backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Legg-Calve - Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ကဘာလဲ။

Legg-Calve-Pethes ဆိုတာ ဘောလုံးပုံသဏ္ဍာန်ရှိတဲ့ ပေါင်ရိုးထိပ်ပိုင်း (အရင်းပိုင်း) ကို လုံလောက်တဲ့သွေးလှည့်ပတ်မှု မရရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုပါ။ သွေး လုံလုံလောက်လောက် မရခြင်းဟာ ပေါင်ရိုးထိပ်ပိုင်းကို ပျက်စီးစေပြီး တသက်လုံး ပုံပျက်သွားစေပါတယ်။ ပုံမှန်လူ့ခန္ဓါကိုယ် တည်ဆောက်ပုံအရ ဘောလုံးပုံသဏ္ဍာန်ရှိတဲ့ ပေါင်ရိုးထိပ်ပိုင်းဟာ တင်ပါးဆုံခွက်ထဲကို အလိုက်သင့် အံဝင်ခွင်ကျဖြစ်နေပြီး သွေးလှည့်ပတ်မှု ပြတ်တောက်သွားတာနဲ့အမျှ အရိုးဟာ မရှင်သန်နိုင်တော့ဘဲ ပျက်စီးသွားရပါတယ်။ ပေါင်ရိုးထိပ်ပိုင်း ပြားပြီးပုံပျက်သွားတဲ့အတွက် တင်ပါးဆုံခွက်ထဲကနေ လွဲထွက်နိုင်ခြေရှိပြီး သူနဲ့တွယ်ဆက်ထားတဲ့ အရိုးနုဟာလည်း ထောက်ကန်ပေးမယ့် အရိုးမရှိတော့တဲ့အတွက် နောက်ဆုံးမှာ ပေါင်းရိုးထိပ်ပိုင်း လုံးဝဥသုံ ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ကလေးတွေမှာ အသက်အရွယ်မရွေး ဖြစ်လေ့ဖြစ်ထရှိပေမယ့် အသက် ၄နှစ်ကနေ ၈နှစ်အကြား ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်ခြင်း

ဒူးနာခြင်း

ပေါင်ခြံနာခြင်း

ပေါင်ရှိကြွက်သားများ အားနည်းခြင်း

လှုပ်ရှားမှု အားနည်းလာခြင်း

ရောဂါဖြစ်သည့်ခြေထောက် တိုဝင်သွားခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ရှေ့မှာပြောခဲ့သလိုပဲ တင်ပါဆုံအဆစ်မှာရှိတဲ့ ဘောလုံးပုံသဏ္ဍာန် ပေါင်ရိုးထိပ်ပိုင်းဆီ သွေးလှည့်ပတ်မှု မလုံလောက်တဲ့အခါ ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်းဆီ ဦးတည်စေပါတယ်။ လုံလောက်တဲ့သွေး မရရှိနိုင်တဲ့အတွက် ပေါင်ရိုးထိပ်ပိုင်း အားနည်းလာပြီး အလွယ်တကူ ကျိုးနိုင်တဲ့အပြင် အရိုးပြန်ဆက်ဖို့လည်း ခဲယဉ်းပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းသွားစေတဲ့ အကြောင်းအရင်းကိုတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်အရွယ်

ဒီရောဂါဟာ ကလေးတွေမှာ အသက်အရွယ်မရွေး ဖြစ်လေ့ဖြစ်ထရှိပေမယ့် အသက် ၄နှစ်ကနေ ၈နှစ်အကြား ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

လိင်

ဒီရောဂါဟာ မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေမှာ ဖြစ်နိုင်ချေ ငါးဆ ပိုများပါတယ်။

လူမျိုး

အသားအရောင်ရင့်တဲ့ ကလေးတွေထက် အသားအရောင်ဖျော့တဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။

မျိုးရိုး

ဒီရောဂါဟာ အနည်းငယ်မျိုးရိုးလိုက်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့ သင့်ဆရာဝန်က သင့်မှာ ဒီရောဂါရှိနေနိုင်တယ်လို့ သံသယရှိခဲ့ရင် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုအပြင် အောက်မှာဖော်ပြထားတဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။

ဓါတ်မှန်

ပေါင်ရိုးထိပ်ပိုင်းပျက်စီးမှုကို ဓါတ်မှန်မှာမြင်ရဖို့အတွက် ရောဂါလက္ခဏာပြပြီး တစ်လမှနှစ်လအထိ ကြာမြင့်နိုင်တဲ့အတွက် ရောဂါလက္ခဏာ ပြပြချင်းရိုက်တဲ့ ကနဦးဓါတ်မှန်တွေဟာ ပုံမှန်ဖြစ်နေတတ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ ရောဂါအခြေအနေ အဆင့်ဆင့်ကို နှိုင်းယှဉ်သိရဖို့ သင့်ကို အချိန်ခြားပြီး နောက်ဆက်တွဲဓါတ်မှန်တွေရိုက်ဖို့ အကြံပြုပါလိမ့်မယ်။

သံလိုက်လှိုင်း အသုံးပြုစစ်ဆေးခြင်း (MRI)

ဒါကတော့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး အားကောင်းတဲ့ သံလိုက်စက်ကွင်းတစ်ခုဖြစ်လာအောင် ဖန်တီးတဲ့ ရောဂါရှာဖွေခြင်း နည်းပညာဖြစ်ပါတယ်။ ဒီသံလိုက်စက်ကွင်းဟာ ခန္ဓါကိုယ်အတွင်းပိုင်းက အရိုးနဲ့တစ်ရှုးတွေထဲအထိ အသေးစိတ်တွေ့မြင်နိုင်မယ့် ပုံရိပ်တွေ ထုတ်လွှတ်ပေးမှာဖြစ်ပြီး ပေါင်ရိုးထိပ်ပိုင်းပျက်စီးနေတဲ့ အခြေအနေကို ရိုးရိုးဓါတ်မှန်မှာ မြင်ရတာထက် ပိုပြီးပြတ်ပြတ်သားသား မြင်ရစေမှာ ဖြစ်ပါတယ်။

အရိုး scan ဖတ်ခြင်း

လူနာရဲ့ သွေးပြန်ကြောထဲကို ရေဒီယိုသတ္တိကြွပစ္စည်းတစ်မျိုး ထိုးပေးပြီး စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွပစ္စည်းဟာ အရိုးမြန်မြန်ပျက်စီးနေတဲ့နေရာ၊ ပြန်လည်တည်ဆောက်နေတဲ့နေရာတွေမှာ သွားစုတဲ့အတွက် ဒါကို ပုံရိပ်အဖြစ်ရယူပြီး ရောဂါရှာဖွေတာ ဖြစ်ပါတယ်။

Legg-Calve – Perthes (ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ အဓိကဦးတည်ချက်ကတော့ ပေါင်ရိုးထိပ်ပိုင်းရဲ့ မူလပုံသဏ္ဍာန်ကို တတ်နိုင်သမျှ ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။

အရိုးကြီးထွားမှု ကောင်းကောင်းဖြစ်နေတဲ့ အသက် ခြောက်နှစ်အောက် ကလေးတွေမှာ ပုံမှန်အားဖြင့် ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီရောဂါကြောင့် ဖြစ်ပေါ်လာမယ့် ပေါင်ရိုးထိပ်ပိုင်းပျက်စီးမှုကို ပြုပြင်ဖို့ အချိန်အများကြီး ရနေသေးတဲ့အတွက် ဖြစ်ပါတယ်။ အသက်ခြောက်နှစ်အောက် ကလေးတွေမှာ သာမန်ကုသမှုခံယူရုံနဲ့ အရိုးကောင်းကောင်း ပြန်ဆက်နိုင်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ အသက်ခြောက်နှစ်၊ ခုနစ်နှစ်အောက် ဖြစ်ခဲ့မယ်ဆိုရင် ခြေထောက်ဆန့်ခြင်း၊ ပြေးတာခုန်တာ ကန့်သတ်ခြင်းစတဲ့ ရောဂါလက္ခဏာပေါ်လိုက်ပြီး ကုသမှုပေးတာ၊ သောက်ဆေးပေးတာလောက်နဲ့ပဲ အခြေအနေစောင့်ကြည့်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

အခြားကုသမှုနည်းလမ်းတွေကတော့

ကာယလေ့ကျင့်ခန်း

တင်ပါးဆုံအဆစ်ကို မလှုပ်ရှားဘဲ အနေကြာတဲ့အခါ အဆစ်တောင့်တင်းလာပြီး ပတ်ပတ်လည်မှာတွယ်ဆက်ထားတဲ့ ကြွက်သားတွေ၊ အရွတ်တွေ တိုဝင်သွားတတ်ပါတယ်။ ဆန့်ထုတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းအားဖြင့် တင်ပါးဆုံအဆစ်ကို လှုပ်ရှားရလွယ်ကူစေပြီး သူ့နေရာမှာသူ အံဝင်ခွင်ကျရှိအောင် ထိန်းထားနိုင်မှာဖြစ်ပါတယ်။

ချိုင်းထောက်အသုံးပြုခြင်း

တချို့ကလေးလူနာတွေမှာ ရောဂါဖြစ်နေတဲ့ တင်ပါးဆုံကို ခန္ဓါကိုယ်အလေးချိန်ကြောင့် ဝန်ပိတာမျိုး မဖြစ်ရအောင် ချိုင်းထောက်အသုံးပြုဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ခဲဆွဲခြင်း

တကယ်လို့ သင့်ကလေးဟာ နာကျင်မှုပြင်းပြင်းထန်ထန် ခံစားနေရမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ အိပ်ယာထဲ ခဲဆွဲပြီး ငြိမ်ငြိမ်သက်သက် အနားယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခဲဆွဲခြင်းအားဖြင့် ကလေးရဲ့ခြေထောက်အပေါ် ညင်သာပြီးတည်ငြိမ်တဲ့ အားတစ်ခု သက်ရောက်စေမှာဖြစ်ပြီး နာကျင်မှုကို သက်သာစေပါတယ်။

ကျောက်ပတ်တီးစည်းခြင်း

ပေါင်ရင်းထိပ်ပိုင်းကို တင်ပါးဆုံခွက်ထဲ အံဝင်ခွင်ကျ ရှိနေစေဖို့ ခြေထောက်နှစ်ဖက်ကို ကားလျက်သားအနေအထားမှာ ထိန်းထားပေးမယ့် ကျောက်ပတ်တီးစည်းဖို့ သင့်ဆရာဝန်က အကြံပြုကောင်းပြုပါလိမ့်မယ်။ လေးပတ်ကနေ ခြောက်ပတ်အထိ ကျောက်ပတ်တီးနဲ့ နေရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ညဘက်မှာပါ ခြေထောက်အနေအထား ပုံစံကျအောင် ထိန်းထားပေးမယ့် ကိရိယာတစ်ခု အသုံးပြုရမှာ ဖြစ်ပါတယ်။

ကုသမှုနည်းလမ်းအများစုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တင်ပါးဆုံရိုး ပုံသဏ္ဍာန်မပျက်အောင် တတ်နိုင်သမျှ ပြုပြင်ပြီး နောင်တချိန်မှာ အဆစ်ရောင်ရမ်းခြင်း ဖြစ်မလာအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လှုပ်ရှားမှုကို ဂရုစိုက်ခြင်း

သင့်ကလေးမှာ ဒီရောဂါရှိတယ်ဆိုရင် အရိုးကို ဒဏ်ဖြစ်စေမယ့် ပြေးလွှားခုန်ပေါက် လှုပ်ရှားခြင်းမျိုးကို ရှောင်ကြဉ်စေရမှာ ဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေကြောင့် အရိုးကို အားနည်းစေပြီး ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးများ

ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ acetaminophen (Tylenol, others) လို အကိုက်အခဲပျောက်ဆေးတွေကို နာကျင်မှုဝေဒနာ သက်သာဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ aspirin ကတော့ ကလေးတွေမှာ Reye’s syndrome လို့ခေါ်တဲ့ အဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ရောဂါတစ်မျိုး ဖြစ်စေနိုင်တဲ့အတွက် ကလေးကို မတိုက်သင့်ပါဘူး။

ရေနွေးအိပ် သို့မဟုတ် ရေခဲကပ်ခြင်း

ရေနွေးအိပ် ဒါမှမဟုတ် ရေခဲကပ်ခြင်းအားဖြင့်လည်း ဒီရောဂါကြောင့်ဖြစ်တဲ့ တင်ပါးဆုံနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement