backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

6

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Miscarriage ( ကိုယ်ဝန်ပျက်ကျခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Miscarriage ( ကိုယ်ဝန်ပျက်ကျခြင်း )

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) အကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

Miscarriage ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ဘာလဲ။

ကိုယ်ဝန်သက်တမ်း အပတ်၂၀မတိုင်ခင် ကိုယ်ဝန်ဆောင်စဉ် တခုခု လွဲချော်ခြင်း၊ သန္ဓေသားကောင်းစွာ မကြီးထွားခြင်းတို့ကြောင့် အလိုလျောက် ကိုယ်ဝန်ကျခြင်း ကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၀-၂၀%က အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်းက ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ပျက်ကျခြင်းဟာ အဖြစ်များပါတယ်။ အမျိုးသမီးတစ်ဦးက သူမကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာတောင် ပျက်ကျတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အပတ်၂၀ကျော်လာလျှင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

လက္ခဏာများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ဗိုက်နာခြင်း/ ခါးကိုက်ခြင်း
  • မိန်းမကိုယ်မှ အရည်၊ အသားစများ ဆင်းခြင်း
  • သွေးဆင်းနည်းရာမှ များလာခြင်း
  • အလွန်ကိုက်ခဲလာခြင်း
  • ဖျားခြင်း
  • အားနည်းခြင်း တို့ဖြစ်ပါတယ်။

ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ပျက်ကျတယ်လို့ စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကို ဘာတွေက ဖြစ်စေသလဲ

ဗိုက်ထဲက ကလေးမှာ ပါလာတဲ့ မျိုးဗီဇဆိုင်ရာပြဿနာများက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ လနုချိန် ကိုယ်ဝန်ပျက်ကျတာ အများစုက ဒါကြောင့်ပါ။ ဒါက မိခင်နဲ့ မဆိုင်သလို ကြိုတင်ကာကွယ်လို့လည်း မရပါဘူး။

ကိုယ်ဝန်ပျက်ကျစေတဲ့ အခြားအကြောင်းအရင်းများကတော့

  • ရောဂါပိုးဝင်ခြင်း
  • ဆီးချို၊ သိုင်းရွိုက်ရောဂါ စတဲ့ရောဂါများ
  • ဟော်မုန်းဆိုင်ရာ ပြဿနာများ
  • ခုခံအားစနစ်ရဲ့ တုန့်ပြန်မှု
  • သားအိမ်ခေါင်း မလုံခြင်း
  • သားအိမ်ပုံမမှန်ခြင်းများ တို့ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ပျက်ကျခြင်း ကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် ၃၅နှစ်အထက် အမျိုးသမီးများက အမျိုးသမီးငယ်များထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။
  • နှစ်ကြိမ်ထက်ပိုပြီး ဆက်တိုက် ကိုယ်ဝန်ပျက်ကျဖူးရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများပါတယ်။
  • ဆီးချိုမထိန်းနိုင်ခြင်း စသည့် နာတာရှည်ရောဂါများ ရှိခြင်း
  • သားအိမ်၊ သားအိမ်ခေါင်းနဲ့ ပတ်သက်သော ပြဿနာများ ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးများသုံးစွဲခြင်း
  • ကိုယ်အလေးချိန် နည်းလွန်းခြင်း/ များလွန်းခြင်းတို့ကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် အချင်းအပိုင်းအစ နမူနာယူခြင်း၊ ရေမြွာရည်စုပ်ယူခြင်း စတဲ့ အတွင်းကျတဲ့ စမ်းသပ်မှုများကလည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေကို အနည်းငယ် ပိုမို မြင့်မားစေပါတယ်။
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ကိုယ်ဝန်ပျက်ကျခြင်းကို အတည်ပြုဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။

    • တင်ပါးဆုံပိုင်းစစ်ဆေးမှုဖြင့် သင့်သားအိမ်ခေါင်း စပွင့်နေပြီလား သိနိုင်ပါတယ်။
    • အာထရာဆောင်းဖြင့် သန္ဓေသားရဲ့ နှလုံးခုန်နှုန်းနဲ့ ကောင်းစွာကြီးထွားမှု ရှိမရှိ သိနိုင်ပါတယ်။
    • သင်ကိုယ်ဝန်ပျက်ကျခဲ့လျှင် သန္ဓေသားနဲ့ အချင်းအစိတ်အပိုင်းအားလုံးပါ မပါသိဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းနဲ့ betaHCG ကို စစ်ကြည့်နိုင်ပါတယ်။
    • ထွက်ကျလာတဲ့ တစ်သျှူးအသားစကို ဓာတ်ခွဲခန်းပို့ပြီး ကိုယ်ဝန်ပျက်ကျတာ ဟုတ်မဟုတ် စစ်ဆေးနိုင်ပါတယ်။

    Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ကို ဘယ်လိုကုသပါသလဲ

    သင့်မှာ ကိုယ်ဝန်ပျက်ကျလုနီးပါးဖြစ်နေရင် သွေးဆင်းတာ၊ နာတာမပျောက်မချင်း အနားယူရပါမယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။ ခရီးသွားခြင်းကိုလည်း ရှောင်သင့်ပါတယ်။ အထူးသဖြင့် ဆေးကုသမှု ချက်ခြင်းမရနိုင်တဲ့ နေရာများသို့ သွားလာခြင်းကို ရှောင်ရပါမယ်။

    ကိုယ်ဝန်ပျက်ကျတဲ့အခါ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကတော့ စောင့်ကြည့်ကုသခြင်း၊ ဆေးဖြင့် ကုသခြင်း၊ ကိရိယာအသုံးပြုခြင်းတို့ဖြစ်ပါတယ်။

    ကိုယ်ဝန်ပျက်ကျပေမဲ့ ရောဂါပိုးဝင်တဲ့ လက္ခဏာမရှိရင် စောင့်ကြည့်တဲ့နည်းကို သုံးနိုင်ပါတယ်။ သဘာဝအတိုင်း သူ့အလိုလို ထွက်ကျတာကို စောင့်တာပါ။  သူ့အလိုလို မထွက်ကျလာရင်တော့ ဆေးနဲ့ သို့မဟုတ် ကိရိယာအသုံးပြုနည်းကို ရွေးရပါမယ်။

    သူ့အလိုလို ထွက်လာဖို့ နှေးနေရင်တော့ ဆေးပေးပြီး ထွက်လာ‌အောင် လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆေးဝါးများက သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ကိုယ်ဝန်တစ်ရှူးများနဲ့ အချင်းကို မြန်မြန်ထွက်လာအောင် ကူညီပေးပါလိမ့်မယ်။

    အခြားကုသမှုနည်းလမ်းတစ်ခုကတော့ အသေးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့ D&C သားအိမ်ခြစ်ခြင်း သို့မဟုတ် လေစုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကိရိယာသုံးကုသမှုမှာ ဆရာဝန်က သင့်သားအိမ်ခေါင်းကို ချဲ့ပြီး သားအိမ်အထဲက တစ်ရှူးများကို ဖယ်ထုတ်ပါတယ်။ သင်ဟာ ကိုယ်ဝန်ပျက်ပြီး သွေးအလွန်ဆင်းနေလျှင်၊ ရောဂါပိုးဝင်တဲ့ လက္ခဏာများတွေ့ရရင် ဒီနည်းနဲ့ ကုသဖို့ လိုပါတယ်။

    ကိုယ်ဝန်မပျက်ကျအောင် ဘယ်လိုကာကွယ်မလဲ။

    ကိုယ်ဝန်ပျက်ကျပြီးတဲ့အခါ မိခင်အနေနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနေမှာပါ။ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ သင့်စိတ်ရော ကိုယ်ပါ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူသင့်ပါတယ်။

    ကိုယ်ဝန်မပျက်ကျ‌အောင် ကာကွယ်လို့ရတဲ့ နည်းမရှိပါဘူး။ ဒါပေမဲ့ ‌ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့

    • ကိုယ်ဝန်ကြိုအပ်ပါ။
    • ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အချက်တွေကို ရှောင်ပါ။ ဥပမာ ဆေးလိပ်၊ အရက်‌‌သောက်တာ။
    • ကိုယ်ဝန်ဆောင်အားဆေး ကြိုသောက်ပါ။
    • ကော်ဖီလျှော့သောက်ပါ။
    • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားပါ။

    တကယ်လို့ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement