backup og meta

မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ။ ။

    မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    မိန်းကလေးတွေရဲ့ မိန်းမကိုယ်ဆိုတာ ခြောက်သွေ့နေရင် စိုးရိမ်ရပါတယ်။ သဘာဝအရ တစ်ချိန်လုံး စိုထိုင်းဆရှိတဲ့ နေရာတစ်ခုပါ။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုကနေ အရည်တွေ ပုံမှန် ဆင်းလေ့ရှိပါတယ်။ အပျိုဖော်ဝင်စကနေပြီးတော့ အသက်တော်တော်ကြီးတဲ့အထိပေါ့။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆင်းတဲ့ မိန်းမကိုယ်က အရည်တွေအကြောင်းကို ပြောပြချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ရာသီသွေးသာ ထိမ်သွားပေမယ့် အခြား ပုံမှန်ဆင်းတတ်တဲ့ အရည်တွေရှိပါသေးတယ်။ သူတို့အကြောင်းကို လေ့လာကြည့်ရအောင် ။ ။

    ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်ကနေ ပုံမှန် ဆင်းတတ်တဲ့ အရည်ဆိုတာ ဘယ်လိုမျိုးလဲ။ ။

    ကိုယ်ဝန်ရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ မိန်းမကိုယ်ကနေ အရည်ဆင်းတာ တစ်ခု အပါအဝင်ပါ။ ပုံမှန်ဆိုရင် မိန်းမကိုယ်ကနေ အရည်များများဆင်းပြီး ဆေးပညာမှာဆို leukorrhea လို့ခေါ်တဲ့ အရည်ကြည် ( ဒါမှမဟုတ် ) အဖြူရောင်အရည်လေးတွေ ဆင်းပြီး အနံ့သက်သက်လေးရှိပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ဆီ ပိုးဝင်ခြင်းကို ကာကွယ်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်တောက်လျှောက် မိန်းမကိုယ်ကအရည်ဆင်းတာ သာမန်ထက် ပိုများလာပါလိမ့်မယ်။

    မီးဖွားခါနီးဆို မိန်းမကိုယ်က အရည်ဆင်းတာ အများဆုံးဖြစ်ပြီး ပန်းရောင် ပျစ်ချွဲချွဲ ဂျယ်လီလို အရည်လေးတွေ ဆင်းပြီဆိုရင်တော့ မီးဖွားဖို့ အသင့်ဖြစ်နေပြီလို့ ပြောချင်တာပါ။

    ပုံမှန် ဆင်းတတ်တယ်ဆိုတာကို သိပြီးပြီဆိုတော့ အရေးကြီးဆုံးဖြစ်တဲ့ အရောင်တွေ အကြောင်းကို လေ့လာကြည့်ရအောင် ။ ။

    မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ။ ။

    ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ပါဘူး။ အပျိုဖော်ဝင်တဲ့အချိန်၊ ကိုယ်ဝန်မဆောင်ခင်အချိန်တည်းက မိန်းမကိုယ်ကနေ ဆင်းတဲ့အရည်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြောပြနိုင်တဲ့ အရာတွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဒီလိုပါပဲ။ မိန်းမကိုယ်က ဆင်းတဲ့အရောင်တွေက ကိုယ်ဝန်ရဲ့ ကျန်းမာရေးကို ပြောပြနေတတ်ပါတယ်။

    ( ၁ )အဖြူရောင် ( ဒါမှမဟုတ်) အကြည်ရောင်

    မိန်းမကိုယ်ကဆင်းတဲ့ အရည်က အကြည်ရောင်လေး ဖြစ်နေပြီဆိုရင်တော့ ဒါ အပေါ်မှာ ပြောခဲ့တဲ့ leukorrhea ကိုပြောချင်တာပါ။ Leukorrhea က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပုံမှန်ဆင်းလေ့ရှိတဲ့ အရည်တစ်မျိုးဖြစ်ပြီး အနံ့သက်သက်လေးရှိပါတယ်။ ဒါပေမယ့် ဆင်းတဲ့ ပမာဏ အနည်းအများနဲ့ အရည်ရဲ့ အပျစ်အကျဲကတော့ ဒီနေရာမှာ စကားပြောပါတယ်။

    အရေးအကြီးဆုံး အချိန်ကတော့ မွေးရမယ့်ရက် မနီးသေးဘဲ အရည်ဆင်း အရမ်းများလာတာ၊ တော်လျှောက် ပျစ်ပျစ်နဲ့ ဂျယ်လီလို အရည်တွေ ဆင်းနေတယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။ အပေါ်မှာပြောထားတဲ့အတိုင်းဆို ဒီလို အရည်တွေ ဆင်းတာ မွေးခါနီးအခြေအနေကို ပြောချင်တာဆိုတော့ နေ့မစေ့ လမစေ့ဘဲ မွေးဖို့ အခွင့်အလမ်းတွေ ပိုများနိုင်တာပေါ့။

    ( ၂ ) အဖြူရောင်အဖတ်တွေ ။

    မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ကျဲကျဲလေးမဟုတ်ဘဲ အဖြူဖတ်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါ yeast infection လို့ခေါ်တဲ့ မိန်းမကိုယ် မှိုစွဲတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သည်မဟုတ်တဲ့ အပျိုတွေမှာတောင် ဒီလိုမိန်းမကိုယ်မှိုစွဲတဲ့ ပြဿနာဟာ အဖြစ်များတာဆိုတော့ ခုခံအားကျနေတဲ့ ကိုယ်ဝန်သည်တွေ မှာဆို ဒီပြဿနာက ပိုအဖြစ်များတာပေါ့။

    ကိုယ်ဝန်ဆောင်ချိန် အဖြူဖတ်တွေ ဆင်းတာများမယ်၊ ယားယံတာမျိုးတွေဖြစ်မယ်၊ လိင်ဆက်ဆံချိန် နာကျင်တာတွေက မိန်းမကိုယ်မှိုစွဲတာရဲ့ လက္ခဏာတွေပါ။

    ( ၃ ) အစိမ်းရောင် ( ဒါမှမဟုတ် ) ဝါညစ်ညစ်အရောင်တွေ။

    မိန်းမကိုယ်ကနေ အစိမ်းရောင်လို အဝါရောင်လို အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဒါဘယ်နည်းနဲ့မှ ပုံမှန်မဖြစ်နိုင်ပါဘူး။ Chlamydia( ဒါမှမဟုတ်) trichomoniasis လို့ခေါ်တဲ့ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေမှာတော့ မိန်းမကိုယ်အရည်ဆင်းတာအပြင် လိင်အင်္ဂါတွေ နီရဲ ရောင်ရမ်းနေတာတွေပါ ဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် လိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ဝင်လာတဲ့ရောဂါပိုးတွေကို ဗိုက်ထဲက ရင်သွေးလေးကို မွေးရာချို့ယွင်းချက်တွေ ရှိစေမှာ အသေအချာပါ။ ကိုယ်ဝန်ပျက်ကျတာနဲ့ မျိုးပွားအင်္ဂါတွေ ထိခိုက်မိပြီး မြုံတဲ့အဆင့်တွေ အထိတောင်ရောက်သွားစေတတ်ပါတယ်။

    လူတချို့ထင်တတ်တာက အဝါရောင်အရည်တွေကို ဆီးမထိန်းနိုင်လို့ ထွက်ကျတယ်လို့ ထင်တတ်ကြပါတယ်။ ဆီးဆိုရင် ဆီးအနံ့ရှိရပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်ကဆင်းတဲ့အရည်လား ဆီးလားဆိုတာကို သေချာခွဲသိဖိုကတော့ လိုပါလိမ့်မယ်။ ။

    ( ၄ ) မီးခိုးရောင် ။ ။

    ကိုယ်ဝန်ဆောင်နေတုန်း မိန်းမကိုယ်ကနေဆင်းတဲ့အရည်တွေက မီးခိုးရောင်ဖြစ်ခဲ့မယ်ဆိုရင် ဒါ မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ထားတဲ့ မိန်းမကိုယ်ကနေ အမျိုးသားနဲ့ အတူနေစဉ် ငါးညှီနံ့လိုမျိုး အနံ့နံတဲ့အရည်တွေ ဆင်းလာတတ်ပါတယ်။ ဒီလို မိန်းမကိုယ်ကို ဘက်တီးရီးယားပိုးဝင်တယ်ဆိုတာ ကိုယ်ဝန် ဆောင်ကာလမှာ အဖြစ်အများဆုံ့း အရာတစ်ခုပါ။

    ( ၅ ) အညိုရောင်

    မိန်းမကိုယ်ကနေ အညိုရောင်လို အရည်မျိုးတွေ ဆင်းလာပြီဆိုရင်တော့ ဒါသွေးအဟောင်းတွေ ဆင်းလာတာဖြစ်နိုင်ပါတယ်။ သန္ဓေအောင်ပြီးခါစ မျိုးဥလေး သားအိမ်နံရံကို ဖောက်တဲ့အခါမှာလည်း ဒီလို သွေးအညိုရောင်လေးတွေ ဆင်းလာတတ်တာကြောင့် အညိုရောင်အရည်တွေ ဆင်းလာပြီဆို သိပ်ပြီးတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် အညိုရောင်အရင့် အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုပါလိမ့်မယ်။

    ( ၆ ) ပန်းရောင်

    ကိုယ်ဝန်ဆောင်ချိန် ပန်းရောင်အရည်တွေ မိန်းမကိုယ်ကနေဆင်းလာတယ်ဆိုတာ ပုံမှန်လည်းဖြစ်တတ်သလို ပုံမှန်မဟုတ်တဲ့ ပြဿနာတွေလည်းရှိပါတယ်။ အပေါ်မှာပြောခဲ့သလို မီးဖွားခါနီးရင် ပန်းရောင်အရည်တွေ ပုံမှန်ဆင်းတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျတာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တဲ့ ကိစ္စတွေမှာလည်း မိန်းမကိုယ်ကနေ ပန်းရောင်အရည်တွေ ဆင်းတတ်သေးတာမို့ Due date မတိုင်ခင် ပန်းရောင်ဆင်းတယ်ဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်နေပါပြီ။

    ( ၇ ) အနီရောင် ။

    မိန်းမကိုယ်ကနေ အနီရောင်အရည်တွေ ဆင်းလာပြီဆိုရင် သွေးဆိုတာ သေချာတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေ အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ကိုယ်ဝန်လနုတဲ့အချိန် ဒီလိုသွေးဆင်းတယ်ဆိုတည်းက ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းသေချာတတ်သလို လရင့်တဲ့အချိန် သွေးဆင်းပြီဆိုရင်တော့ နေမစေ့ဘဲ ကလေးမွေးဖို့ သေချာသလောက်ရှိတတ်ပါတယ်။

    ပုံမှန်ဆို ကိုယ်ဝန်ကြောင့်ပဲ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ များလာတယ်ဆိုပေမယ့် အခြား ပုံမှန် မဟုတ်တဲ့ ပြဿနာတွေ လည်းရှိသေးတာကြောင့် အထင်ရှားဆုံးနဲ့ အသိသာဆုံးဖြစ်တဲ့ မိန်းမကိုယ်ကဆင်းတဲ့ အရည်အရောင်က ပြောနေတဲ့ သင့်ကိုယ်ဝန် ကျန်းမာရေးကို မပေါ့ဆဖို့တော့ လိုပါလိမ့်မယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement