backup og meta

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတာ အမျိုးသမီးတိုင်း သိချင်ကြတဲ့ ခေါင်းစဉ်ပါ။ တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်း ကြုံနေရတဲ့ ပြဿနာလေးတစ်ခုက ရာသီလာတာပါ။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာ၊ ဝမ်းဗိုက်အောင့်တာ စတဲ့ ရာသီပြဿနာတွေကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။

    ဘာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတာလဲ

    ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့ တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေ ပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။

    အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိ ခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုး  လစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် ဆေးဝါးအကူအညီနဲ့ လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်း ရပါတယ်။

    ဒီအမျိုးသမီးတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုခံစားရနိုင်ပါတယ်။

    • ရာသီသွေးအများကြီးဆင်းတတ်သူတွေ
    • အသက် ၂၀အောက်အရွယ်တွေ
    • ပထမဆုံးရာသီသွေးဆင်းတာ
    • prostaglandin ဟော်မုန်းပမာဏများနေသူတွေမှာပါ။

    သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာ၊ သားအိမ်အလုံးတည်တာနဲ့ သန္ဓေတားနည်းလမ်းတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။

    ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေဖို့

  • ဘယ်လိုစားသောက်မလဲ
  • ရေများများသောက်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ လေပွတာကို သက်သာစေဖို့ ရေများများသောက်ပေးဖို့လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။ ရာသီလာစဉ်မှာ ဝမ်းသွားတတ်တဲ့ မိန်းကလေးဆိုရင်တော့ ရေဓာတ်ကို ပိုဖြည့်ပေးဖို့လိုပါမယ်။

    ဒီအစားအစာတွေမစားပါနဲ့ – ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့ အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

    ဒါတွေစားပေးပါ –ရာသီလာစဉ်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးသင့်ပါတယ်။ သင်္ဘောသီး၊ ဆန်လုံးညို၊ သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဖရုံစေ့၊ သံလွင်ဆီပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရင့်ရောင်အရွက်တွေ၊ နှမ်းကြတ်စေ့တို့ကို စားသုံးပေးသင့်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ကို စုပ်ယူနိုင်အောင် အထောက်အကူပြုပေးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ Boron ရရှိနိုင်တဲ့ ထောပတ်သီး၊ မြေပဲထောပတ်၊ ကုလားပဲ၊ ငှက်ပျောသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ Boron ဓာတ်က ရာသီလာစဉ်နာကျင်ကိုက်ဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမယ့် ဆလတ်ရွက်၊ သခွားသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေကိုလည်းစားသုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်ရရှိစေနိုင်မယ့် နို့ထွက်ပစ္စည်းတွေ၊ နှမ်း၊ အယ်လ်မွန်သီး နဲ့ အစိမ်းရောင်အသီးတွေစားသုံးပေးသင့်ပါတယ်။

    ဒါလေးတွေစားပေးရင်လည်း သက်သာပါတယ် –ရာသီလာစဉ် နာကျင်ကိုက်ခဲနေတဲ့အခါ ချာမိုမိုင်းရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲစိမ်သောက်တာ၊ စမုန်စေ့ဆီကို သောက်ပေးတာ၊ သစ်ကြံပိုးခေါက်အမှုန့်စားပေးတာတွေ လုပ်လို့ရပါတယ်။ သစ်ကြံပိုးခေါက်က သွေးဆင်းတာကို နည်းစေပြီး ရာသီလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • ဘယ်လိုနေထိုင်မလဲ

    လေ့ကျင့်ခန်းလုပ်ပေးပါ ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်ဘဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်း ရပါတယ်။

    ဝမ်းဗိုက်ပိုင်းကို နှိပ်နယ်ပေးပါ –လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး ဝမ်းဗိုက်အောက်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး သားအိမ်ဆီကို သွေးရောက်ရှိစေနိုင်တာကြောင့် နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ရေနွေးအိတ်ကပ်ပေးပါ – ရာသီလာလို့ နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကို ရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။

    ဒီနည်းလေးတွေသုံးပြီး လစဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်ကြပါစို့ လေဒီတို့ရေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement