backup og meta

Chemotherapy အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Chemotherapy အကြောင်း တစေ့တစောင်း

    ကင်ဆာရောဂါ ဖြစ်ပွားလာပြီဆိုရင် ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်အသုံးပြု ကုသခြင်း၊သောက်ဆေး/ထိုးဆေးတွေနဲ့ ကုသခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အဆိုပါ နည်းလမ်းတွေထဲမှာ Chemotherapy လို့ခေါ်တဲ့ ဆေးဝါးအသုံးပြု ကုသခြင်းဟာလည်း အသုံးများတဲ့ နည်းလမ်းတခုပါ။ ကီမိုစေးတွေလို့လည်း အလွယ်ခေါ်ကြလေ့ရှိတဲ့ ဒီဆေးတွေကို သောက်ဆေးပုံစံ ဒါမှမဟုတ် အကြောသွင်းဆေးပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ကီမိုဆေးတွေဟာ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်သလို အဆိုပါဆဲလ်တွေ ပိုမိုကြီးထွားမလာအောင်၊ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို မပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ ကီမိုဆေးတွေကို ခွဲစိတ်ကုသခြင်း ဒါမှမဟုတ် ဓါတ်ရောင်ခြည်အသုံးပြု ကုသခြင်းနည်းလမ်းတွေနဲ့ (လိုအပ်သလို) တွဲဖက်သုံးစွဲနိုင်ပါတယ်။ ကီမိုဆေးတွေကို သုံးစွဲရာမှာ အကြိမ်ရေ ဘယ်လောက် သုံးစွဲရမလဲ၊ပမာဏ ဘယ်လောက် သုံးစွဲရမလဲ၊ဘယ်လိုဆေးအမျိုးအစားတွေကို သုံးစွဲရမလဲ စတဲ့အချက်တွေကို ဆုံးဖြတ်နိုင်ဖို့အတွက် အောက်ပါ အချက်တွေနဲ့ တိုက်ဆိုင်သုံးသပ်ရပါတယ်။

    • သင်ခံစားနေရတဲ့ ကင်ဆာအမျိုးအစား။
    • အရင်ကရော ကင်ဆာဖြစ်ဖူးခြင်း ရှိမရှိ။
    • ဆီးချို၊နှလုံး၊ကျောက်ကပ်၊အသည်း စတဲ့ ရောဂါတွေ ရှိမရှိ။

    Chemotherapy ကုသမှုနည်းလမ်းကို အသုံးပြုဖို့ ဘာကြောင့် လိုအပ်တာလဲ

    သင့်ကင်ဆာကြိတ်ကို ခွဲစိတ်ဖယ်ရှားလိုက်ပြီဆိုရင်တောင် ကင်ဆာဆဲလ်အကြွင်းအကျန်တွေဟာ သင့်ခန္ဓါကိုယ်ထဲမှာ ရှိနေနိုင်သေးတဲ့အတွက် ဒီဆဲလ်တွေကနေ အသစ်တွေ ထပ်ပွားမလာနိုင်အောင်၊ခန္ဓါကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့မသွားအောင် ကြိုကာထားဖို့ လိုပါတယ်။ ဒီနေရာမှာ ကီမိုဆေးတွေရဲ့ အခန်းကဏ္ဍရောက်ရှိလို့ လာပါပြီ။ ကီမိုဆေးတွေဟာ အဆိုပါ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးနိုင်၊ထိန်းချုပ်ပေးနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ကင်ဆာတကျော့ပြန်မလာအောင် ထိန်းပေးနိုင်မယ့်အပြင် ကင်ဆာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကိုပါ သက်သောက်ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ခွဲစိတ်မှု မပြုလုပ်ခင်မှာ ကင်ဆာကြိတ်ရဲ့ အရွယ်အစားကို အနည်းငယ် သေးကျုံ့သွားစေဖို့ ရည်ရွယ်ချက်နဲ့လည်း ကီမိုဆေးတွေကို အသုံးပြုတတ်ကြပါသေးတယ်။

    Chemotherapy ဘယ်လို အလုပ်လုပ်သလဲ

    အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့ အလုပ်လုပ်ပါတယ်။

    ကင်ဆာဆဲလ်တွေကို သတ်ပေးနိုင်ခြင်း (ဘေးနားတဝိုက်က ဆဲလ်အကောင်းတွေကိုပါ သတ်ပါလိမ့်မယ်)။

    ကင်ဆာဆဲလ်တွေကိုပဲ သတ်ခြင်း။

    ကင်ဆာကြိတ်ကို သွေးအထောက်အပံ့ပေးနေတဲ့ သွေးကြောတွေ ဖြစ်ပေါ်မလာအောင် တားဆီးခြင်း။

    ကင်ဆာဆဲလ်ရဲ့ မျိုးဗီဇပစ္စည်း gene တွေကို ဖျက်ဆီးပစ်ခြင်း (ဒါဆိုရင် ကင်ဆာဆဲလ်အသစ်တွေ ဖြစ်မလာနိုင်တော့ပါဘူး)။

    Chemotherapy ဆေးအမျိုးအစားတွေက ဘာတွေလဲ

    • ကင်ဆာရောဂါကို ကုသဖို့ ဆရာဝန်တွေ အသုံးပြုလေ့ရှိတဲ့ ကီမိုဆေးတွေက ဒါဇင်နဲ့ချီပြီး ရှိပါတယ်။ ဒီဆေးတွေရဲ့ အလုပ်လုပ်ပုံ ဒါမှမဟုတ် ပါဝင်တဲ့ ဓါတုပစ္စည်းတွေအပေါ် မူတည်ပြီး တူရာစု အုပ်စုလေးတွေ ခွဲခြားထားပါတယ်။
    • အချို့ဆေးတွေဟာ ကင်ဆာဆဲလ်တွေရဲ့ DNA ကို တိုက်ခိုက်ဖျက်ဆီးပစ်တဲ့အတွက် ကင်ဆာဆဲလ်တွေ ထပ်မပွားနိုင်တော့ပါဘူး။ သူတို့ကို alkylating agents တွေလို့ ခေါ်ပြီး ရှေးအကျဆုံး ကီမိုဆေးအုပ်စု ဖြစ်ပါတယ် (ဥပမာ cyclophosphamide, melphalan,carboplatin, cisplatin)။
    • အချို့ဆေးတွေဟာ ဆဲလ်တွေရဲ့ ပုံမှန် ဇီဝဖြစ်စဉ်ကို ဝင်ရောက်နှောင့်ယှက်ခြင်းအားဖြင့် ကင်ဆာဆဲလ်တွေ ဆက်လက်ကြီးထွားခြင်း မရှိတော့အောင် ဆောင်ရွက်ပေးပြီး သူတို့ကိုတော့ antimetabolites တွေလို့ ခေါ်ပါတယ် (ဥပမာ 5-fluorouracil, 6-mercaptopurine, cytarabine, gemcitabine, methotrexate)။
    • အချို့ဆေးတွေဟာ ကင်ဆာဆဲလ် ကြီးထွားပွားများခြင်းကို ကူညီပေးတဲ့ အင်ဇိုင်းမ်တွေကို တိုက်ခိုက်ခြင်းအားဖြင့် အာနိသင်ပြပြီး Anthracycline ဆေးတွေလို့ခေါ်ပါတယ် (ဥပမာ actinomycin-D, bleomycin, daunorubicin, doxorubicin)။ ဒီဆေးတွေကို ပမာဏများများ အသုံးပြုရင် အဆုတ်နဲ့ နှလုံးကို ထိခိုက်စေနိုင်တာကြောင့် ကာလတိုပဲ သုံးစွဲသင့်ပါတယ်။
    • အချို့ဆေးတွေဟာ ကင်ဆာဆဲလ်တွေ သူတို့ဖာသာ ပွားများလာခြင်းကို တားဆီးပိတ်ပင်ခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဒီဆေးတွေဟာ ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ပရိုတိန်းဓါတ်တွေကို ခန္ဓါကိုယ်မှ ထုတ်လုပ်ခြင်းကိုလည်း တားဆီးပေးပြီး သူတို့ကိုတော့ mitotic inhibitors ဆေးတွေလို့ ခေါ်ပါတယ် (ဥပမာ docetaxel, estramustine, paclitaxel, vinblastine)။

    ကင်ဆာရောဂါကို တိုက်ထုတ်ရာမှာ စတီးရွိုက်ဆေးတွေကိုလည်း သုံးစွဲလေ့ရှိပြီး ကီမိုသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်မအီမသာဖြစ်ခြင်းတွေကို ပျောက်ကင်းသက်သာစေပါတယ် (ဥပမာ prednisone, methylprednisolone, and dexamethasone)

    ကင်ဆာရောဂါကို ကုသတဲ့အခါ နည်းလမ်းမျိုးစုံကို သုံးပြီး ကုသရလေ့ရှိပါတယ်။ အဆိုပါ နည်းလမ်းတွေထဲကမှ အသုံးများတဲ့ နည်းလမ်းတခုဖြစ်တဲ့ Chemotherapy – ကီမိုဆေးသွင်းကုသခြင်းအကြောင်း မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement