backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂))

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂))

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကဘာလဲ။

ဆီးချိုအမျိုးအစား၂ဆိုသည်မှာခန္ဓါကိုယ်ကသကြား(ဂလူးကို့စ်) ဓါတ်ကိုချေဖျက်သောလုပ်ငန်းစဉ်ကိုထိခိုက်စေသောနာတာရှည် အခြေအနေတစ်ခုဖြစ်ပါသည်။ ဆီးချို အမျိုးအစား ၂ ရှိပါကသင်၏ ခန္ဓါကိုယ်သည် ကိုယ်တွင်းသကြားပမာဏကိုထိန်းညိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ကိုခုခံတွန်းလှန်ခြင်း (သို့)ပုံမှန်သကြားပမာဏကိုထိန်းပေးဖို့လုံလောက်တဲ့အင်ဆူလင်ပမာဏကိုမထုတ်လုပ်နိုင်ခြင်း ဖြစ်နေပါသည်။

ဆီးချိုအမျိုးအစား ၂ ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်းအစာကောင်းစွာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ရောဂါ အခြေအနေကိုထိန်းချုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းနှင့် အစားအသောက် က သွေးတွင်းသကြားကိုမထိန်းသိမ်းနိုင်ပါကဆီးချိုဆေးသောက်ခြင်း(သို့)အင်ဆူလင်ဆေးထိုးဖို့လိုအပ်ပါမည်။

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) က ဘယ်လောက်အဖြစ်များသလဲ

ဆီးချိုအမျိုးအစား ၂ သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ သို့သော် ကလေးများတွင်လည်းအဝလွန်ခြင်းကြောင့်ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာပြီဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းမှ အောက်ပါအချက်များကိုထုတ်ပြန်ထားပါသည်။

  • ၂၀၁၄ ခုနစ် ကမ္ဘာလုံးဆိုင်ရာဆီးချိုဖြစ်ပွားမှုသည် အရွယ်ရောက်ပြီးသူများ၏ ၉ ရာခိုင်နှုန်း ဖြစ်ပါသည်။
  • ဆီးချိုရှိသူများ၏ ၉၀ ရာခိုင်နှုန်းလောက်သည် ဆီးချို အမျိုးအစား ၂ ဖြစ်သည်။
  • ၂၀၁၂ တွင် ဆီးချိုကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ၁.၅ သန်းရှိပါသည်။
  • ဆီးချိုရှိသူများ၏ ထက်ဝက်သည် နှလုံးရောဂါ၊လေဖြတ်ရောဂါစသော နှလုံးနှင့် သွေးကြောရောဂါများကြောင့် သေဆုံးကြပါသည်။
  • ဆီးချိုသည် ကျောက်ကပ်ပျက်စီးခြင်းကိုလည်းဦးတည်ဖြစ်ပွားစေပါသည်။

အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးချိုအမျိုးအစား ၂ ၏ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပွားပါသည်။ ဆီးချိုအမျိုးအစား ၂ ကိုနှစ်အတန်ကြာ ဖြစ်နေသော်လည်းမသိဘဲ ဖြစ်နေနိုင်ပါသည်။ အချို့ အဖြစ်များသောရောဂါလက္ခဏာများမှာ

  • ရေငတ်လွယ်ခြင်းနှင့် မကြာခဏဆီးသွားခြင်း။ သွေးစီးကြောင်းထဲတွင် သကြားများပိုလျှံလာခြင်းသည် တစ်ရှူးများထဲမှ အရည်များကိုဆွဲယူပါသည်။ ထို့ကြောင့် ရေငတ်စေပါသည်။ ထို့ကြောင့်ရေသောက်ရခြင်းကြောင့် သာမန် ထက်ပို၍ ဆီးသွားရပါသည်။
  • ဆာလောင်လွယ်ခြင်း။ ဆဲလ်များထဲသို့ သကြားများသွင်းရန် လုံလောက်သောအင်ဆူလင် မရှိသောကြောင့် ကြွက်သားများနှင့် ကိုယ်အင်္ဂါများသည် စွမ်းအင်ကုန်ဆုံးမှု ဖြစ်လာပါသည်။ ထို့ကြောင့်ဆာလောင်ခြင်းကို မြင့်တက်စေပါသည်။
  • ကိုယ်အလေးချိန်ကျခြင်း။ ဆာလောင်ခြင်းသက်သာရန် သာမန်ထက်ပို၍ စားသုံးသော်လည်းကိုယ်အလေးချိန် ကျနေပါမည်။ ဂလူးကို့စ်ကိုဖြိုခွဲနိုင်ခြင်းမရှိသောကြောင့် ခန္ဓါကိုယ်သည်စွမ်းအင်ရဖို့ ကြွက်သားနှင့် အဆီများတွင် သိုလှောင်ထားသောအခြားလောင်စာများကိုအသုံးပြုရပါသည်။ ပိုလျှံနေသောဂလူးကို့စ်များသည် ဆီးထဲတွင် ပါသွားခြင်းကြောင့် ကယ်လိုရီများလည်းဆုံးရှုံးပါသည်။
  • မောပန်းနွမ်းနယ်ခြင်း။ ဆဲလ်များသည် သကြားမရှိသောကြောင့် သင်သည် မောပန်းလွယ်ပြီးဒေါသထွက်လွယ်နိင်ပါသည်။
  • အမြင်ဝါးခြင်း။ သွေးတွင်းသကြားသည် အလွန်များနေပါကမျက်စိမှန်ဘီလူးမှ အရည်များအားဆွဲယူပါသည်။ ထို့ကြောင့် အာရုံစိုက်၍ ကြည့်ရန် ခက်ခဲလာပါသည်။
  • အနာကျက်ကြာခြင်း နှင့် မကြာခဏရောဂါပိုးဝင်ခြင်း။ ဆီးချို အမျိုးအစား ၂ သည် အနာကျက်နိုင်စွမ်း နှင့် ခုခံတိုက်ခိုက်နိုင်စွမ်းကိုကျဆင်းစေပါသည်။
  • အသားရည်များညိုမဲခြင်း။ ဆီးချိုအမျိုးအစား၂ ရှိသူအချို့သည်လည်ပင်းနဲ့အရေပြားကဲ့သို့သောအရေပြားအတွန့်အခေါက်ကြားနေရာများတွင် ညိုမဲသောအကွက်များ ဖြစ်တတ်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပိုမဆိုးအောင်တားဆီးပေးပြီးအရေးပေါ်အခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် မြန်မြန် ပြသပါ။

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကိုဘာတွေကဖြစ်စေသလဲ

ခန္ဓါကိုယ်ကအင်ဆူလင်ကိုခုခံတွန်းလှန်သောအခါ နှင့် ပန်ကရိယမှ လုံလောက်သောအင်ဆူလင် ကိုမထုတ်လုပ်နိုင်သောအခါ ဆီးချိုအမျိုးအစား ၂ကိုဖြစ်စေပါသည်။ ကိုယ်အလေးချိန်များခြင်း၊လှုပ်ရှားမှုနည်းခြင်းစသောပတ်ဝန်းကျင်အချက်များနဲ့မျိုးရိုးဗီဇကြောင့် ဖြစ်စေပုံပေါ်သော် လည်းအမှန်တကယ် ဘာကြောင့် ဖြစ်တယ်ဆိုတာမသိရှိပါ။

Risk factors

ငါ့ဆီမှာ Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါကဆီးချို အမျိုးအစား ၂ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။

  • ကိုယ်အလေးချိန်။ အဝလွန်ခြင်းသည် ဆီးချိုအမျိုးအစား ၂ ကိုဖြစ်စေသောအဓိက ဖြစ်သောအကြောင်းရင်းဖြစ်သည်။ အဆီတစ်ရှူးများပိုရှိလေသင်၏ဆဲလ်များကအင်ဆူလင် များကိုတွန်းခံလေဖြစ်သည်။ သို့သော် အဝမလွန်သူများလည်းဆီးချိုသွေးချို ဖြစ်နိုင်ပါသည်။
  • အဆီသိုလှောင်သောနေရာ ။ အဆီများကိုဝမ်းဗိုက်ပိုင်းတွင် အဓိကသိုလှောင်ပါကဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေနှုန်းသည် ခါးနှင့် ပေါင်တွင် အဆီသိုလှောင်တာထက် ပို၍ များပါသည်။
  • လှုပ်ရှားမှုနည်းခြင်း။ လှုပ်ရှားမှုနည်းလေဆီးချို အမျိုးအစား ၂ ကိုပိုဖြစ်လေဖြစ်သည်။ ကိုယ်ခန္ဓါလှုပ်ရှားမှုသည် ကိုယ်အလေးချိန် ထိန်းညိရန် ကူညီပေးပြီးဂလူးကို့စ်များကိုစွမ်းအင် အဖြစ် ကုန်ဆုံးစေပါသည်။ သင်၏ ဆဲလ်များကိုအင်ဆူလင် ဖြင့် ပို၍ ထိတွေ့စေပါသည်။
  • မိသားစုမှတ်တမ်း။ မိဘနှင့် မောင်နှမများတွင် ဆီးချိုအမျိုးအစား ၂ ရှိခြင်းသည် သင့်တွင် ရောဂါဖြစ်ပွားနိုင်ခြင်းကို မြင့်တက်စေပါသည်။
  • လူမျိုး။ ဘာကြောင့်လဲမရှင်းလင်းသော်လည်းလူမည်းများ၊ စပိန်လူမျိုးများ၊ အမေရိကန် အင်ဒီယန်း နှင့် အာရှအမေရိကန် လူမျိုးများသည် လူဖြူများထက်ဆီးချို အမျိုးအစား ၂ ပို၍ ဖြစ်ပွားပါသည်။
  • အသက်အရွယ်။ အသက်ကြီးလေ(အထူးသဖြင့် အသက်၄၅ နောက်ပိုင်း)ဆီးချိုအမျိုးအစား ၂ ဖြစ်ပွားမှု ပိုဖြစ်လေဖြစ်သည်။ အသက်ကြီးလာသည်နှင့် အမျှ လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားထုနည်းခြင်း၊ဝလာခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် ဆီးချို အမျိုးအစား ၂ ဖြစ်ပွားမှု သည် ကလေးငယ်များ နှင့် လူငယ်များတွင်လည်းတိုးမြင့်လာပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကို ဘယ်လိုအတည်ပြုပါသလဲ

ဤရောဂါရှိသည်ဟုသံသယဖြစ်မိပါက ခန္ဓါကိုယ်စစ်ဆေးမှုများ နှင့် ဆရာဝန်ညွှန်ကြားသောအချို့စမ်းသပ်မှုများကိုလုပ်ဆောင်ပါ။ ရောဂါအဖြေရှာစစ်ဆေးခြင်းများတွင် အောက်ပါတို့ပါဝင်ပါသည်။

  • Hemoglobin A1C test ကို glycosylated hemoglobin test ဟုလည်းခေါ်ပါသည်။ ၎င်းသည် လွန်ခဲ့သော ၂လ ၊၃ လအတွင်းသွေးထဲဂလူးကို့စ် ပမာဏကိုတိုင်းတာပေးပါသည်။ ဤ စစ်ဆေးခြင်းအတွက်အဆာခံရန် မလိုပါ။ သင့်၏ ဆရာဝန်သည် စစ်ဆေးချက် ရလဒ် အဖြေမှ ရောဂါအဖြေရှာနိုင်ပါသည်။
  • Fasting plasma glucose test မလုပ်မီရှစ်နာရီလောက် အဆာခံရန် လိုအပ်ပါသည်။ ဤ စစ်ဆေးမှုသည် သွေးရည်ကြည်တွင်းဂလူးကို့စ် ဘယ်လောက်ရှိသလဲကိုတိုင်းတာပေးပါသည်။
  • Oral glucose tolerance test တွင် သင်သည် ဂလူးကို့စ် ကိုမသောက်သုံးမီနှင့် သောက်သုံးပြီး ၂နာရီ နောက်တွင် သွေးကိုထုတ်ယူရပါမည်။ စစ်ဆေးမှုရလဒ်သည် မသောက်သုံးမီ နှင့် သောက်သုံးပြီးဂလူးကို့စ်ကို ခန္ဓါကိုယ်ကဘယ်လိုကောင်းကောင်းတုန့်ပြန်လဲဆိုသည်ကို ပြသပါသည်။

သင့်တွင် ဆီးချိုသွေးချိုရှိပါကရောဂါကိုဘယ်လိုထိန်းချုပ်မလဲဆိုသောအချက်အလက်များကိုဆရာဝန်ကပေးပါလိမ့်မည်။

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကို ဘယ်လိုကုသပါသလဲ

ကံကောင်းစွာပင်ဆီးချိုအမျိုးအစား ၂ ကိုထိထိရောက်ရောက် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်သည် သင့်အားသွေးတွင်းဂလူးကို့စ် ပမာဏကိုဘယ်နှစ်ကြိမ်စစ်ဆေးရမည် ကိုသင့်အားပြောပြပါလိမ့်မည်။ ရည်ရွယ်ချက် က ရှိသင့်သောပမာဏအတွင်းဆီးချိုကိုထိန်းထားနိုင်ရန်ဖြစ်သည်။

သင့်ဆရာဝန်သည် သွေးတွင်းသကြားများလွန်းခြင်းသို့မဟုတ် နည်းလွန်းခြင်း ၏ လက္ခဏာများကိုသတိပြုရန်နှင့် အခြေအနေတစ်ခုစီတွင် ဘာလုပ်ရမည် ဆိုသည်ကိုရှင်းပြပါလိမ့်မည်။ သင့်ဆရာဝန်သည် ဘယ်အစားအစာတွေကကျန်းမာရေးနှင့် ညီညွတ်ပြီးဘယ်အစားအစာတွေကမညီညွတ်သည်ကိုရှင်းပြပါလိမ့်မည်။

ဆီးချို အမျိုးအစား ၂ ရှိသူတိုင်းအင်ဆူလင် သုံးရန် မလိုအပ်ပေ။ သင်၏ ပန်ကရိယသည် လုံလောက်သောအင်ဆူလင် ကိုမထုတ်လုပ်နိုင်သောကြောင့် သာအသုံးပြု ရခြင်းဖြစ်သည်။ ညွှန်ကြားသည့် အတိုင်းအင်ဆူလင် အသုံးပြုရန် အရေးကြီးပါသည်။ အခြားကူညီနိုင်သောဆေးပေးခြင်းများလည်းရှိပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဆီးချိုအမျိုးအစား ၂ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်ဆီးချိုအမျိုးအစား ၂ကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • အမျှင်များနှင့် ကျန်းမာသောကာဗွန်ဟိုက်ဒရိတ် ပါဝင်သောအစားအစာများကိုစားသုံးပါ။ အသီးများဟင်းသီးဟင်းရွက်များ နှင့် ဂျုံနှင့်လုပ်သောအစေ့များစားခြင်းသည် သွေးတွင်းဂလူးကို့စ် ပမာဏကိုတည်မြဲအောင် ထိန်းသိမ်းထားနိုင်သည်။
  • အစာကိုအချိန်မှန်မှန်စားသုံးပါ။
  • ဗိုက်ပြည့်ရုံသာစားသုံးပါ။
  • ကိုယ်အလေးချိန်အားထိန်းသိမ်း၍ နှလုံးကျန်းမာရေးအားဂရုစိုက်ပါ။ ဆိုလိုသည်မှာသန့်စင်ထားသောကာဗွန်ဟိုက်ဒရိတ်၊ချိုချဉ်နှင့် တိရစ္ဆာန် လျှော့စားပါ။
  • နှလုံးကျန်းမာအောင် အေရိုးဗစ်လေ့ကျင့်ခန်းများကို နေ့စဉ်နာရီဝက်လောက် ကစားပေးပါ။ လေ့ကျင့်ခန်းများသည် သွေးတွင်းဂလူးကို့စ်ကိုလည်းထိန်းညှိပေးပါသည်။

အောက်ပါအသုံးဝင်သောအချက်များသည် ဆီးချိုအမျိုးအစား ၂ကိုရှောင်ရှားရန် ကူညီနိုင်ပါသည်။

  • အစားအစာ။ အာဟာရပြည့်ဝသောကာဗွန်ဟိုက်ဒရိတ်နှင့် အမျှင်များ ကြွယ်ဝသည့် အစားအစာများကိုစားပါ။ နှလုံးကိုကျန်းမာစေသောအချို့ငါးများမှ ရရှိသောအိုမီဂါ ၃ နဲ့ မပြည့်ဝဆီ များလည်းစားသင့်ပါသည်။ နို့ထွက်ပစ္စည်းများသည် အဆီနည်းရန် လိုအပ်ပါသည်။ ဘာစားသလဲအပေါ် မူတည်သကဲ့သို့ ဘယ်လောက်များများစားသလဲအပေါ်လည်းမူတည်ပါသည်။ အစားအစာပမာဏကိုဂရုစိုက်သင့်ပါသည်။ အစားအသောက်ကိုနေ့စဉ် အချိန်မှန်မှန်စားပါ။
  • လေ့ကျင့်ခန်း။ ဆီးချို အမျိုးအစား ၂သည် လှုပ်ရှားမှုနည်းခြင်းနှင့်သက်ဆိုင်ပါသည်။ အေရိုးဗစ် လေ့ကျင့်ခန်းများနေ့စဉ် မိနစ် ၃၀ ခန့် ပြုလုပ်ခြင်းသည် ကျန်းမာရေးကိုကောင်းမွန်စေပါသည်။ နေ့စဉ်လုပ်ငန်းများတွင်လည်းအပိုလှုပ်ရှားမှုများကိုထည့်ပေါင်းနိုင် ရန် ကြိုးစားပါ။
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

သင်သည် အဝလွန်နေပါကဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ပါသည်။ ကျန်းမာသော မျှတသောစားသောက်ပုံနှင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပါသည်။ ဤပြောင်းလဲမှုများအလုပ်မဖြစ်ပါကသင့်ဆရာဝန်သည် ဘေးကင်းစွာဝိတ်ချနိုင်သောနည်းလမ်းများကိုပြောပြပေးပါလိမ့်မည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement