backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Scleroderma (စကာလရိုဒါးမား)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Scleroderma (စကာလရိုဒါးမား) ကဘာလဲ။

စကာလရိုဒါးမားဆိုသည်မှာ ဆက်တွယ်တစ်ရှူးများနှင့် အရေပြားတစ်ရှူးများကို မာကြော တောင့်တင်းသွားစေသော ရောဂါများကိုစုခေါ်သည့် နာမည်တစ်ခုဖြစ်ပါသည်။ စကာလရိုဒါးမားလက္ခဏာများမှာ အရေပြား၌ထင်ရှားသော်လည်း လူများစွာတွင် သွေးကြော၊ ကလီစာများနှင့် အစာချေလမ်းကြောင်းတို့တွင်သာ ထိခိုက်မှုများ၏။ လက္ခဏာများမှာ မတူတတ်ပါ။ ရောဂါဖြစ်နေသော အင်္ဂါပေါ်တွင်မူတည်ကာ ပြောင်းလဲတတ်ပါသည်။

စကာလရိုဒါးမားအဓိကပုံစံနှစ်မျိုးရှိသည်- တစ်နေရာတည်းဖြစ်သော စကာလရိုဒါးမား နှင့် စနစ်အလိုက်ထိသော စကာလရိုဒါးမား

  • တစ်နေရာတည်းဖြစ်သော အမျိုးအစားမှာ ခန္ဓါကိုယ်၏အစိတ်အပိုင်းတစ်ခုကိုသာ ထိသည်။ များသောအားဖြင့် အရေပြားတစ်ရှူး။ အဓိကအင်္ဂါကြီးများကို အန္တရာယ်ပေးလေ့မရှိပါ။ ဖြစ်ရပ်အများစုတွင် သူ့အလိုလိုပျောက်သွားပြီး ပြင်းထန်သောဖြစ်ရပ်များတွင်တော့ အရေပြားပျက်စီးနိုင်ပါသည်။
  • စနစ်အလိုက်ထိသောအမျိုးအစားမှာ တစ်ကိုယ်လုံးကိုထိခိုက်ခြင်းဖြစ်ပြီး အရေပြား၊ အရေပြားအောက်မှတစ်ရှူးများ၊ သွေးကြောများနှင့် အဓိကအင်္ဂါကြီးများကို ထိခိုက်လေ့ရှိသည်။

Scleroderma (စကာလရိုဒါးမား) က ဘယ်လောက်အဖြစ်များသလဲ

စကာလရိုဒါးမားသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ များသောအားဖြင့် အသက် ၃၀ မှ ၅၀ အတွင်းဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိနိုင်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Scleroderma (စကာလရိုဒါးမား) ရဲ့လက္ခဏာတွေကဘာတွေလဲ

စကာလရိုဒါးမား၏ ရောဂါလက္ခဏာများမှာ ထိခိုက်နေသော ကိုယ်အစိတ်အပိုင်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါသည်။

  • မာကျောထူထဲလာသော တစ်ရှူးများကြောင့် ပြောင်တင်းချောမွတ်သလို ထင်နေရသည့် အရေပြား။ များသောအားဖြင့် လက်နှင့် မျက်နှာတွင်တွေ့ရသည်။
  • အေးစက်သော ခြေချောင်း လက်ချောင်းများမှ အနီရောင်၊ အဖြူရောင် သို့မဟုတ် အပြာရောင် ပြောင်းလဲသွားသည်။ ထိုအခြေအနေကို ရေးနော၏ဖြစ်ရပ်ဟုခေါ်၏။
  • လက်ချောင်းထိပ်များတွင် နာခြင်း သို့ အနာပေါက်ခြင်း
  • မျက်နှာနှင့်ရင်ဘတ်တွင် အနီစက်များထခြင်း။ ၎င်းတို့သည် တီလန်ဂျီတေးစီးယားဟုခေါ်သော သွေးကြောအပွင့်လေးများဖြစ်သည်။
  • ဖောင်းကြွ၊ နာကျင်သော ခြေချောင်း လက်ချောင်းများ
  • ဖောင်းကြွ ရောင်ရမ်းသော အဆစ်များ
  • ကြွက်သားများ အားနည်းခြင်း
  • မျက်လုံး၊ ပါးစပ်ခြောက်သွေ့ခြင်း (Sjogren’s syndrome) ဟုခေါ်သည်။
  • လက်နှင့်ခြေထောက်တွင် ဖောင်းကြွြုခင်း (Edema)
  • အသက်ရှုကြပ်ခြင်း
  • ရင်ပူခြင်း
  • ဝမ်းလျှောခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Scleroderma (စကာလရိုဒါးမား) ကိုဘာတွေကဖြစ်စေသလဲ

စကာလရိုဒါးမားဖြစ်ရသည့်အကြောင်းရင်းကို ယခုထိမသိရသေးပါ။ တစ်ချို့သော သိပ္ပံပညာရှင်များက ၎င်းမှာ ကိုယ်ခံအားစနစ် မှုမမှန်ရာမှ ဗိုင်းရပ်စ်များ ဘက်တီးရီးယားများကို တိုက်ခိုက်မည့်အစား ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်ရာမှာ ဖြစ်လာခြင်းဟု ယူဆကြ၏။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Scleroderma (စကာလရိုဒါးမား) ကို ဘယ်လိုအတည်ပြုပါသလဲ

စကာလရိုဒါးမားမှာ ပုံစံအမျိုးမျိုးရှိသလို တစ်ဦးစီတွင်ထိသော ခန္ဓါကိုယ်အစိတ်အပိုင်းများလည်း မတူညီသောကြောင့် ရောဂါအတည်ပြုရန် ခက်ခဲ၏။

ဆရာဝန်သည် အရေပြားကိုထိသော စကာလရိုဒါးမားလက္ခဏာများကို ရှာကြည့်ပါလိမ့်မည်။ သွေးတွင်းမှ ကိုယ်ခံအားစနစ်မှထုတ်သော ပဋိပစ္စည်းပမာဏကိုစစ်ဆေရန် သွေးစစ်ဖို့လိုနိုင်ပါသည်။ ခန္ဓါကိုယ်တွင် တခြားနေရာများထိမထိသိနိုင်ရန်အတွက် အသက်ရှုစနစ်ဆိုင်ရာ စစ်ဆေးခြင်း (Pulmonary function tests)၊ အဆုတ်အတွက် ကွန်ပျူတာဓါတ်မှန်၊ နှလုံးအတွက် ပဲ့တင့်သံဓါတ်မှန်တို့ ရိုက်ရန်လိုနိုင်ပါသည်။ ထိခိုက်နေသည့် အရေပြားကို နမူနာဖဲ့ယူကာ မူမမှန်မှုများကိုစစ်ဆေးရန် ဓါတ်ခွဲဖို့ပြုလုပ်နိုင်ပါသည်။

Scleroderma (စကာလရိုဒါးမား) ကို ဘယ်လိုကုသပါသလဲ

စကာလရိုဒါးမားအတွင် ကုသမှုဆိုတာမရှိပါ။ သို့သော် လက္ခဏာများကို သက်သာအောင်လုပ်နိုင်ပါသည်။ သောက်ဆေးများသည် စကာလရိုဒါးမားအတွက် ပထမဆုံးရွေးချယ်ရသည်များဖြစ်၏။

  • NSAIDs (စတီးရွိုက်မပါ အရောင်ကျဆေးများ –ibuprofenoraspirin) နာကျင်ရောင်ရမ်းမှုကို သက်သာစေပါသည်။
  • ကိုယ်ခံအားကိုထိန်းချုပ်ရန်အတွက် စတီးရွိုက်နှင့် တခြားဆေးများ။ ၎င်းတို့သည် ကြွက်သား၊ အဆစ်၊ အတွင်းပိုင်းအင်္ဂါပြဿနာများအတွက် ကူညီပေးနိုင်ပါသည်။
  • လက်ချောင်းများသို့သွေးစီးဆင်းမှုကို ကောင်းမွန်စေသော ဆေးများ
  • သွေးပေါင်ထိန်းဆေးများ
  • အဆုတ်မှသွေးကြောများကို ပွင့်စေသောဆေးများ သို့မဟုတ် တစ်ရှူးများတွင် အမာရွတ်မကျန်စေသော ဆေးများ
  • ရင်ပူသက်သာသောဆေးများ

ထိုဆေးများအပြင် လက္ခဏာများကိုလျော့ချနိုင်ရန် ဆရာဝန်မှ တခြားကုထုံးများကို လမ်းညွှန်နိုင်ပါသေးသည်။

  • အလင်းနှင့်လေဆာကုထုံးများပါသော အရေပြားကုထုံးများ
  • ကိုယ်လက်အင်္ဂါလှုပ်ရှားမှုကုထုံးများ
  • အလုပ်အကိုင်ဆိုင်ရာ ကုထုံးများ
  • ပြင်းထန်သော အင်္ဂါထိခိုက်မှုရှိပါက ထိုအင်္ဂါအား အစားထိုးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စကာလရိုဒါးမား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် စကာလရိုဒါးမား ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်ခန္ဓါကိုယ်အား သန်မာအောင် ရောဂါအမျိုးမျိုးကိုဆန့်ကျင်ပြီး ကျန်းမာအောင် ပြုလုပ်ပေးပါသည်။ လေ့ကျင့်ခန်းသည် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး တောင့်တင်းခြင်းများကို သက်သာစေပါသည်။ ထို့အတူ အဆစ်များကိုလည်း ပျော့ပျောင်းစေပါသည်။
  • ဆေးလိပ်မသောက်ပါနှင့်။ နီကိုတင်းသည် သွေးကြောနှင့် အဆုတ်တစ်ရှူးများကို မာစေနိုင်သည်။ ဆေးလိပ်ဖြတ်ရန်ခက်နေပါက ဆရာဝန်ဆီအကူအညီတောင်းပါ။
  • ရင်ပူခြင်းကို စီမံပါ။ အက်စစ်များပြန်ကန်တက်ခြင်းကြောင့် ရင်ပူရာမှ အစာရေမျိုပြွန်ကို ထိခိုက်စေပါသည်။ ရင်ပူစေသောအစာများ ဂက်စ်ပါသည်များကို ရှောင်ပါ။ အစားအများကြီးစားခြင်း၊ ညအခါနောက်ကျမှ စားခြင်းမျိုးကို မလုပ်ရပါ။ ပြန်ကန်ခြင်းမဖြစ်စေရန်အတွက် အိပ်သည့်အခါ ခေါင်းသည် ရင်ဘတ်ထက်မြင့်နေရန် လိုအပ်ပါသည်။ အကယ်၍အထက်ပါနည်းများဖြင့် အဆင်မပြေသေးပါက အန်းတဆစ်များကို သုံးနိုင်ပါသည်။
  • အအေးမမိစေရန် ကိုယ့်ကိုယ်ကိုကာကွယ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement