backup og meta

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ဖြစ်ပွားပါတယ်။ ဆီးလမ်းကြောင်းမှာ ဆီးထုတ်လုပ်မှု၊ သိမ်းဆည်းမှုနဲ့ စွန့်ထုတ်မှုအင်္ဂါများဖြစ်သော ကျောက်ကပ်၊ ဆီးပြွန်များ၊ ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့ ပါဝင်ပါတယ်။ အထူးသဖြင့် ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့မှာ မကြာခဏ ရောဂါကူးစက်ခံရတတ်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဘယ်လောက်အဖြစ်များသလဲ

    ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါက လူတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးများက အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးများရဲ့  ဆီးထုတ်ပြွန်က ပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်လွယ်တာကြောင့် ဖြစ်ပါ။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

    အဖြစ်များသော ရောဂါလက္ခဏာများကတော့ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးအရောင် နောက်ခြင်း သို့မဟုတ် ဆီးတွင် အနံ့နံခြင်း၊ သွေး၊ ပြည်ပါခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီး လူနာတွေမှာ တင်ပဆုံနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပိုးဝင်တဲ့နေရာ‌ပေါ် မူတည်ပြီး အောက်ပါ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

    • ကျောက်ကပ်မှာ ရောဂါပိုးဝင်ပါက အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ချမ်းတုန်ခြင်း၊ ခါးနာခြင်းတို့ ဖြစ်နိုင်ပါတယ်။
    • ဆီးအိတ်မှာ ရောဂါပိုးဝင်ပါက တင်ပဆုံ အရှေ့ပိုင်း (ဝမ်းဗိုက်အောက်ပိုင်း) တွင် တင်းနေခြင်း ၊ မကြာခဏ ဆီးသွားရခြင်းနဲ့ ဆီးသွားရာမှာ သွေးပါခြင်းတို့ ဖြစ်နိုင်ပါတယ်။
    • ဆီးထုတ်ပြွန်မှာ ရောဂါပိုးဝင်ပါက ဆီးသွားစဉ်နဲ့ သုက်လွှတ်ချိန်မှာ နာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

    အများဆုံးဖြစ်စေသော အကြောင်းရင်းမှာ အူတွင် တွေ့ရသော Escherichia coli ဘက်တီးရီးယား ကြောင့်ဖြစ်ပါ သည်။ ဒါ့ပြင် အခြား ဘက်တီးရီးယားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    E.coliက အရေပြား သို့မဟုတ် စအိုနားမှာရှိပြီး ဆီးလမ်းကြောင်းကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းနဲ့ စအိုက အမျိုးသားများထက် ပိုပြီး နီးကပ်တာကြောင့် ရောဂါဖြစ်နိုင်ချေလည်း ပိုများပါတယ်။

    ဒါ့ပြင် ဘက်တီးရီးယားတွေက ဆီးပိုက်မှတစ်ဆင့် ဆီးလမ်းကြောင်းထဲသို့ ရောက်သွားနိုင်သလို လိင်ဆက်ဆံပြီးနောက်မှာလည်း ဝင်ရောက်နိုင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း က တစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။ သို့သော် ရောဂါပိုးရှိချိန်မှာ လိင်ဆက်ဆံခြင်းက နာကျင်မှုကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    ဆီးပိုးဝင်နိုင်ချေကို မြင့်စေတဲ့ အချက်များစွာ ရှိပါတယ်။ ဥပမာ-

    • အမျိုးသမီးရဲ့ ဆီးထုတ်ပြွန်က အမျိုးသားများထက် တိုတာကြောင့် ဘတ်တီးရီးယားက ဆီးအိတ်ဆီကို မြန်မြန်ရောက်ပါတယ်။ ဒါကြောင့် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်လွယ်ပါတယ်။
    • အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
    •  တားဆေးအနေနဲ့ သုက်ကောင်သတ်ဆေးများ သုံးတဲ့ အမျိုးသမီးများကလည်း ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။
    • သွေးဆုံးပြီး အမျိုးသမီးဟော်မုန်း ချို့တဲ့ခြင်းကလည်း ဆီးလမ်းကြောင်းမှာ ပြောင်းလဲမှုများ ဖြစ်စေပြီး ရောဂါပိုး ဝင်စေပါတယ်။
    • မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းမှုရှိတဲ့ ကလေးများက ဆီးကို ပုံမှန် မစွန့်ထုတ်နိုင်ဘဲ ဆီးထုတ်ပြွန်မှာ ဆီးကျန်ခြင်းကြောင့် ပိုးဝင်လွယ်ပါတယ်။
    • ဆီးကျောက် သို့မဟုတ် ဆီးကျိတ်ကြီးခြင်းကြောင့်  ဆီးလမ်းကြောင်းပိတ်ပြီး ဆီးပိုးဝင်လွယ်စေပါတယ်။
    • ဆီးချိုသွေးချိုနဲ့ ကိုယ်ခံအားကို အားနည်းစေသော အခြားရောဂါများကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို မြင့်စေပါတယ်။
    • ဆီးပိုက်ကြာရှည်စွာ ထည့်ခြင်း၊ ပုံမှန်မလဲခြင်းတို့ကြောင့် ချိုးကပ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

    -ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ဒါမှသာ သင့်တော်တဲ့ ပိုးသတ်ဆေးကို ပေးနိုင်မှာ ဖြစ်ပါတယ်။

    -ဆီးလမ်းကြောင်းတစ်လျှောက်ကို စစ်ဆေးဖို့ အယ်ထွာဆောင်းရိုက်ခြင်း၊ ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘယ်လိုကုသပါသလဲ

    • ပိုးဝင်ခြင်းပေါ် မူတည်ပြီး ပဋိဇီဝဆေးများကို ၃-၁၀ ရက်လောက် သောက်ရပါတယ်။
    • ရေများများသောက်ခြင်းက ဆီးသွားစေပြီး အညစ်အကြေးတွေ စွန့်ထုတ်ဖို့ ကူညီပေးပါတယ် ။ သစ်သီးဖျော်ရည်များလည်း သောက်နိုင်ပါတယ်။ အရက်နဲ့ ကော်ဖီကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
    • ဆီးသွားစဉ် နာကျင်မှုကို သက်သာစေဖို့  အကိုက်အခဲပျောက်ဆေးများကိုလည်း လိုအပ်ပါက အသုံးပြုနိုင်ပါတယ်။
    • အနာသက်သာစေဖို့ ရေနွေးစိမ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။
    • ဆီးပိုးဝင်ခြင်းကြောင့် ဖျားနာခြင်းနဲ့ ဆီးကျင်တာ မသက်သာမချင်း လုံလောက်စွာ အနားယူပါ။

    အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ဆီးလမ်းကြောင်း ရောဂါပိုးကူးစက်ခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

    • နေ့စဉ် ရေ ၆-၈ ဖန်ခွက်သောက်ပါ။ ရေနဲ့ သစ်သီးဖျော်ရည်များသည် ဆီးလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။
    • အမျိုးသမီးများက အိမ်သာသွားပြီးရင် အရှေ့မှ အနောက်သို့ ဆေးကြောပါ။ မွေးလမ်းကြောင်းအတွင်းအား ရေဆေးခြင်း၊ ရေဖျန်းခြင်း ရှောင်ပါ။ ချည်ဖြင့် ပြုလုပ်ထားသော အောက်ခံဘောင်းဘီဝတ်ပါ။ ဘောင်းဘီကျပ်ကျပ်များ မဝတ်ပါနဲ့။
    • အမျိုးသမီးများသည် လိင်ဆက်ဆံမှု မလုပ်ခင်နဲ့ လုပ်အပြီးမှာ ဆီးသွားခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တတ်ရင် သုက်ကောင်သတ်ဆေးများ မသုံးပါနဲ့။
    • မကြာခဏ ဆီးသွားပြီး ဆီးအိတ်ကို ရှင်းလင်းပါ။ ဆီးအောင့်မထားပါနဲ့။
    • ကိုယ်ဝန်တားဆေးများကို သောက်နေရပါက ဆရာဝန်အား ပြောပြပါ။ အချို့ ပဋိဇီဝဆေးများသည် ကိုယ်ဝန်တားဆေးများနဲ့ ဓာတ်ပြုနိုင်ပါတယ်။
    • ပဋိဇီဝဆေးများကို ဆေးပတ်လည်အောင် သောက်ပါ။ ဆေးပတ်လည်အောင် မသောက်ရင် ပြန်ပြန်ဖြစ်ပြီး နောက်ဆက်တွဲရောဂါတွေ ဝင်လာနိုင်ပါတယ်။

    Takeaways

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆိုတာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သေသေချာချာ ကုသနိုင်ရင် ပျောက်တာလည်း မြန်ပါတယ်။ စနစ်တကျ မကုသဘူးဆိုရင်တော့ ခဏခဏ ပိုးဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement