backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကဘာလဲ။

သင့်ရဲ့ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံနားထင်ရိုးကို ပတ္တာကဲ့သို့ ဆက်သွယ်ပေးတဲ့ နားရွက်အရှေ့မှာရှိတဲ့ အဆစ်တစ်ခုဖြစ်ပါတယ်။ သင်စကားပြောနိုင်အောင်၊ ဝါးနိုင်အောင်၊ သန်းဝေနိုင်အောင် ဒီအဆစ်က မေးရိုးကိုအပေါ်အောက်နဲ့ ဘေးတိုက်ရွေ့လျားစေပါတယ်။ သင့်မေးရိုးနဲ့ မေးရိုးကိုထိန်းချုပ်တဲ့ မျက်နှာက ကြွက်သားတွေရဲ့ပြဿနာများကို မေးရိုးဆစ်ဆိုင်ရာပြဿနာများလို့ ခေါ်ပါတယ်။

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ

မေးရိုးဆစ်ပြဿနာတွေဟာ အလွန်နာကျင်စေပြီး နေရခက်စေပါတယ်။ ယာယီလည်းဖြစ်နိုင်ပြီး နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။ မျက်နှာရဲ့ တစ်ခြမ်းတည်းရော နှစ်ခြမ်းလုံးပါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်၂၀နဲ့၄၀ကြားမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မေးရိုးဆစ်ဆိုင်ရာပြဿနာများရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

သင်အစာစားလျှင်၊ စကားပြောလျှင်၊ ပါးစပ်ကို ကျယ်ကျယ်ဟလျှင် မေးရိုးဆစ်နေရာ၊ လည်ပင်း၊ ပုခုံးနှင့် နားအတွင်း/အပြင်တို့မှာနာကျင်ခြင်း

ပါးစပ်ကျယ်ကျယ်ဖွင့်ရခက်နေခြင်း

ပါးစပ်ဖွင့်လျက်/ပိတ်လျက်အနေအထားနှင့် မေးရိုးကပ်နေခြင်း

ပါးစပ်အဖွင့်အပိတ်နှင့် ဝါးသည့်အချိန်တွင် မေးရိုးမှ အသံမြည်နေခြင်း

မျက်နှာမှာ ညောင်းညာနေသလို ခံစားရခြင်း

အစာဝါးစားရခက်ခြင်း၊ ရုတ်တရက်မျက်ကနဲဖြစ်ပြီး အောက်သွားနှင့် အပေါ်သွားစေ့မရတော့သလို ခံစားရခြင်း

မျက်နှာဘေးဘက်တွင်ရောင်ရမ်းလာခြင်း တို့ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါကိုသိရှိပြီး ကုသမှုခံယူခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ်အခြေအနေများ ဖြစ်ခြင်းမှ ကာကွယ်နိုင်တဲ့အတွက် သင့်ဆရာဝန်နဲ့ တတ်နိုင်သမျှစောစော တိုင်ပင်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကိုဘာတွေကဖြစ်စေသလဲ

မေးရိုးဆစ်ဟာ ပတ္တာအနေနဲ့ရော လျှောတိုက်တဲ့လှုပ်ရှားမှုပါ ဆောင်ရွက်နိုင်ပါတယ်။ အဆစ်မှာ ပါဝင်လှုပ်ရှားတဲ့ အရိုးတွေရဲ့အစိတ်အပိုင်းကို အရိုးနုနဲ့ဖုံအုပ်ထားပြီး ချောမွေ့စွာလှုပ်ရှားနိင်စေဖို့ ဖိအားဒဏ်ခံနိုင်တဲ့အရိုးပြားလေး ပါရှိပါတယ်။

မေးရိုးဆစ်နာကျင်စေတဲ့ အကြောင်းတွေကတော့

အရိုးပြားတိုက်စားခံရခြင်း၊ မူလနေရာမှ လွဲချော်သွားခြင်း

အဆစ်ရောင်ခြင်းကြောင့် အရိုးနုပျက်စီးခြင်း

အဆစ်ကို ထိခိုက်မိခြင်း၊ ရိုက်မိခြင်း တို့ဖြစ်ပါတယ်။

မေးရိုးဆစ်ပြဿနာအများစုမှာတော့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မေးရိုးဆစ်ဆိုင်ရာပြဿနာများဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

လည်ပင်းနဲ့ နောက်ကျောအထက်ပိုင်း အနေအထားမမှန်ခြင်းကြောင့် ဇက်ကြောတက်ခြင်းနှင့် မေးရိုးကြွက်သားပုံမှန် အလုပ်မလုပ်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ကြွက်သားများတောင့်တင်းခြင်း၊ အံကြိတ်ခြင်း။

အသက် ၁၈နှစ်မှ ၄၄နှစ်ကြား အမျိုးသမီးများမှာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

အခြားနာတာရှည်အဆစ်ရောင်ရောဂါ ရှိသူများ၊ မေးရိုးမှာ ဒဏ်ရာရဖူးသူများ၊ သွားပေါက်ပုံမမှန်သူများမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

မျိုးရိုးဗီဇအရ နာကျင်မှုကို ခံနိုင်ရည်နည်းသူများ၊ ဖိစီးမှုကို အလွန်အကျွံတုန့်ပြန်သူများမှာလည်း ဖြစ်နိုင်ခြေများပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ မေးရိုးဆစ်ဆိုင်ရာပြဿနာများမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားကိုက်ခြင်း၊ ထိပ်ကပ်နာ၊ အဆစ်ရောင်ခြင်း၊ သွားဖုံးရောဂါတို့နဲ့ လက္ခဏာဆင်တူတဲ့အတွက် သင့်ပြဿနာရဲ့ အဖြေကိုသိဖို့ သွားဆရာဝန်က ရောဂါရာဇဝင်မေးပြီး စစ်ဆေးမှုပြုလုပ်ပါမယ်။

မျက်နှာကို ဓါတ်မှန်ရိုက်ကြည့်ပြီး သင့်မေးရိုး၊ မေးရိုးဆစ်နဲ့ သွားတွေမှာ ပြဿနာရှိမရှိ ကြည့်ပါမယ်။ CT, MRI ကဲ့သို့ အခြားစစ်ဆေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ MRI ရိုက်ခြင်းဖြင့် မေးရိုးလှုပ်ရှားစဉ် မေးရိုးဆစ်နေရာမှန်မမှန် ကြည့်နိုင်ပါတယ်။ CT scan မှာ အဆစ်ရဲ့ အရိုးတည်ဆောက်ပုံ အသေးစိတ်ကို မြင်နိုင်ပါတယ်။

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကို ဘယ်လိုကုသပါသလဲ

အချို့လူနာတွေမှာ မေးရိုးဆစ်ပြဿနာတွေဟာ ကုသဖို့မလိုဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာရှိနေသေးလျှင် ဆရာဝန်က ကုသမှုနည်းလမ်းအချို့ကို ညွှန်းပါလိမ့်မယ်။ အများအားဖြင့် တချိန်တည်းမှာ တစ်မျိုးထက်ပို အသုံးပြုရလေ့ရှိပါတယ်။

ဆေးဝါးများ

ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေနဲ့အတူ အောက်ပါဆေးတွေဟာ မေးရိုးဆစ်နာကျင်မှုကို သက်သာစေပါလိမ့်မယ်။

အကိုက်အခဲပျောက်ဆေးများ၊ အရောင်ကျဆေးများ နှင့် amitriptyline ကဲ့သို့ စိတ်ကျရောဂါအတွက် သုံးသောဆေးများကို နာကျင်မှုသက်သာစေဖို့ သုံးကြပါတယ်။

ကြွက်သားပြေလျော့ဆေးများကို ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်ထိ အနာသက်သာစေဖို့ သုံးနိုင်ပါတယ်။

ကုထုံးများ

ဆေးဝါးမပါတဲ့ကုထုံးတွေကတော့

တခါတရံ မေရိုးနာနေတဲ့သူတွေဟာ သွားတွေအပေါ်မှာ ကိရိယာတစ်မျိုးတပ်ဆင်ခြင်းဖြင့် သက်သာသွားကြပါတယ်။ ဒီကိရိယာတွေက ဘာကြောင့်သက်သာစေတယ်ဆိုတာ သေချာမသိပါ။

ရူပကုထုံးများ အသံလွန်လှိုင်း၊ ရေနွေးကပ်ခြင်း၊ ရေခဲကပ်ခြင်းတို့ကို မေးရိုးကြွက်သားများ သန်မာစေတဲ့ လေ့ကျင့်ခန်းနဲ့ ပူးတွဲပြုလုပ်ပါတယ်။

နာကျင်မှုကို ပိုဆိုးစေတဲ့ အချက်များကို ပညာပေးခြင်းဖြင့် နားလည်စေပြီး ရှောင်ကြဉ်နိုင်စေပါတယ်။

ခွဲစိတ်မှုနှင့် အခြားလုပ်ဆောင်ချက်များ

အခြားနည်းလမ်းများနှင့်အဆင်မပြေပါက

အဆစ်တွင်းမှအရည်ဖောက်ထုတ်ခြင်း။ အဆစ်ထဲသို့ အပ်ကလေးထည့်ပြီး အရည်များစီးဆင်းစေခြင်းဖြင့် ရောင်ရမ်းမှုကြောင့်ဖြစ်သော ဘေးထွက်ပစ္စည်းများ၊ အစအနများကို ဖယ်ရှားနိုင်ပါတယ်။

ဆေးထိုးခြင်း။ အချို့လူနာများကို အဆစ်ထဲသို့ စတီးရွိုက်ဆေးထိုးခြင်းဖြင့် ကုသနိုင်ပါတယ်။

အဆစ်တွင်းမှန်ပြောင်းကြည့်ကုသခြင်း။ အချို့လူနာများမှာ မှန်ပြောင်းဖြင့်ကုသခြင်းဟာ ခွဲစိတ်ကုသ သကဲ့သို့ ထိရောက်မှုရှိပါတယ်။

Modified condylotomy။ အောက်မေးရိုးကို ခွဲစိတ်ခြင်းဖြင့် အဆစ်ကို ခွဲစိတ်စရာမလိုဘဲ သွယ်ဝိုက်ကုသခြင်း ဖြစ်ပါတယ်။ မေးရိုးဆစ်ကပါနေလျှင် နာကျင်မှုကို သက်သာစေပါတယ်။

အဆစ်ခွဲစိတ်ခြင်း။ အခြားနည်းလမ်းများနှင့် အနာမသက်သာလျှင် အဆစ်ရဲ့ဖွဲ့စည်းပုံမှာ ပြဿနာရှိနေနိုင်ပါတယ်။ ဆရာဝန်က သင့်အဆစ်ကို ခွဲစိတ်ပြုပြင်/အစားထိုးဖို့ အကြံပြုပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မေးရိုးဆစ်ဆိုင်ရာပြဿနာများကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် မေးရိုးဆစ်ဆိုင်ရာပြဿနာများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ သင့်ဆရာဝန်ကလည်း ဒီလိုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။

Naproxen, ibuprofen တို့ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဝယ်သောက်ခြင်းဖြင့် ကြွက်သားများနာကျင် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

ရေပူ၊ရေအေးဝတ်ကပ်ခြင်း။ ရေခဲဝတ်ကို မျက်နှာဘေး နားထင်နေရာကို ၁၀မိနစ်ခန့်ကပ်ပါ။ (သင့်သွားဆရာဝန်/လေ့ကျင့်ခန်းဆရာက ခွင့်ပြုပါက) ပါးစပ်ကျယ်ကျယ်ဟခြင်းကို အကြိမ်အနည်းငယ်လုပ်ပါ။ ပြီးလျှင် မျက်နှာဘေးကို ရေနွေးဝတ် ၅မိနစ်ခန့်ကပ်ပါ။ ဒီအတိုင်း တစ်နေ့လျှင် အကြိမ်အနည်းငယ် လုပ်ဆောင်ပါ။

အစာပျော့ပျော့စားပါ။ ဒိန်ချဉ်၊ အာလူးထောင်း၊ ဒိန်ခဲ၊ စွပ်ပြုတ်၊ ကြက်ဥမွှေကြော်၊ ငါး၊ အသီးအရွက်နှင့် ပဲဟင်းများ၊ ကောက်နှံများ စားနိုင်ပါတယ်။ နည်းနည်းပဲဝါးရအောင် အစားအစာကို အရွယ်သေးသေးတုံးပါ။ မုန့်ခြောက်၊မုန်လာဥနီအစိမ်းတို့လို မာကြောသော ဝါးစားရသောအစာများ၊ ကပ်စေးနည်း၊ သကြားလုံးပျော့လို ကြိတ်ဝါးရသောအရာများ၊ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အကြီးကြီးကိုက်စားရသော အစာများကို ရှောင်သင့်ပါတယ်။

မေးရိုးအလွန်လှုပ်ရှားခြင်းကို ရှောင်ပါ။

လက်ပေါ်မေးမထောက်ပါနှင့်။

သွားစေ့မထားပါနှင့်။

အထက်ပါနည်းလမ်းအားလုံးဟာ သင့်ကို ရောဂါခံစားရ သက်သာစေပါလိမ့်မယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement