြုခင်မှာ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ibuprofen သို့ acetaminophen တွေကို သောက်သုံးသင့်သလားဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

စစ်ဆေးမှု

Endometrial biopsy နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Endometrial biopsy ကို သားဖွားမီးယပ်အထူးကုဆရာဝန်၊ မိသားစု ဆရာဝန် (သို့) လေ့ကျင့်ထားတဲ့ ဆရာမက ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အသားစကိုတော့ ရောဂါရှာဖွေပေးတဲ့ ဆရာဝန်က ကြည့်ပေးမှာဖြစ်ပါတယ်။ ဒီအသားစယူခြင်းကို ဆရာဝန်ရုံးခန်းမှာ လုပ်နိုင်ပါတယ်။

ခါးအောက်ပိုင်းကို အဝတ်အစားတွေ ချွတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ခါးပတ်ပတ်လည်ကို အုပ်ဖို့ အကာပေးပါလိမ့်မယ်။ ပြီးရင်တော့ စမ်းသပ်တဲ့ ခုတင်ပေါ်မှာ ခြေထောက်ကို မြှောက်ပြီး ခြေထောက်တင်တဲ့ နေရာမှာ တင်ထားရမှာဖြစ်ပါတယ်။

သင့်ဆရာဝန်က ချောဆီသုတ်လိမ်းထားတဲ့ ဘဲနှုတ်သီးပုံစံတူ ကိရိယာတစ်မျိုးကို မိန်းမကိုယ်အတွင်းထည့်ပေးမှာ ဖြစ်ပါတယ်။ ထိုကိရိယာ ဟာ မိန်းမကိုယ်နံရံတွေကို ကားပေးမှာဖြစ်တာကြောင့် ဆရာဝန်က မိန်းမကိုယ်အတွင်းပိုင်းနဲ့ သားအိမ်ခေါင်းကို မြင်နိုင်မှာဖြစ်ပါတယ်။ သားအိမ်ခေါင်းကို အထူးပြုလုပ်ထားတဲ့အရည်နဲ့ ဆေးပေးမှာဖြစ်ပြီး tenaculum လို့ခေါ်တဲ့ ညှပ်နဲ့ ညှပ်မှာဖြစ်ပါတယ်။

သားအိမ်ခေါင်းကို ထုံစေဖို့ ဖျန်းဆေး (သို့) ထုံဆေးကို အသုံးပြုမှာဖြစ်ပါတယ်။ အသားစယူဖို့ ကိရိယာကိုတော့ သားအိမ်ခေါင်းကနေ သားအိမ်အတွင်းကိုလည့်ပြီး အပေါ်အောက်လှုပ်ရှားကာ အသားစ ယူမှာဖြစ်ပါတယ်။ အမျိုးသမီးအများစုကတော့ အသားစယူစဉ်မှာ ဗိုက်အောင့်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ သားအိမ်အသားစ ယူခြင်းဟာ ၅ မိနစ်ကနေ ၁၅ မိနစ်အထိ ကြာမြင့်တတ်ပါတယ်။

စစ်ဆေးပြီးနောက်

Endometrial biopsy လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ

စစ်ဆေးမှုပြုလုပ်ပြီး တစ်ရက်ကနေ နှစ်ရက်အထိ မိန်းမကိုယ်အတွင်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အသားစယူအပြီးမှာ တစ်ပတ်လောက်အထိ သွေးဆင်း၊ အရည်ဆင်းနေခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ သွေးဆင်းခြင်းအတွက် သန့်စင်တဲ့ အခံကို အသုံးပြုနိုင်ပါတယ်။ အသားစယူအပြီးမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ဝိတ်မခြင်းတွေကို ပြုလုပ်ခြင်း မပြုသင့်ပါဘူး။ လိင်ဆက်ဆံခြင်း၊ ရာသီလာစဉ် မိန်းမကိုယ်တွင်းထည့်အတောင့်ကို အသုံးပြုခြင်း၊ မိန်းမကိုယ်အတွင်းအထိ သန့်ရှင်းရေးပြုလုပ်ခြင်းတွေကို သွေးဆင်းတာ မရပ်မချင်း မပြုလုပ်သင့်ပါဘူး။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အသားစ အဖြေပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

ပုံမှန် အဖြေ

ပုံမှန်မဟုတ်တဲ့ ဆဲလ် (သို့) ကင်ဆာတွေကို မတွေ့ရပါဘူး။ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေအတွက်ကတော့ သားအိမ်နံရံဟာ အသားယူပြီးချိန်မှာ ရာသီစက်ကွင်းရဲ့ အချိန်တစ်ခုအတွက် မှန်ကန်တဲ့ အဆင့်မှာ ရှိနေပါတယ်။

ပုံမှန်မဟုတ်တဲ့ အဖြေ

အကျိတ်၊ အဖုတွေ ရှိနေပါတယ်။

သားအိမ်နံရံဆဲလ်တွေ အပွားလွန်ခြင်း ရှိနေတတ်ပါတယ်။ ကင်ဆာ (သို့) ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေအတွက်ကတော့ သားအိမ်နံရံဟာ အသားယူပြီးချိန်မှာ ရာသီစက်ကွင်းရဲ့ အချိန်တစ်ခုအတွက် မှန်ကန်တဲ့ အဆင့်မှာ ရှိမနေပါဘူး။ အခြားစစ်ဆေးမှုတွေ လိုအပ်ပါသေးတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement