backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကဘာလဲ။

သံသယလွန်ကဲသော စိတ်ဝေဒနာဆိုသည်မှာ လူတစ်ယောက်သည် သူတစ်ပါးအပေါ် ဘယ်တော့မှမဆုံးနိုင်သော သံသယစိတ် နှင့် မယုံကြည်မှုများ ဖြစ်နေသော ထူးခြားသော စိတ်ဝေဒနာတစ်မျိုးဖြစ်သည်။ ဤရောဂါ၏ အခြား ထူးခြားချက်များမှာ သူတစ်ပါးကို ယုံကြည်ဖို့ ဝန်လေးခြင်း၊ အညှိုးကြီးခြင်း၊ ရိုးသားသော ကိစ္စရပ်စကားရပ်များအပေါ်တွင်ပင် ခြိမ်းခြောက်နေသည်ဟု အထင်ရောက်ခြင်းတို့ပဲ ဖြစ်ပါသည်။ ဤစိတ်ဝေဒနာရှိသောလူသည် သူတစ်ပါးအပေါ် ဒေါသထွက်လွယ်၊ ရန်ပြုလွယ်သည်။

သံသယစိတ်လွန်ကဲမှုသည် ကျိုးကြောင်းမဆီလျော်သော အတွေးနှင့် ယုံကြည်မှုများ ခိုင်မာလာချိန်တွင် ထင်ယောင်ထင်မှားဖြစ်လာစေတတ်သည်။ ထိုအခါတွင် သူတို့ တွေးနေ၊ ခံစားနေရသော အရာတွေက မမှန်ကန်ဘူးဆိုတာကို ထိုလူအား ဘယ်အရာကမှ (သက်သေအထောက်အထားများ ရှိနေလျှင်တောင်) နားချလို့မရပါ။ လူတစ်ယောက်သည် သံသယစိတ်လွန်ကဲသော စိတ်ဝေဒနာ (သို့) ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ရှိပြီး အခြားလက္ခဏာများ (တကယ်မရှိသော အရာများကို မြင်နေ၊ ကြားနေခြင်းကဲ့သို့သော လက္ခဏာများ) မရှိလျှင် သူတို့ကို ထင်ယောင်ထင်မှားဖြစ်သော စိတ်ဝေဒနာသည်ဟုလည်း ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အတွေးများတွင်သာ ပြဿနာရှိပြီး ထိုရောဂါသည်များသည် နေ့စဉ် ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်သည်။ သို့သော် သူတို့၏ ဘဝတွင် ကန့်သတ်ချက်များရှိပြီး အထီးကျန်ဆန်ပါသည်။

Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) က ဘယ်လောက်အဖြစ်များသလဲ

ဤဝေဒနာသည် အလွန်အဖြစ်များပါသည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပါသည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။

လက္ခဏာများ

Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သံသယလွန်ကဲ စိတ်ဝေဒနာ၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • အခြားလူများသည် စိတ်ခံစားချက်များ ဖုံးကွယ်ထားသည်ဟု စိုးရိမ်ခြင်း
  • သူတို့ကို အခြားလူများက အသုံးချသွားမည်ကို ကြောက်ရွံ့ခြင်း
  • တစ်ပါးသူ၏ သစ္စာတရား၊ ဝန်ခံကတိ၊ ယုံကြည်အားကိုးရမှုတို့အပေါ်တွင် သံသယဖြစ်ခြင်း။ အခြားလူများသည် သူတို့အား လိမ်နေသည်၊ အသုံးချနေသည်ဟု ယုံကြည်ခြင်း
  • သူတို့အား အသုံးချသွားမည်ကို ကြောက်ရွံ့စိတ်နှင့် တစ်ပါးသူအပေါ် ယုံကြည်ရန် (သို့) ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပြောပြရန် ဝန်လေးခြင်း ။
  • မခွင့်လွှတ်နိုင်ဘဲ အညှိုးကြီးခြင်း
  • အထိမခံ၊အပြောမခံနိုင်ဖြစ်ကာ သူတို့အား ဝေဖန်ခြင်းကို မခံနိုင်ခြင်း
  • တစ်ပါးသူများနှင့် အလုပ်အတူ တွဲလုပ်နိုင်စွမ်း မရှိခြင်း
  • တစ်ပါးသူ၏ ရိုးသားသော ပြောဆိုမှု (သို့) ပုံမှန်အကြည့်ကိုပင် အဓိပ္ပါယ်တလွဲကောက်ခြင်း
  • အခြားသူများအတွက် ဘာမျှမဟုတ်သော ကိုယ်ရေးကိုယ်တာ ပြောဆိုဝေဖန်မှုကိုပင် ဒေါသစိတ်နှင့် တုံပြန်ခြင်း။ လျင်မြန်စွာ ပြန်လည်တိုက်ခိုက်ခြင်း။
  • အကြောင်းရင်းမရှိဘဲ သူတို့၏ ချစ်သူသည်ဖောက်ပြန်နေသည်ဟု ထပ်ခါတလဲလဲ သံသယစိတ်ဖြစ်ခြင်း
  • အသိုင်းအဝိုင်းမှ ရှောင်ဖယ်နေခြင်း
  • တစ်ပါးသူများနှင့် ဆက်ဆံရေးတွင် အေးတိအေးစက်နှင့် ဝေးကွာနေခြင်း။ တစ်ပါးသူကို ချုပ်ချယ်လွန်းပြီး မနာလိုဖြစ်တတ်ခြင်း
  • ခေါင်းမာ၊ ရန်မူ၊ ရိုင်းစိုင်းပြီး စကားများခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အကယ်၍ သံသယစိတ်က သင့်ဆက်ဆံရေး (သို့) လုပ်ငန်းခွင်တွင် နှောင့်ယှက်လာပါက ဆရာဝန် (သို့) စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆက်သွယ်ပါ။

    အကြောင်းရင်းများ

    Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကိုဘာတွေကဖြစ်စေသလဲ

    ဤ စိတ်ဝေဒနာကို ဖြစ်စေသော အဓိက အကြောင်းရင်းကို ပြည့်ပြည့်၀၀ မသိရှိရသေးပါ။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ပါ ပေါင်းစပ်ပါဝင်နေခြင်း ဖြစ်ဖို့များပါတယ်။ သံသယလွန်ကဲ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျား ရောဂါသည် ဆွေမျိုးများတွင် အဖြစ်များပါသည်။ ကလေးဘဝအစောပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့ဖူးခြင်းသည်လည်း ဤရောဂါဖြစ်ပွားမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    သံသယလွန်ကဲ စိတ်ဝေဒနာ ဖြစ်ပွားမှုများစေတဲ့ အဓိကအကြောင်းအရင်းကတော့

    • လိင် ။ ။ အမျိုးသားများသည် ပိုအဖြစ်များသည်။
    • မိသားစုတွင်း စိတ်ရောဂါသည်ရှိခြင်း ။ ။ သံသယလွန်ကဲ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျားရောဂါသည်၏ ဆွေမျိုးများတွင် ပိုအဖြစ်များသည်။
    • ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ ။ ။ ကလေးဘဝအစောပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရဖူးခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သံသယလွန်ကဲ စိတ်ဝေဒနာကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုပေါ်တွင် အခြေခံပြီး အတည်ပြုသတ်မှတ်သည်။ ဆရာဝန်က ပြည့်စုံသော ဆေးစစ်ဆေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ မေးမြန်းစစ်ဆေးခြင်းများကို ပြုလုပ်သည်။ လိုအပ်လျှင် ခန္ဓါကိုယ် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သည်။ သံသယလွန်ကဲ စိတ်ဝေဒနာကို အတည်ပြုနိုင်သော ဓါတ်ခွဲစစ်ဆေးနည်း မရှိပါ။ သို့သော် ဆရာဝန်က ဖြစ်စေသော အကြောင်းရင်း၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကို ဖယ်ထုတ်ဖို့ များစွာသော စစ်ဆေးမှုများကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေသော အကြောင်းရင်းရောဂါ မတွေ့ရှိလျှင် ဆရာဝန်က သင်၏ စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးရန် စိတ်ကျန်းမာရေး ဆရာဝန်ကို လွှဲပေးလိမ့်မည်။

    စိတ်ကျန်းမာရေး ဆရာဝန်က ရှုပ်ထွေးနက်နဲသော စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ သူတို့က သင့်ငယ်ဘဝ၊ ကျောင်း၊ လုပ်ငန်းခွင် နှင့် ဆက်ဆံရေးအကြောင်းကို မေးမြန်းလိမ့်မည်။ သူတို့က သင်၏ အတွေးပုံရိပ်များကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို မေးမြန်းလိမ့်မည်။ ထိုမေးခွန်းများသည် သင်အခြေအနေတစ်ရပ်ကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို စစ်ဆေးခြင်းဖြစ်သည်။ ဥပမာ။ ။ သင်သည်လမ်းပေါ်တွင် တစ်စုံတစ်ယောက်၏ ပိုက်ဆံအိတ်ကို တွေ့လျှင် ဘယ်လိုလုပ်မလဲဆိုသော မေးခွန်းမျိုးကို မေးလိမ့်မည်။ ထို့နောက် စိတ်ကျန်းမာရေး ဆရာဝန် က ရောဂါအတည်ပြုပြီး ကုသမှုကို စီစဉ်ပေးလိမ့်မည်။

    Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကို ဘယ်လိုကုသပါသလဲ

    ဤရောဂါ ခံစားနေရသော လူနာများသည် ဆရာဝန်အပေါ်သံသယစိတ်များသောကြောင့် ကုသမှုသည် ခက်ခဲပါသည်။ အကယ်၍ ကုသမှုကို လက်ခံလျှင် စကားပြောကုထုံးနှင့် ဆေးဝါးများသည် ထိရောက်ပါသည်။

    • စိတ်ကုထုံး (ပြောဆိုဆွေးနွေးခြင်းပုံစံ) သည် သံသယလွန်ကဲ စိတ်ဝေဒနာအတွက် အကောင်းဆုံးကုထုံးတစ်ခုဖြစ်သည်။ ကုသမှုသည် ယေဘုယျ ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာစေရန် အဓိကထားပြီး လူမှုဆက်ဆံရေးနှင့် ကိုယ်ကိုယ့်ကို တန်ဖိုးထားမှုကို မြင့်တင်ပေးသည်။
    • ဆေးဝါးသည် ဤစိတ်ဝေဒနာအတွက် အဓိက ကုထုံးမဟုတ်ပါ။ သို့သော် စိုးရိမ်ပူပန်မှုကို သက်သာစေသောဆေး၊ စိတ်ကျရောဂါသက်သာဆေး (သို့) စိတ်ရောဂါအတွက်ပေးသောဆေးများသည် လူနာရောဂါလက္ခဏာ ပြင်းထန်လာသောအခါ (သို့) စိတ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသော အခါတွင် ပေးပါသည်။

    ကုသမှုကို လက်ခံသောသူများသည် အလုပ်ဆက်လုပ်နိုင်ပြီး ကျန်းမာသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်သည်။ သို့သော် သူတို့သည် ဘဝတစ်လျှောက် ကုသမှုကို ဆက်လက်ခံယူရမည်။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာကို အမြစ်ပြတ်ကုသနည်း မရှိပါ။ သံသယလွန်ကဲ စိတ်ဝေဒနာ ရောဂါလက္ခဏာများ ဆက်လက်ဖြစ်နေမည်ဖြစ်သော်လည်း အများ၏ ထောက်ပံ့မှု၊ ဂရုစိုက်မှုများနှင့် ရောဂါကို ကုသနိုင်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံသယလွန်ကဲ စိတ်ဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    ဤစိတ်ဝေဒနာကို ကုသနိုင်သော နည်းလမ်းမရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာသည် လူနာသည် အခြားလူများကို မယုံကြည်၊ သံသယစိတ်များသောကြောင့် အုပ်စုဖွဲ့ကူညီခြင်းနည်းလမ်းမျိုးသည် မဖြစ်နိုင်သလို အန္တရာယ်တောင်များသေးသည်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement