Dwarfism (လူပုရောဂါ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dwarfism (လူပုရောဂါ) ကဘာလဲ။

လူပုရောဂါဆိုသည်မှာ ပုံမှန်အရိုးအဆစ်ကြီးထွားမှုထက် ပု၊တိုသော အခြေအနေစု တစ်ခုကို ဆိုလိုသည်။ ထိုသို့ ပုတိုခြင်းသည် လက်၊ခြေ (သို့) ခန္ဓါကိုယ်ပိုင်းတွင် ဖြစ်ပွားသည်။ မူမမှန် အရိုးအဆစ်ကြီးထွားမှု နှင့် လူပုရောဂါကို ဖြစ်ပွားစေသော အခြေအနေ ၃၀၀ ကျော်ရှိပါသည်။ မွေးရာပါ အရိုးအဆစ် ကျုံ့တိုခြင်းသည် လူပုရောဂါ၏ အဖြစ်များဆုံးအကြောင်းရင်း ဖြစ်ပြီး ကလေး ၂၅,၀၀၀ တွင် တစ်ယောက်ဖြစ်တတ်သည်။ ကျားမ မရွေး တူညီသော အန္တရာယ်ရှိသည်။ ဤ မူမမှန်အရိုးကြီးထွားမှု ရောဂါ အမျိုးအစားကို မွေးကတည်းက သိရှိနိုင်သည်။

လက္ခဏာများ

Dwarfism (လူပုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူပုရောဂါ၏ လက္ခဏာများမှာ

  • ပျမ်းမျှ ပုံမှန်အရှည် ရှိသော ခန္ဓါကိုယ်
  • အချိုးအစားမညီ ပုတိုသော ခြေထောက် နှင့် လက်များ
  • ခြေထောက်ခွင်ခြင်း
  • တံတောင်ဆစ် အကွေးအဆန့် အခက်အခဲရှိခြင်း
  • အရွတ်လျော့ရဲမှုကြောင့် အခြား အဆစ်များသည် အလွန်ပျော့ပျောင်းခြင်း
  • ခြေချောင်း၊ လက်ချောင်းများတိုခြင်း
  • ခေါင်းကြီးခြင်း
  • မျက်နှာပြားခြင်း
  • အပေါ်မေးရိုးသေးသောကြောင့် သွားထပ်ခြင်း
  • ထင်ရှားသော နဖူး
  • နှာခေါင်းပြားခြင်း

နောက်ဆက်တွဲဆိုးကျိုးများ

လူပုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

လူပုရောဂါနှင့် ဆက်စပ် မူမမှန်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အလွန်ကွဲပြားနိုင်သည်။ သို့သော် အချိုးအစားမညီသော အရပ်ပုခြင်း၊ အချိုးအစား ညီသော အရပ်ပုခြင်း အမျိုးအစား နှစ်မျိုးတွင်တော့ တူညီသော နောက်ဆက်တွဲ ဆိုးကျိုး အချို့ရှိပါသည်။

အကြောင်းရင်းများ

Dwarfism (လူပုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မူမမှန်အရိုးကြီးထွားမှုနှင့် လူပုရောဂါကို ဖြစ်စေသော အခြေအနေ ၃၀၀ ကျော် ရှိကြောင်းလေ့လာ သိရှိရသည်။ အများစုသည် သန္ဓေမအောင်ခင် မမျိုးဥ (သို့) သုက်ပိုးတွင် မျိုးရိုးဗီဇ ပြောင်းလဲမှု ကြောင့် ဖြစ်ပွားသည်။ အခြား အခြေအနေများသည် မိဘတစ်ဦး (သို့) မိဘနှစ်ဦးစလုံးဆီမှ မျိုးရိုးဗီဇပြောင်းလဲမှု ကြောင့် ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dwarfism (လူပုရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မျိုးရိုးဗီဇ (သို့) ကျန်းမာရေး ပြဿနာများရှိသောသူများသည် လူပုရောဂါ ဖြစ်နိုင်ချေများသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dwarfism (လူပုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

လူပုရောဂါကို အတည်ပြုခြင်းသည် အဓိကအားဖြင့် ကလေး အရပ်၊ ကိုယ်အလေးချိန် နှင့် ခေါင်းလုံးပတ် အတိုင်းအတာပေါ်တွင် မူတည်သည်။ အခြား စဉ်းစားရမည့် အချက်များမှာ မျိုးရိုးဗီဇ၊ မိသားစုရောဂါ ရာဇဝင်၊ ဟော်မုန်းစစ်ဆေးမှု နှင့် ဓါတ်မှန်စစ်ဆေးမှုများ ဖြစ်ပါသည်။ စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • တိုင်းတာမှုများ ။ ။ ပုံမှန်ကလေးတစ်ယောက်ကို စစ်ဆေးမှုများတွင် အရပ်၊ ကိုယ်အလေးချိန် နှင့် ခေါင်းလုံးပတ်ကိ တိုင်းတာလေ့ရှိသည်။
  • သွင်ပြင်လက္ခဏာ။ ။ ထူးခြားသော မျက်နှာ နှင့် အရိုးအဆစ်များသည် လူပုရောဂါနှင့် ဆက်စပ်နေပါသည်။
  • ပုံရိပ်ဖော်စစ်ဆေးနည်း ။ ။ ကလေးတွင် ဘယ်လိုမူမမှန်မှုများ ရှိလဲဆိုတာကို ညွှန်ပြရန် ပုံရိပ်ဖော်စစ်ဆေးနည်းများ ပြုလုပ်သည်။
  • မျိုးရိုးဗီဇ စစ်ဆေးခြင်း ။ ။ လူပုရောဂါနှင့် ဆက်နွယ်နေသော ရောဂါများကို ရှာဖွေရန် အသုံးပြုနိုင်သည်။ သို့သော် တိကျသော ရောဂါအတည်ပြုမှုအတွက် မရှိမဖြစ်လိုအပ်သည်တော့ မဟုတ်ပါ။
  • မိသားစု ရောဂါ ရာဇဝင်။ ။ မိဘ၊ ဘိုးဘွား၊ မောင်နှမ နှင့် အခြား ဆွေမျိုးများတွင် အရပ်ပုသူများရှိခြင်းသည် သင့်မိသားစု၏ ပျမ်းမျှ အရပ်အမြင့်သည် အရပ်ပုခြင်းတွင် ပါမပါ ဆုံးဖြတ်နိုင်ရန် ကူညီပေးသည်။

ဟော်မုန်းစစ်ဆေးမှုများ။ ။ ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော ကြီးထွားမှု ဟော်မုန်း နှင့် အခြားဟော်မုန်းများ ပါမဏကို သိရှိရန် စစ်ဆေးနိုင်သည်။

Dwarfism (လူပုရောဂါ) ကို ဘယ်လိုကုသပါသလဲ

လူပုရောဂါကုသမှုအများစုသည် အရပ်ရှည်လာအောင် မပြုလုပ်နိုင်ပါ။ နောက်ဆက်တွဲဆိုးကျိုးကြောင့် ဖြစ်လာမည့် ပြဿနာများကို သက်သာရန် (သို့) ပြုပြင်ပေးရန်သာ ဖြစ်သည်။

ခွဲစိတ်ကုသမှု

ခွဲစိတ်ကုသမှုသည် အချိုးအစားမညီသော လူပုရောဂါ အမျိုးအစားတွင် ဖြစ်သော ပြဿနာများကို ပြုပြင်ကုသပေးသည်။

  • ကြီးထွားနေသော အရိုးများ၏ လမ်းကြောင်းကို တည့်ပေးခြင်း
  • ခါးကျောရိုးမကြီး၏ ပုံသဏ္ဍာန်ကို ပြုပြင်ခြင်း နှင့် တည်ငြိမ်စေခြင်း
  • ခါးကျောရိုးမကြီးပေါ်တွင် ဖိအားသက်ရောက်မှု သက်သာစေရန် ကျောရိုးဆစ်များ၏ အဝအရွယ်အစားကို ကြီးစေခြင်း
  • အကယ်၍ ဦးနှောက်တွင် အရည်ပိုများရှိနေလျှင် ဖယ်ရှားပေးရန် ပိုက်ထည့်ခြင်း

ခြေလက် ဆွဲဆန့်ခြင်း

အချို့လူပုလေးများသည် ခြေလက်ရှည်စေသော ခွဲစိတ်မှုကို ပြုလုပ်ကြသည်။ ဤနည်းသည် လူပုလေးအများစုအတွက် အငြင်းပွားဖွယ်ဖြစ်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ခွဲစိတ်မှုအားလုံးတွင် အန္တရာယ်ဆိုတာ ရှိစမြဲဖြစ်သော ကြောင့် ဖြစ်သည်။ များစွာသော ခွဲစိတ်မှုများ၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် လူပုလေးသည် ခွဲစိတ်မှုကို ဆုံးဖြတ်ရာတွင် ပါဝင်နိုင်သည့် အသက်အရွယ်ရောက်ချိန်ထိ စောင့်ဆိုင်းရန် အကြံပြုထားသည်။

ဟော်မုန်းကုသမှု

ကြီးထွားမှုဟော်မုန်း ချို့တဲ့သော လူပုလေးများအတွက် ဟော်မုန်းဆေးများထိုးပေးခြင်းသည် အရပ်ရှည်စေနိုင်ပါသည်။ ကိစ္စအများစုတွင် ကလေးအား လူကြီးတစ်ယောက်၏ အမြင့်ဆုံး အရပ်အမြင့် (အများအားဖြင့် သူတို့မိသားစု၏ ပျမ်းမျှ လူကြီးအရပ်အမြင့်)ကို ရရှိသည်အထိ နှစ်ပေါင်းများစွာ ကြာအောင် နေ့တိုင်း ဆေးထိုးပေးရသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ဆရာဝန် ထံတွင် ပုံမှန်ဆေးစစ်ခြင်းနှင့် စောင့်ရှောက်မှုများခံယူခြင်းသည် လူပုလေးများ၏ ဘဝအရည်အသွေးကို တိုးတက်စေသည်။ လူကြီးဘဝရောက်သော လူပုလေးပင်လျှင် ဆက်လက်ပြီး စောင့်ရှောက်မှုခံယူသင့်သည်။ ဘဝတစ်လျှောက်ဖြစ်နေမည့် ပြဿနာများကို ကုသမှုခံယူသင့်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

ဘဝနေထိုင်မှုပုံစံ

အောက်ပါနည်းလမ်းများသည် သင့်ကလေးခံစားနေရသော ပြဿနာကို ရင်ဆိုင်နိုင်ပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် ကူညီပေးသည်။

  • အကူအညီ ရှာပါ။ ။ လူမှုရေးထောက်ပံ့မှု၊ ရောဂါအကြောင်း သတင်းအချက် အလက်များ ထောက်ပံ့မှုပေးသော ပရဟိတ အဖွဲ့အစည်းများကို ရှာဖွေဆက်သွယ်ပါ။
  • သင့်အိမ်ကို ပြင်ဆင်ပါ။ ။ သင့်အိမ်တွင် အထူးတလည် ပြောင်းလဲပြင်ဆင်စရာများ ရှိပါသည်။ အထူးဒီဇိုင်းထွင်ထားသော မီးခလုတ်များ တပ်ခြင်း၊ လှေကားလက်ရန်း အနိမ့် တပ်ဆင်ခြင်း ၊ တံခါးလက်ကိုင်ဘုများ အား မောင်းတံနှင့် အစားထိုးခြင်း တို့ဖြစ်ပါသည်။
  • တစ်ကိုယ်ရည်သုံးပစ္စည်းကိရိယာများ။ ။ အိမ်နှင့်ကျောင်းသုံးအတွက် သင့်တော်သော ပစ္စည်းကိရိယာများကို ပြင်ဆင်ပေးသင့်ပါသည်။
  • သင့်ကလေး၏ ကျောင်းကို ဆက်သွယ်ပါ။ ။ ကျောင်းမှ တာဝန်ရှိသူများအား လူပုရောဂါဆိုတာဘာလဲ၊ ကလေးကို ဘယ်လိုသက်ရောက်မှုရှိလဲ၊ စာသင်ခန်းတွင် ကလေးဘာတွေလိုအပ်လဲ၊ ကျောင်းမှ ကလေးလိုအပ်ချက်တွေကို ဘယ်လိုကူညီပေးနိုင်တယ်စသည်ဖြင့် ပြောဆိုဆွေးနွေးပါ။
  • စနောက်မှုများအကြောင်းပြောပြပါ ။ ။ သင့်ကလေး၏ ခံစားချက်များကို ဖွင့်ပြောလာအောင် အားပေးပါ။ မေးခွန်းများနှင့် စနောက်မှုများကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ ကလေးကို လေ့ကျင့်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 27, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။