backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Malabsorption Syndrome (အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဆိုတာ ဘာလဲ။

အစားအစာတွေမှာပါဝင်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံကတဆင့် သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းအားနည်းတဲ့ ရောဂါစုကို ဆေးပညာအရ Malabsorption syndrome လို့ ခေါ်ပါတယ်။

အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

  • ဝမ်းထဲ နေမထိထိုင်မသာဖြစ်ခြင်း၊ လေပွခြင်း၊ ဗိုက်ကယ်ခြင်း
  • မကြာခဏ ဝမ်းလျှောခြင်း
  • အနံ့မကောင်းသည့် အရည်ဝမ်းသွားခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း
  • ရေလောင်းချသော်လည်း အိမ်သာခွက်တွင် ဝမ်းကပ်ကျန်နေခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • အရေပြားအကြေးထသလို အဖုအပိမ့် အနီကွက်များထွက်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဖြစ်ပွားစေသလဲ။

ပုံမှန်အားဖြင့်ဆိုရင် အစာအိမ်က အတိုင်းအတာတစ်ခုထိ ချေဖျက်လိုက်တဲ့ အစာအာဟာရအများစုကို အူသိမ်နံရံကစုပ်ယူပြီး သွေးထဲရောက်ရှိစေပါတယ်။ (အူသိမ်ကမစုပ်ယူလိုက်တဲ့ အာဟာရတွေကိုတော့ အူမကြီးက စုပ်ယူပေးပါတယ်။) ကယ်လ်ဆီယမ်၊ ပရိုတင်း စတဲ့ စုပ်ယူပြီးသား အာဟာရဓါတ်တွေဟာ သက်ဆိုင်ရာ သွေးလှည့်ပတ်မှုလမ်းကြောင်းအတိုင်း အရိုး၊ ကြွက်သားနဲ့ ကိုယ်အင်္ဂါတွေဆီ ရောက်ရှိသွားမှာဖြစ်ပါတယ်။ မစုပ်ယူဘဲကျန်ခဲ့သမျှ အကြွင်းအကျန်အားလုံးကို သဗ္ဗအိမ်ကနေတဆင့် မစင်အဖြစ်စွန့်ထုတ်လိုက်မှာ ဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းစဉ်ကို ပျက်ပြားစေတဲ့ အခြေအနေတွေကတော့

  • ပိုးဝင်ခြင်း – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေကြောင့် အူနံရံထိခိုက်ပျက်စီးပြီး အစာအိမ်ကချေဖျက်ထားတဲ့ အာဟာရတွေကို မစုပ်ယူနိုင်တော့ဘဲ မစင်စွန့်တဲ့အထဲ ရောပါသွားမှာဖြစ်ပါတယ်
  • မုန့်ချိုအိတ်ပြွန်များထဲ အချွဲပိတ်ဆို့သည့်ရောဂါ (Cystic fibrosis) နှင့် အခြား မုန့်ချိုအိတ်ရောဂါများ
  • Lactose မချေဖျက်နိုင်ခြင်း အပါအဝင် အင်ဇိုင်းနှင့်ဆက်စပ်သည့် ရောဂါများ
  • ဂလူတန်ကြောင့်ဖြစ်သည့် Celiac ရောဂါကဲ့သို့ အူလမ်းကြောင်းရောဂါများ
  • အူသိမ်ပိုင်းကို ခွဲစိတ်ဖြတ်တောက် ဖယ်ရှားရခြင်း

တို့ဖြစ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Malabsorption syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ

  • မိသားစုမျိုးရိုးထဲ အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့်ရောဂါ သို့မဟုတ် cystic fibrosis ဖြစ်ဖူးခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူထားရခြင်း
  • ဝမ်းနှုတ်ဆေး၊ သတ္တုအဆီများအပါဝင် အချို့ဆေးဝါများ အသုံးပြုနေရခြင်း
  • ကာရေဘီယန်၊ အိန္ဒိယနှင့် အခြား အရှေ့တောင်အာရှဒေသများဆီ ခရီးသွားလာရခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    Malabsorption syndrome ဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့ သင်စားသုံးတဲ့အစားအစာတွေနဲ့ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာတွေအကြောင်း သင့်ဆရာဝန်က အသေးစိတ်မေးမြန်းမှာဖြစ်ပြီး စစ်ဆေးမှုအများအပြား ပြုလုပ်ဖို့လည်း လိုအပ်နိုင်ပါတယ်။

    • ဝမ်းစစ်ဆေးခြင်း – ဝမ်းထဲ အဆီပါဝင်မှုအတိုင်းအတာကို ဓါတ်ခွဲစစ်ဆေးခြင်း
    • Lactose hydrogen breath test – Lactose ဖျော်ရည်သောက်သုံးပြီး အသက်ရှူထုတ်သည့်လေထဲ ဟိုက်ဒရိုဂျင်ပါဝင်မှုကို စစ်ဆေးခြင်း
    • ချွေးစစ်ဆေးခြင်း – Cystic fibrosis ရောဂါရှိမရှိ ဓါတ်ခွဲစစ်ဆေးခြင်း
    • တစ်ရှူးစစစ်ဆေးခြင်း – အူသိမ်တစ်ရှူးစ နမူနာယူပြီး ပိုးဝင်ခြင်းသို့မဟုတ် အခြားပြဿနာတစ်စုံတစ်ရာရှိမရှိ စစ်ဆေးခြင်း
    • အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း

    အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ကို ဘယ်လိုကုသလဲ။

    သင့်ဆရာဝန်အနေနဲ့ Malabsorption syndrome ကို ကုသတဲ့နေရာမှာ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းရေးကို ဦးစားပေးစဉ်းစားသွားမှာ ဖြစ်ပါတယ်။ (ဥပမာ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် loperamide ပေးခြင်း)

    သင့်ခန္ဓါကိုယ်က မစုပ်ယူနိုင်တဲ့ အာဟာရဓါတ်နဲ့ အရည်ဓါတ်တွေကို အစားထိုးဖြည့်တင်းပေးပြီး ရေငတ်ခြင်း၊ ဆီးနည်းခြင်း၊ အာခြောက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း စတဲ့ ရေဓါတ်ခမ်းခြောက်မှုလက္ခဏာတွေ ဖြစ်ပေါ်လာခြင်းရှိမရှိကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

    နောက်တစ်ဆင့်အနေနဲ့ အာဟာရစုပ်ယူမှုပြဿနာ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကိုလိုက်ပြီး ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ lactose မချေဖျက်နိုင်တဲ့ပြဿနာရှိနေရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ဖို့ ဒါမှမဟုတ် lactase အင်ဇိုင်းဆေးပြားစားဖို့ အကြံပြုနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ မျှမျှတတ စုံစုံလင်လင်ရရှိဖို့ ကုသမှုအစီအစဉ်ချပေးနိုင်တဲ့ အာဟာရပညာရှင်ဆီ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

    • အင်ဇိုင်းဖြည့်စွက်စာများ – ခန္ဓါကိုယ်က အလိုအလျောက်မစုပ်ယူနိုင်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်
    • ဗီတာမင်အားဆေးများ – အူနံရံက မစုပ်ယူနိုင်တဲ့ ဗီတာမင်နဲ့ အခြားအာဟာရဓါတ်တွေကို အစားထိုးဖြည့်တင်းပေးပါတယ်
    • အစားအသောက်ပုံစံပြောင်းလဲမှု – အာဟာရပညာရှင်က အချို့အစားအစာတွေကို လျှော့စားဖို့ ဒါမှမဟုတ် ပိုစားဖို့ အကြံပြုနိုင်ပါတယ်။ (ဥပမာ ဝမ်းမလျှောစေဖို့ အဆီလျှော့စားစေခြင်း၊ ဆားဓါတ်ပြန်လည်ဖြည့်တင်းဖို့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေကို ပိုမိုစားသုံးစေခြင်း)

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    Malabsorption syndrome ဟာ အမြဲတစေ ကာကွယ်လို့ရတဲ့ရောဂါစု မဟုတ်ပါဘူး။ အထူးသဖြင့် သင့်မှာ celiac ရောဂါ၊ cystic fibrosis ဒါမှမဟုတ် အခြား နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေရင် ကာကွယ်လို့မရနိုင်ပါဘူး။

    ဒါပေမယ့် ဒီရောဂါတွေကို အကောင်းဆုံးရင်ဆိုင်ကုသနိုင်ဖို့ သင့်ဆရာဝန်နဲ့ အချိန်ပေး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဝမ်းနှုတ်ဆေးနဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း အမှန်တကယ်လိုအပ်မှသာ စနစ်တကျ အသုံးပြုသင့်ပါတယ်။

    အာဟာရဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရမယ်ဆိုရင်လည်း သင်အသေးစိတ်သိချင်တဲ့ အကြောင်းအရာအားလုံးကို သင့်ဆရာဝန်၊ သူနာပြု ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement