backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ) ကဘာလဲ။

ခန္ဓါကိုယ်မှာရှိတဲ့ ဂလင်းတွေ ကောင်းမွန်စွာအလုပ်မလုပ်တာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ဆိုလိုပါတယ်။ ဟော်မုန်း စနစ်ဆိုတာဟာ ဟော်မုန်းထုတ်လုပ်ပေးနိုင်တဲ့ ဂလင်းတွေ ပူးပေါင်းဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဟော်မုန်းဆိုတာဟာ ဓါတုဗေဒဆိုင်ရာ အချက်ပေးမှုတွေဖြစ်ပြီး သူတို့ကို ဂလင်းတွေကတဆင့် သွေးထဲကို စစ်ထုတ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်တွေဖြစ်တဲ့ အစားအသောက်စားချင်စိတ်၊ အသက်ရှုတာ၊ကြီးထွားတာ၊အရည်ဓါတ်တွေ ထိန်းညှိပေးတာ၊ကျားမ သဘာဝ ပီပြင်အောင် ဖော်ဆောင်ပေးတာ၊ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာတွေကို ကူညီဆောင်ရွက်ပေးပါတယ်။

ဟော်မုန်း အဖွဲ့အစည်း မူမမှန်တဲ့ ပြဿနာတွေ ဘာလို့ဖြစ်တာလဲ။

ဒီပြဿနာတွေကို အဓိက အုပ်စုနှစ်စု ခွဲနိုင်ပါတယ်။

    • ဂလင်းတခုခုကနေ ဟော်မုန်းဓါတ် အလွန်အကျွံ ဒါမှမဟုတ် မဆိုစလောက်အနည်းငယ်သာ ထုတ်လို့ ဟော်မုန်းဓါတ်မညီမမျှဖြစ်ရတဲ့ ရောဂါမျိုး။
    • ဟော်မုန်း အဖွဲ့အစည်းမှာ မူမမှန်တဲ့ အလုံးအကျိတ်တွေပေါ်လာလို့ ဖြစ်ရတဲ့ ရောဂါမျိုး (ဟော်မုန်းပမာဏကို ထိခိုက်မှုရှိချင်ရှိမယ်၊မရှိချင် မရှိဘူး)။

ဘယ်သူတွေမှာ ဟော်မုန်းစနစ် မူမမှန် ပြဿနာတွေ ဖြစ်ဖို့ အခွင့်အလမ်း ပိုများသလဲ။

အောက်ပါအချက်တွေနဲ့ တိုက်ဆိုင်နေတဲ့ သူတွေမှာ ဟော်မုန်းစနစ် မူမမှန်တဲ့ ပြဿနာတွေ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

• ကိုလက်စထရော ပမာဏ များသူတွေ။

• မိသားစုဝင် တဦးဦးမှာ ဟော်မုန်းစနစ် နဲ့ ပတ်သက်တဲ့ ရောဂါ ဖြစ်ဖူးသူတွေ။

• အလှုပ်အရှားနည်းသူတွေ။

• ခုခံအားစနစ် လွန်ကဲစွာ အလုပ်လုပ်လို့ ဖြစ်လာရတဲ့ ရောဂါ (ဥပမာ ဆီးချို) ရှိသူတွေ။

• အစားအသောက် သင့်တင့်မျှတစွာ မစားသူတွေ။ အာဟာရချို့တဲ့သူတွေ။

• ကိုယ်ဝန်ဆောင်တွေ (သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်တဲ့ အခြေအနေမျိုး)။

• မကြာသေးမီက ခွဲစိတ်ထားခြင်း၊ထိခိုက်ဒါဏ်ရာ ရထားခြင်း၊ကူးစက်ပိုးဝင်ထားခြင်း ဒါမှမဟုတ် ပြင်းထန်စွာ ဒဏ်ရာရထားခြင်း စသော သူများမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ရောဂါလက္ခဏာလုံးဝမရှိတာ၊အနည်းအကျဉ်း မသိမသာလေးပဲ လက္ခဏာပြတာမျိုး ဖြစ်နိုင်သလို သင့်ခန္ဓါကိုယ်တခုလုံးကို ထိခိုက်စေပြီး ကျန်းမာရေးကို ဆိုးရွားစွာ နှောင့်ယှက်တဲ့ အထိလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်း အဖွဲ့အစည်းရဲ့ ဘယ်အပိုင်းကို ထိခိုက်သလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။

ဆီးချိုရဲ့ လက္ခဏာများ

အဖြစ်အများဆုံး ဟော်မုန်းစနစ် မူမမှန်တဲ့ ပြဿနာက ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။ မုန့်ချိုအိတ်က အင်ဆူလင်ဟော်မုန်းကို လုံလောက်အောင် မထုတ်နိုင်တာ ဒါမှမဟုတ် ထုတ်ပေးလိုက်တဲ့ အင်ဆူလင်ကို ခန္ဓါကိုယ်က အသုံးမပြုနိုင်တဲ့ အခြေအနေမျိုးမှာ ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။ လက္ခဏာတွေကတော့

  • ရေအရမ်းငတ်တာ ဒါမှမဟုတ် ဗိုက်အရမ်းဆာတာ။
  • ပင်ပန်းနွမ်းနယ်တာ။
  • ဆီးခဏခဏသွားတာ။
  • ပျို့အန်မအီမသာဖြစ်တာ။
  • အကြောင်းတစုံတရာမရှိဘဲ ကိုယ်အလေးချိန်တက်လာတာ ဒါမှမဟုတ် ကျသွားတာ။
  • အမြင်အာရုံတွေ ချို့ယွင်းလာတာ စသဖြင့် ဖြစ်ပါတယ်။

အေခရိုမက်ဂလီ ရဲ့ လက္ခဏာများ

ခန္ဓါကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းတွေကို ပစ်ကျူတရီ ဂလင်းက အလွန်အကျွံထုတ်တဲ့အခါ အေခရိုမက်ဂလီ ရောဂါဖြစ်ပွားပါတယ်။ ဒီရောဂါဟာ ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်(အထူးသဖြင့် ခြေထောက်နဲ့ လက်တွေမှာ) ။ အေခရိုမက်ဂလီ ရဲ့ လက္ခဏာတွေကတော့-

  • အဆမတန်ကြီးနေတဲ့ နှုတ်ခမ်း၊နှာခေါင်း၊လျှာ၊ခြေထောက် သို့မဟုတ် လက်တွေ။
  • မျက်နှာအရိုးပုံစံတွေ ပြောင်းလဲမယ်။
  • ခန္ဓါကိုယ်တခုလုံးနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမယ်။
  • အသံဩလာမယ်။
  • ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေမယ်။
  • ခေါင်းကိုက်မယ်။
  • အရိုးတွေ၊အရိုးနုတွေ အလွန်အကျွံကြီးထွားမယ်၊အရေပြားတွေ ထူပြီးမာလာမယ်။
  • လိင်စိတ်နည်းတာ အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံရမယ်။
  • အိပ်နေရင်း ခေတ္တအသက်ရှုရပ်ရပ်သွားတာမျိုး ဖြစ်မယ်။
  • အမြင်အာရုံတွေ ဝေဝါးလာမယ်။

အက်ဒီဆင် ရောဂါရဲ့ လက္ခဏာများ

အက်ဒရီနယ် ဂလင်းထိခိုက်မှုကြောင့် ကော်တီစောနဲ့ အယ်လ်ဒိုစတီရုန်း ဟော်မုန်းတွေ ထုတ်လုပ်နိုင်စွမ်း လျော့ကျသွားပြီး အက်ဒီဆင်ရောဂါ (Addison’s disease) ဖြစ်ပေါ်လာရပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့-

  • စိတ်ဓါတ်ကျဆင်းခြင်း
  • ဝမ်းလျှောခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အသားမည်းလာခြင်း
  • သွေးတွင်း ဂလူးကို့စ် ပမာဏကျဆင်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • သွေးပေါင်ကျခြင်း
  • ဓမ္မတာ မမှန်ခြင်း
  • ပျို့အန်၊မအီမသာဖြစ်ခြင်း
  • ဆားဓါတ် အလွန်တောင့်တနေခြင်း
  • ထူးထူးခြားခြား အကြောင်းတစုံတရာ မရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
  • အားနည်းခြင်း၊အားအင်တွေ ကုန်ခမ်းနေခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Cushing’s syndrome ရဲ့ လက္ခဏာများ

အက်ဒရီနယ်ဂလင်းတွေက ကော်တီစောဟော်မုန်းကို အလွန်အကျွံ ထုတ်လုပ်မှုကြောင့် Cushing’s syndrome ဖြစ်ပေါ်လာရပါတယ်။ Cushing’s syndrome ရဲ့ လက္ခဏာတွေက

  • ကျွဲပခုံးလိုမျိုး ထူထူကြီး ဖြစ်ခြင်း(ပခုံး အရိုးပြားနှစ်ခုကြားမှာ အဆီတွေ စုပုံလာတာကြောင့်)။
  • အရေပြားအရောင်တွေပြောင်းခြင်း (ဥပမာ သွေးခြေတွေဥခြင်း)။
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ရေအရမ်းငတ်ခြင်း
  • အရိုးပါး၊အရိုးပွခြင်း
  • ဆီးခဏခဏသွားခြင်း
  • သွေးတွင်း သကြားဓါတ်များခြင်း
  • သွေးတိုးခြင်း
  • စိတ်ဂနာမငြိမ်ဖြစ်၊စိတ်တိုစိတ်ဆတ်ခြင်း
  • ခန္ဓါကိုယ်အပေါ်ပိုင်းတခုတည်း ကွက်ပြီး အဝလွန်လာခြင်း
  • မျက်နှာ ဝိုင်းဝိုင်းကြီး ဖြစ်နေခြင်း(ဖိုးလမင်းကြီးလို)
  • အားနည်း၊အားအင်ကုန်ခမ်းခြင်း စတာတွေ ဖြစ်ပါတယ်။

Graves’ disease ရဲ့လက္ခဏာများ

Graves’ disease ဆိုတာဟာ သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်တဲ့ ရောဂါတမျိုးပဲ ဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို များပြားလာစေပါတယ်။ Graves’ disease ရဲ့ လက္ခဏာတွေကတော့

  • မျက်လုံးပြူးလာခြင်း
  • ဝမ်းလျှောခြင်း
  • အိပ်မပျော်ခြင်း
  • ပင်ပန်းနွမ်းနယ်ပြီး အားနည်းခြင်း
  • လည်ပင်းကြီးခြင်း
  • အပူ မခံနိုင်ခြင်း
  • နှလုံးခုန် မမှန်ခြင်း
  • စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ညို့သကျည်းရိုးမှာ အရေပြားထူထူနီနီလေး ဖြစ်ခြင်း
  • လက်တွေ ကတုန်ကယင်ဖြစ်ခြင်း
  • အကြောင်းတစုံတရာ ထူးထူးခြားခြားမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း စသဖြင့်

Hashimoto’s thyroiditis ရဲ့ လက္ခဏာများ

ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်တဲ့အတွက် ၎င်းအနေနဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာရပါတယ်။ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့

  • အအေး မခံနိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဆံပင်တွေ ခြောက်ကပ်ခြင်း၊ဆံပင်ကျွတ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လည်ပင်းကြီးခြင်း
  • အဆစ်အမြစ်တွေ၊ကြွက်သားတွေ နာကျင်ခြင်း
  • ဓမ္မတာမမှန်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း

သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်းရဲ့ လက္ခဏာများ (Hyperthyroidism)

အောက်ပါလက္ခဏာတွေ ပြလေ့ရှိပါတယ်။

  • ဝမ်းလျှောခြင်း
  • အိပ်မပျော်ခြင်း
  • ပင်ပန်းနွမ်းနယ်ပြီး အားနည်းခြင်း
  • လည်ပင်းကြီးခြင်း
  • အပူ မခံနိုင်ခြင်း
  • စိတ်ဂနာမငြိမ်ဖြစ်၊စိတ်တိုစိတ်ဆတ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လက်တွေ ကတုန်ကယင်ဖြစ်ခြင်း
  • အကြောင်းတစုံတရာ ထူးထူးခြားခြားမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
  • အားနည်းခြင်း၊အားအင်ကုန်ခမ်းခြင်း စသဖြင့်

သိုင်းရွိုက်ဂလင်း ပုံမှန်လောက် အလုပ်မလုပ်နိုင်သော ရောဂါ လက္ခဏာများ(Hypothyroidism)

သိုင်းရွိုက်ဂလင်း ပုံမှန်လောက် အလုပ်မလုပ်နိုင်တဲ့အခါ သိုင်းရွိုက်ဟော်မုန်းလည်း အနည်းငယ်ပဲ ထုတ်နိုင်ပါတော့တယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့-

  • အအေး မခံနိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ချွေးထွက်နည်းခြင်း
  • ဆံပင်တွေ ခြောက်ကပ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လည်ပင်းကြီးခြင်း
  • အဆစ်အမြစ်တွေ၊ကြွက်သားတွေ နာကျင်ခြင်း
  • ဓမ္မတာမမှန်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • မျက်နှာဖောရောင်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း

Prolactin အထွက်များစေသော ပစ်ကျူထရီဂလင်း ရိုးရိုးအကျိတ် (Prolactinoma)

ပစ်ကျူထရီ ဂလင်းက အလွန်အကျွံအလုပ်လုပ်တဲ့အခါ နို့ရည်ထုတ်လုပ်ပေးတဲ့ prolactin ဟော်မုန်းတွေ ပိုလျှံစွာ ထွက်ရှိလာပြီး prolactinoma ရောဂါ ဖြစ်ပေါ်လာပါတယ်။ prolactin ဟော်မုန်းတွေ ပိုလျှံရင် အောက်ပါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

  • ပန်းသေ၊ပန်းညှိုးခြင်း
  • မြုံခြင်း
  • လိင်စိတ်နည်းပါးခြင်း
  • ဓမ္မတာ မမှန်ခြင်း
  • နို့ရည်တွေထွက်လာခြင်း

ပြဿနာနာ နှင့် ရှာဖွေမှု

ဟော်မုန်းအဖွဲ့အစည်းမူမမှန်ပြဿနာတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေက ဘာတွေလဲ။

အောက်ပါ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

  • စိုးရိမ်ပူပန်ခြင်း၊အိပ်မပျော်ခြင်း (သိုင်းရွိုက်ရောဂါတွေမှာ)။
  • ကာလအတန်ကြာမေ့မျောခြင်း (သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့ ရောဂါတွေမှာ)။
  • စိတ်ကျရောဂါရခြင်း (သိုင်းရွိုက်ရောဂါတွေမှာ)။
  • နှလုံးရောဂါ။
  • အာရုံကြောထိခိုက်ခြင်း။
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတာ၊အလုပ်မလုပ်တော့ခြင်း။
  • တသက်လုံးကျန်းကျန်းမာမာ မရှိတော့ခြင်း။

ဟော်မုန်း အဖွဲ့အစည်းမူမမှန်ပြဿနာတွေကို ဘယ်လိုရှာဖွေ ဖော်ထုတ်မလဲ။

သွေးစစ်တာ၊ဆီးစစ်တာတွေကို ပြုလုပ်မယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့ ဟော်မုန်းပမာဏကို စစ်ဆေးတိုင်းတာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါမှ သင့် ဟော်မုန်း အဖွဲ့အစည်း ပုံမှန်အတိုင်း ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ရှိမရှိကို သိနိုင်မှာ ဖြစ်ပါတယ်။ အလုံးအကြိတ်တွေ ရှိနေမယ်ဆိုရင်တော့ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ ဒါမှမဟုတ် ကွန်ပျူတာဓါတ်မှန် ရိုက်တာမျိုးက တဆင့် နေရာအတိအကျ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကုသခြင်း

ဒီရောဂါတွေကို ဘယ်လိုကုသရမလဲ။

ရောဂါလက္ခဏာတွေဟာ သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာ နေထိုင်မှုတွေကို ထိခိုက်လာပြီဆိုရင်တော့ ဟော်မုန်းပမာဏကို ပြန်လည်ထိန်းညှိပေးခြင်းအားဖြင့် ကုသပေးနိုင်ပါတယ်။ သဘာဝအလျောက်မဟုတ်ဘဲ လူကဖန်တီးပြုလုပ်ထားတဲ့ ဟော်မုန်းတွေပေးခြင်းအားဖြင့်လည်း ကုသပေးနိုင်ပါတယ်။ prolactinoma လိုမျိုး ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်ကြောင့် ပြဿနာဖြစ်နေရတဲ့ အခြေအနေမျိုးတွေမှာ ခွဲစိတ်ကုသတာ ဒါမှမဟုတ် ဓါတ်ရောင်ခြည်ပေးပြီး ကုသတာမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဟော်မုန်းအဖွဲ့အစည်း မူမမှန်ခြင်းကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းကို ဖော်ထုတ်ကုသပေးမယ်ဆိုရင်လည်း ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းသွားစေမှာပါ။

ကာကွယ်ခြင်း

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

ဟော်မုန်းစနစ် မူမမှန်တဲ့ ပြဿနာတွေကို ဘယ်လိုကာကွယ်နိုင်သလဲ။

ဟော်မုန်း ပြဿနာတွေဖြစ်ပွားမှုနှုန်းကို လျှော့ချဖို့ဆိုရင် (ဥပမာ သိုင်းရွိုက်ဂလင်း ကောင်းကောင်းအလုပ်မလုပ်တာလိုမျိုး)

  • သင့်တင့်မျှတမှန်ကန်တဲ့ အစားအသောက်စားသုံးမှု ပုံစံကို လိုက်နာကျင့်သုံးဖို့ နဲ့

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံ (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်တာ အပါအဝင်)ကို လိုက်နာကျင့်သုံးဖို့ အထူးပဲ အရေးကြီးလှပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement