backup og meta

Haemorrhoidectomy (လိပ်ခေါင်းဖြတ်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းဖြတ်ခြင်း ဆိုတာ ဘာလဲ။

    လိပ်ခေါင်းဖြတ်ခြင်းဟာ လိပ်ခေါင်းရောဂါကို ကုသတဲ့ နည်းလမ်းတမျိုးဖြစ်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။

    လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။

    လိပ်ခေါင်းဖြတ်ဖို့ ဘာလို့လိုအပ်တာလဲ။

    ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပေးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့လည်း လိပ်ခေါင်းရောဂါကို ကုသနိုင်ပြီး ဒီနည်းလမ်းတွေနဲ့ မလုံလောက်တော့ဖူးဆိုရင်တော့ ဆေးခန်းပြဖို့ လိုပါပြီ။

    သားရေကွင်းချည်ခြင်း၊ဆေးထိုးခြင်း စတဲ့ နည်းလမ်းတွေနဲ့လည်း လိပ်ခေါင်းကို ကုနိုင်ပါတယ်။ အဆိုပါ နည်းလမ်းတွေနဲ့ ကုသလို့ မအောင်မြင်ရင် ဒါမှမဟုတ် လိပ်ခေါင်းက အရမ်းကြီးနေရင် ခွဲစိတ်ကုသဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

    အဆိုပါ နည်းလမ်းကတော့ လိပ်ခေါင်းကို ခွဲစိတ်ဖြတ်တောက်ပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ လိပ်ခေါင်းကပေးတဲ့ ဒုက္ခတွေကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။

    လိပ်ခေါင်းဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ၊ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။

    ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    လိပ်ခေါင်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့

    · လိပ်ခေါင်းကျန်နေခြင်း (ဖြတ်တာ ကျန်ခဲ့တာ)။

    · ဆီးသွားရခက်ခဲခြင်း။

    · စအိုကျဉ်းသွားခြင်း။

    · အသားပိုလေးတွေ ဖြစ်လာခြင်း။

    · စအိုကွဲခြင်း။

    · ဝမ်းမလုံတော့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။

    ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

    ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

    သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

    ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။

    ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။

    အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။

    လိပ်ခေါင်းဖြတ်တဲ့ ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်သလဲ။

    ဒီခွဲစိတ်မှုကို မေ့ဆေးနဲ့ပြုလုပ်လေ့ရှိပြီး မိနစ်၂၀လောက် ကြာမြင့်တတ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ လိပ်ခေါင်းကို ဖြတ်တောက်ပစ်နိုင်သလို staple gun လို့ခေါ်တဲ့ ကိရိယာလေးကို အသုံးပြုပြီးတော့လည်း ဖယ်ရှားပစ်နိုင်ပါတယ်။

    တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    လိပ်ခေါင်းဖြတ်ပြီးတဲ့နောက် ဘယ်လိုနေထိုင်ပြုမူရမလဲ။

    ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နေ့မှာပဲ ဆေးရုံကဆင်းနိုင်ပါတယ် (အထူးသဖြင့် staple gun ကိုသုံးပြီး လိပ်ခေါင်းဖယ်ရှားထားသူတွေမှာပေါ့)။ ဝမ်းမချုပ်စေဖို့အတွက် ရေများများ သောက်ပေးဖို့နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေ များများစားပေးဖို့ လိုပါလိမ့်မယ်။

    အနာလုံးဝကျက်သွားဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်လောက် စောင့်ရပါမယ်။staple gun ကို အသုံးပြုပြီး ခွဲစိတ်ကုသတဲ့နည်းမှာ ဟောင်းလောင်းဖွင့်ထားတဲ့ အနာလုံးဝမရှိပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

    ခွဲစိတ်ပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းလုံးဝကောင်းမွန်သွားရမှာဖြစ်ပြီး ဘာရောဂါလက္ခဏာမှ မကျန်ခဲ့ရပါဘူး။ ဒီလိုမှ မဟုတ်ရင် လိပ်ခေါင်းက တခါပြန်ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement