backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cystitis (ဆီးအိမ်ရောင်ခြင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cystitis (ဆီးအိမ်ရောင်ခြင်း) ကဘာလဲ။

ဆီးအိမ်ရောင်ခြင်းဆိုသည်မှာ ဆီးအိမ်နှင့် ဆီးစွန့် ပြွန်ထိပ်ပိုင်း ရောင်လာသော (နီရဲပြီး ဖောင်းလာသော) အခြေအနေတစ်ခုဖြစ်သည်။ အများအားဖြင့် ရောင်ရမ်းခြင်း သည် ဘက်တီးရီးယား ကူးစက်မှုကြောင့်ဖြစ်ပြီး ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှုဟု ခေါ်သည်။

ဆီးအိမ်တွင် ကူးစက်မှုသည် နာကျင်ပြီး အနှောင့်အယှက်ဖြစ်စေပါသည်။ ကူးစက်မှုသည် ကျောက်ကပ်သို့ ပျံ့နှံ့သွားပါက ဆိုးရွားသော ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

Cystitis (ဆီးအိမ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးအိမ်ရောင်ခြင်းသည် မည်သူမဆို ဖြစ်နိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်သည်။ တစ်ခါ တစ်ရံ ဆီးအိမ်ရောင်ခြင်းသည် နာတာရှည် (ထပ်ကာ ထပ် ကာ ဖြစ်ပွား) ဖြစ်ပြီး ကုသရန် ခက်ခဲလာပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Cystitis (ဆီးအိမ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးအိမ်ရောင်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ-

• ဆီးသွားရာတွင် နာကျင်ခြင်း၊ ပူလောင်ခြင်း

• ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း၊ တင်းရင်း

• ဆီးသည် ငါးညှီနံ့ နံခြင်း

• ဆီးတွင် သွေးပါခြင်း

• မကြာခဏ သို့မဟုတ် အလျင်စလို ဆီးသွားလိုခြင်း

• ငွေ့ငွေ့ဖျားခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါ ကျောက်ကပ် ရောဂါပိုးကူးစက်မှု၏ လက္ခဏာ များရှိပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။

• ကျော သို့မဟုတ် ခါးဘေးတွင် နာခြင်း

• ဖျားခြင်း၊ ချမ်းတုန်ခြင်း

• မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း

နာရီပေါင်းများစွာကြာ အလျင်စလို၊ မကြာခဏ သို့မဟုတ် နာကျင်စွာ ဆီးသွားရပါက ဆရာဝန်အားအကြောင်းကြားပါ။ ဆီးတွင် သွေးများတွေ့ရပါက ဆရာဝန်အား အကြောင်းကြား ပါ။

အရင်က ဆီးလမ်းကြောင်းရောဂါပိုးကူးစက်မှု ဖြစ်ဖူးပြီး ထိုကဲ့သို့ လက္ခဏာများ ထပ်ဖြစ်ပါက ဆရာဝန်အား အကြောင်းကြားပါ။

ပဋိဇီဝဆေးများ သောက်ပြီး ဆီးအိတ်ရောင်သည့် လက္ခ ဏာများ ပြန်ပေါ်လာပါက ဆရာဝန်အား အကြောင်းကြားပါ။ အခြား မတူညီသော ဆေးပေးရန် လိုအပ်နိုင်သည်။

အကြောင်းရင်းများ

Cystitis (ဆီးအိမ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆီးအိမ်ရောင်ခြင်းအများစုကို Esherichia coli (E.coli) ဟူသော ဘက်တီးရီးယား အမျိုးအစားက ဖြစ်စေပါသည်။

ဆီးအိမ်ကို ဘက်တီးရီးယားပိုးဝင်ခြင်းသည် လိင်ဆက်ဆံ အပြီး အမျိုးသမီးများတွင် ဖြစ်နိုင်သည်။ သို့သော် လိင်ပိုင်း ဆိုင်ရာ မပြုလုပ်သော အမျိုးသမီးများသည်လည်း ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သည်။

အဘယ်ကြောင့် ဆိုသော် အမျိုးသမီး လိင်အင်္ဂါသည် ဆီးအိမ် ရောင်ရမ်းစေသော ဘတ်တီးရီးယားများကို လက်ခံသော နေရာဖြစ်သောကြောင့်ဖြစ်သည်။

ရောဂါပိုးကူးစက်မှုအပြင် ဆီးအိမ်ရောင်ခြင်းကို ဖြစ်စေ သော အခြားအကြောင်းရင်းများလည်း ရှိပါသည်။

၎င်းတို့မှာ-

• အချို့ဆေးများ။ အထူးသဖြင့် cyclophosphamide နှင့် ifosfamide စသော ဓါတုကုထုံးဆေးများ

• တင်ပါးဆုံနေရာကို ဓါတ်ရောင်ခြည်ဖြင့် ကုသမှု

• ကြာရှည်စွာ ဆီးပိတ် ထည့်ထားခြင်း

• ဓါတုပစ္စည်းများ။ တစ်ချို့လူများသည် ထုတ်ကုန် အချို့တွင်ပါဝင်သော ဓါတုပစ္စည်းများကို အထိမခံ နိုင်ပါ။ ရေမြုပ်ဆပ်ပြာ၊ အမျိုးသမီး သန့်စင်ဆေးရည်၊ သုက်ကောင်သုတ်ဆေး စသော ထုတ်ကုန်များ ဖြစ်သည်။ ဆီးအိမ်အတွင်းတွင် ဓါတ်မတည့်မှုများ ဖြစ်ပေါ်ပြီး ရောင်ရမ်းစေပါသည်။

• ဆီးချိုသွေးချို၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ကျောရိုးနာဗ်ကြော ဒဏ်ရာရခြင်း စသော အခြားရောဂါများ၏ ဆိုးကျိုး များ

Interstitial cystitis ဟုခေါ်သော ဆီးအိမ်ရောင်ခြင်း အမျိုးအစားတစ်မျိုး ရှိပါသည်။ ထိုနာတာရှည် ဆီးအိမ်ရောင် ခြင်းကို painful bladder syndrome (နာကျင်သော ဆီးအိမ်ပြဿနာစု) ဟုလည်း ခေါ်ပါသည်။ ထိုရောင်ခြင်း ဖြစ်စေသော အကြောင်းရင်းကို မသိရှိသေးပါ။ အမျိုးသမီးများတွင် အများစုဖြစ်ပွားပါသည်။ ရောဂါသည် အဖြေရှာ အတည်ပြုရန်နှင့် ကုသရန် ခက်ခဲနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ဆီးအိမ်ရောင်ခြင်း ဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

ဆီးအိမ်ရောင်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။

အချို့လူများသည် အခြားလူများထက် ဆီးအိမ်ရောဂါပိုး ကူးစက်မှု ဖြစ်ရန် သို့မဟုတ် ဆီးလမ်းကြောင်း ရောဂါပိုးကူး စက်မှု ပြန်ဖြစ်ရန် အလားအလာ ပိုရှိပါသည်။ အမျိုးသမီး များ တွင် ပိုဖြစ်နိုင်သည်။

အဓိက အကြောင်းပြချက်မှာ ခန္ဓါဗေဒ ဖြစ်သည်။ အမျိုးသမီးများသည် ဆီးစွန့်ပြွန်တိုသည်။ ထို့ ကြောင့် ဘက်တီးရီးယားများသည် ဆီးအိမ်သို့ ရောက်ရန် အကွာအဝေး တိုသွားပါသည်။

အောက်ပါ အမျိုးသမီးများသည် ဆီးလမ်းကြောင်း ရောဂါပိုး ဝင်နိုင်ချေ အမြင့်ဆုံးဖြစ်သည်။

• လိင်ပိုင်းဆိုင်ရာ တက်ကြွသူများ။ လိင်ဆက်ဆံခြင်း သည် ဆီးစွန့်ပြွန်တွင်းသို့ ဘက်တီးရီးယားများကို တွန်းပို့စေသည်။

• အချို့ကိုယ်ဝန်တားဆေးများ သုံးခြင်း။ ကိုယ်ဝန်တား ပစ္စည်းသုံးသော အမျိုးသမီးများသည် ဆီးလမ်း ကြောင်း ရောဂါပိုးဝင်နိုင်မှု မြင့်ပါသည်။ သုက်ကောင် များကို သတ်သော ပစ္စည်းများပါဝင်သော ကိုယ်ဝန် တားပစ္စည်းများသည် ရောဂါပိုးဝင်နိုင်ချေကို ပိုမြင့်စေ ပါသည်။

• ကိုယ်ဝန်ရှိခြင်း။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော် မုန်းများ ပြောင်းလဲမှုသည် ဆီးအိမ်ရောဂါပိုးကူးစက် နိုင်ချေကို မြင့်စေသည်။

• သွေးဆုံးခြင်း။ သွေးဆုံးပြီး အမျိုးသမီးများတွင် ဟော် မုန်း ပမာဏများ ပြောင်းလဲခြင်းနှင့် ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။

အမျိုးသားများတွင်ရော အမျိုးသမီးများတွင်ပါ ဖြစ်နိုင်ချေ မြင့်စေသော အခြားအချက်များမှာ-

• ဆီးစီးဆင်းမှု အနှောင့်အယှက်ဖြစ်ခြင်း။ ဆီး အိတ်တွင် ကျောက်တည်ခြင်း၊ အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်း စသော အခြေအနေ များတွင် ဖြစ်ပေါ်ပါသည်။

• ကိုယ်ခံအားစနစ် ပြောင်းလဲခြင်း။ ဆီးချိုသွေးချို၊ HIV ကူးစက်မှု၊ ကင်ဆာကုသမှု စသော အချို့ အခြေအနေများတွင် ဖြစ်ပွားနိုင်သည်။ ကိုယ်ခံအား စနစ် ကျဆင်းခြင်းသည် ဆီးအိမ်တွင် ဘတ်တီးရီး ယား၊ ဗိုင်းရပ်စ် ဝင်နိုင်ချေကို မြင့်စေသည်။

• ဆီးပိုက်များ ကြာမြင့်စွာ အသုံးပြုခြင်း။ ဆီးပိုက်များ ကို နာတာရှည် ရောဂါသည်များနှင့် သက်ကြီးရွယ်အိုများတွင် လိုအပ်ပါသည်။ သို့သော် ၎င်းတို့ကို ကြာရှည်စွာ အသုံးပြု ခြင်းသည် ဘက်တီးရီးယားပိုးဝင်မှုကို လွယ်ကူ စေသည်။ ဆီးအိမ်တစ်ရှူး ပျက်စီးမှုကိုလည်း ဖြစ် စေသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cystitis (ဆီးအိမ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးအိမ်ရောင်ခြင်း၏ ရောဂါလက္ခဏာများရှိပါက တတ်နိုင် သမျှမြန်မြန် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန်သည် သင်၏ ရောဂါလက္ခဏာများနှင့် ဆေးမှတ်တမ်းအကြောင်း ဆွေးနွေး မည့်အပြင် အောက်ပါ စစ်ဆေးမှုအချို့ကိုလည်း ပြုလုပ်နိုင် သည်။

• ဆီးစစ်ခြင်း။ ဆီးအိမ်ရောဂါပိုးကူးစက်ခြင်းကို သံသ ယရှိပါက ဆရာဝန်သည် ဆီးနမူနာတောင်းယူကာ ဆီးတွင်းတွင် ဘက်တီးရီးယား၊ သွေး သို့မဟုတ် ပြည် ရှိသလား ဆုံးဖြတ်နိုင်သည်။ ဆီးတွင် ဘက်တီး ရီးယား မွေးမြူခြင်းကိုလည်း ပြုလုပ်နိုင်သည်။

• ဆီးအိမ်အတွင်း ပြွန်ထည့်၍ကြည့်ခြင်း။ ဆရာဝန် သည် cystoscope ဟုခေါ်သော အလင်းရောင်နှင့် ကင်မရာပါသော ပြွန်သေးတစ်ခုကို ဆီးစွန့်ပြွန် မှတစ်ဆင့် ဆီးအိမ်အတွင်း ထိုးထည့်ကာ ဆီးလမ်းကြောင်းရှိ ရောဂါလက္ခဏာများကို ကြည့်ရှုနိုင်သည်။

Cystoscope သုံးခြင်းဖြင့် ဆရာဝန်သည် ဓါတ်ခွဲခန်း စစ်ဆေးမှုအတွက် တစ်ရှူးစ နမူနာကို ယူနိုင်သည်။ သို့သော် ဆီးအိမ်ရောင်ခြင်း၏ ရောဂါလက္ခဏာများသည် ပထမဆုံး အကြိမ်ပေါ်ခြင်း ဖြစ်ပါက ထိုစစ်ဆေးမှုကို မလိုအပ်သေးပါ။

• ပုံရိပ်ဖော်စစ်ဆေးခြင်း။ ပုံရိပ်ဖော်စစ်ဆေးခြင်းသည် များသောအားဖြင့် မလိုအပ်သေးပါ။ သို့သော် အချို့ ကိစ္စများ အထူးသဖြင့် ရောဂါပိုးကူးစက်သည့် သက် သေမရှိသော ကိစ္စများတွင် ပုံရိပ်ဖော်ခြင်းသည် အကူအညီ ပေးနိုင်သည်။

ဥပမာ- ဓါတ်မှန် သို့မဟုတ် အာထရာဆောင်း ဖြင့် ဆရာဝန်သည် အကျိတ် သို့မဟုတ် ဖွဲ့စည်းမှု ချို့ယွင်းချက်စသော ဆီးအိမ် ရောင်ခြင်း၏ အခြားဖြစ်နိုင်သော အကြောင်းအချက် များကို ဖော်ထုတ်နိုင်သည်။

Cystitis (ဆီးအိမ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆီးအိမ်ရောင်ခြင်းအတွက် အသုံးအများဆုံး ကုသမှုမှာ ပဋိဇီဝဆေးများ သုံးခြင်းဖြစ်သည်။ ဘက်တီးရီးယား ကူးစက် မှုကို ပျောက်အောင် ဆေးများကို ၃-၁၀ ရက်အထိ သောက် ရသည်။ ဆရာဝန်သည် ၁-၂ ပတ်အကြာ သို့မဟုတ် ပို၍ စောစောတွင် ရောဂါကူးစက်မှု ပျောက်ကင်းသလား သေချာ စေရန် အခြား စစ်ဆေးမှုတစ်ခုကို လုပ်နိုင်သည်။

ရောဂါပိုးကူး စက်မှုသည် မကြာခဏဖြစ်နေပါက ဆေးများကို ၆လအထိ သောက်ရန် လိုအပ်သည်။

ရောဂါပိုးကူးစက်မှုမဟုတ်သော ကိစ္စများတွင် အခြား ကုသမှုများ လိုအပ်သည်။ ရေမြုပ်ဆပ်ပြာ၊ သုက်ကောင် သတ်ဆေးတို့ကို ရှောင်ကြဉ်ခြင်း၊ အာရုံကြော လှုံ့ဆော်မှုများ နှင့် အခြား ဆေးများ တို့ ပါဝင်သည်။

Interstitial cystitis တွင် ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းမှာ မသေချာပါ။ ထို့ကြောင့် ကုသမှု တစ်ခုတည်းနှင့် ကိစ္စတိုင်းအတွက် ကောင်းစွာမလုပ်မဖြစ်ပါ။

Interstitial cystitis ၏ ရောဂါလက္ခဏာများကို သက်သာ စေသော ကုထုံးများမှာ-

• ပါးစပ်မှသောက်ရသော သို့မဟုတ် ဆီးအိမ်အတွင်း သို့ တိုက်ရိုက်ထိုးသွင်းရသော ဆေးများ

• ရောဂါလက္ခဏာများ သက်သာစေရန် ဆီးအိမ်ကို ပြုပြင်သော နည်းလမ်းများ။ ဥပမာ- ဆီးအိမ်ကို ရေ သို့မဟုတ် ဓါတ်ငွေ့ဖြင့် ဆန့်ကားခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း

• အာရုံကြော လှုံ့ဆော်မှုများ။ မပြင်းထန်သော လျှပ်စစ်အားကို အသုံးပြုကာ တင်ပါးဆုံနာကျင်မှုများကို သက်သာစေသည်။ အချို့တွင် မကြာခဏ ဆီးသွား ခြင်းကိုပါ သက်သာစေသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ဆီးအိတ်ရောင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ဆီးအိမ်ရောင်ခြင်းကို ထိန်းချုပ်နိုင် ပါသည်။

• ညွှန်ကြားထားသည့်အတိုင်း ဆေးများကို တိကျစွာ သောက်ပါ။

• အရည်များများ (အထူးသဖြင့် ရေများများ) သောက်ပါ။

• လိင်ဆက်ဆံပြီးနောက် ဆီးသွားပါ။

• ချည်ထည် အဝတ်များကို ဝတ်ဆင်ပါ။ အမျိုးသမီး များသည် ချည်ထည် ဘောင်းဘီများ ဝတ် သင့်သည်။ ကျပ်သော အတွင်းခံနှင့် အဝတ်အစား များ မဝတ်ပါနှင့်။

• လိင်အင်္ဂါနေရာကို သန့်ရှင်းအောင်ထားပါ။ ရေချိုး ကန်ဖြင့် ရေချိုးမည့်အစား ရေပန်းဖြင့်ချိုးပါ။

• လိင်အင်္ဂါနေရာတွင် ရေမွှေး သို့မဟုတ် အနံ့ပျောက် ဆေးများ သုံးခြင်း ရှောင်ပါ။

• အခြား ကျန်းမာရေး အခြေအနေများကို ထိန်းချုပ် ထားပါ။ ဥပမာ ဆီးချိုသွေးချိုရှိပါက သွေးတွင်း သ ကြား ပမာဏကို ထိန်းချုပ်ထားပါ။

• အဖျားတက်ခြင်း သို့မဟုတ် ပဋိဇီဝဆေးများ သောက်နေရင်း ပင် ရောဂါလက္ခဏာများ ဆက်ဖြစ်နေပါက ဆရာဝန်အား အကြောင်းကြားပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement