backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Congenital Heart Diseases (မွေးရာပါနှလုံးရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Congenital Heart Diseases (မွေးရာပါနှလုံးရောဂါ)

မွေးရာပါနှလုံးရောဂါ ဆိုတာ နှလုံးဖွဲ့စည်းပုံမှာ ပြဿနာဖြစ်နေခြင်းဖြစ်ပါတယ်။ မွေးရာပါချို့ယွင်းမှုများတွင် အဖြစ်အများဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ မွေးရာပါနှလုံးရောဂါက တခြားမွေးရာပါချို့ယွင်းမှုများနဲ့ ယှဉ်ရင် ကလေးအသက်တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးဖြစ်ပါတယ်။

တချို့အခြေအနေတွေက ပြင်းထန်သောအခြေအနေများ ဖြစ်ပေမယ့် ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။ ရံဖန်ရံခါ ဒီလိုချို့ယွင်းမှုတွေကို ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ တစ်ခါတလေကြတော့လည်း အရွယ်ရောက်သည်အထိ လက္ခဏာမပြလို့ လုံးဝမသိရတာမျိုးလည်း ရှိနိုင်ပါတယ်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မွေးရာပါနှလုံးရောဂါကို တိုက်တိုက်ဆိုင်ဆိုင် အယ်ထွာဆောင်းရိုက်ရင်း သတိထားမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဆရာဝန်က သန္ဓေသားမှာ မူမမှန်တဲ့ နှလုံးခုန်နှုန်းကို ကြားရတဲ့ အခါမျိုးမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ပြီး ရောဂါရှာဖွေပါလိမ့်မယ်။

တစ်ခါတလေ မွေးရာပါနှလုံးရောဂါလက္ခဏာတွေက မွေးဖွားပြီးသည့်တိုင်အောင် မပေါ်လာတတ်ပါဘူး။ မွေးရာပါနှလုံးရောဂါရှိတဲ့ မွေးကင်းစကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက

  • နှုတ်ခမ်း၊ အရေပြား၊ လက်ချောင်းခြေချောင်းများ ပြာခြင်း
  • အသက်ရှူရခက်ခြင်း သို့မဟုတ် အသက်ရှူမရခြင်း
  • အစာကျွေးရခက်ခြင်း
  • ပေါင်မပြည့်ခြင်း
  • ကြီးထွားမှုနှေးခြင်း

တချို့တွေမှာ မွေးရာပါနှလုံးရောဂါလက္ခဏာတွေက ကလေးကြီးလာသည့်တိုင် မပေါ်လာပါဘူး။ လက္ခဏာများပေါ်လာမယ်ဆိုရင်တော့

  • နှလုံးစည်းချက်မမှန်ခြင်း
  • မူးဝေခြင်း
  • အသက်ရှူရခက်ခြင်း
  • မူးမေ့လဲခြင်း
  • မောပန်းလွယ်ခြင်း
  • တခြားကလေးတွေလို ပြေးပြေးလွှားလွှား မဆော့နိုင်ခြင်း
  • ပုံမှန်ကြီးထွားမလာဘဲ သေးညှက်ညှက်ဖြစ်နေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဘာကြောင့် ဖြစ်ရသလဲ။

မွေးရာပါနှလုံးရောဂါသည် သန္ဓေသား နှလုံးဖွဲ့စည်းမှု စတင်ခါစတွင် ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တစ်ခုခု ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နှလုံးနဲ့ အဆုတ်ကြားမှာ ပုံမှန်မဟုတ်တဲ့ သွေးစီးဆင်းမှုတွေ ဖြစ်လာပြီး အသက်ရှူခြင်းကို ထိခိုက်စေခြင်းဖြစ်ပါတယ်။

ပညာရှင်တွေက နှလုံး ဘာကြောင့် ကောင်းကောင်းဖြစ်တည်မလာရသလဲဆိုသည်ကို သေချာမသိကြသေးပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေတော့ ရှိပါတယ်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ။

မွေးရာပါနှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • မိသားစုမှာ မွေးရာပါနှလုံးချို့ယွင်းမှု မျိုးရိုးရှိနေခြင်း
  • ကလေးငယ်တွင် ဗီဇနဲ့ ခရိုမိုဇုမ်းများ ပြဿနာဖြစ်ခြင်း (ဥပမာ ဒေါင်းရောဂါ)
  • ကိုယ်ဝန်ဆောင်နေစဉ် တချို့သော ဆေးများသောက်ခြင်းကလည်း ကလေးငယ်များ နှလုံးချို့ယွင်းမှုအန္တရာယ်ကို မြင့်သွားစေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများ သုံးခြင်းကလည်း ကလေးနှလုံးချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ဝန်နုစဉ်မှာ မိခင်က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမယ်ဆိုရင်လည်း နှလုံးချို့ယွင်းသောကလေး မွေးဖွားနိုင်ချေ မြင့်မားပါသည်။
  • သွေးတွင်းသကြားဓာတ်များခြင်း (ဥပမာ ကိုယ်ဝန်ဆောင်ဆီးချို)သည်လည်း ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

တချို့ပြဿနာတွေက ကလေးမမွေးခင်တည်းက စစ်ဆေးသိရှိနိုင်ပေမယ့် တချို့တွေကတော့ မွေးကင်း ကလေးအရွယ် ဒါမှမဟုတ် အရွယ်ရောက်မှပဲ လက္ခဏာပြပြီး သိရတာမျိုး ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လောက်ပဲ စစ်စစ် မွေးရာပါနှလုံးရောဂါတွေ မသိလိုက်ဘဲ လွတ်သွားနိုင်တာမျိုး ရှိနိုင်တယ်ဆိုတာကို သိတ်ပြုပါ။

ကလေးမှာ ဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါကို စစ်ဆေးတဲ့ နည်းတွေကတော့

  • အက်ကိုးရိုက်ခြင်း
  • Cardiac Catheterization – ဆရာဝန်မှ သေးငယ်ပြီး ကွေးဆန့်လွယ်သော ပိုက်ချောင်းသေးသေးလေးကို လက်မောင်း ဒါမှမဟုတ် ခြေထောက်သွေးကြောတွေကနေ ကလေးနှလုံးဆီရောက်အောင် ပို့ပြီး နှလုံးအတွင်းမှပုံရိပ်ကို စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။
  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
  • အီးစီဂျီဆွဲခြင်း
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုကုသပါသလဲ

မွေးရာပါနှလုံးရောဂါကုသခြင်းက ချို့ယွင်းမှုအမျိုးအစားနဲ့ ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ တချို့ကလေးများက ရောဂါမပြင်းထန်တဲ့အတွက် အချိန်တန်လျှင် အလိုလိုပျောက်သွားနိုင်ပါတယ်။ သီးသန့်ကုစရာ မလိုပါ။

တခြားကလေးတွေမှာ ပြင်းထန်သောချို့ယွင်းမှုတွေ ပါလာတဲ့အတွက် ကြပ်မတ်ကုသမှုလိုအပ်ပါတယ်။ ဒီဖြစ်ရပ်တွေမှာ အောက်ပါတို့ဖြင့် ကုသနိုင်ပါတယ်။

  • ဆေးဝါးများ – နှလုံးအလုပ် ကောင်းကောင်းလုပ်နိုင်ရန် အကူအညီပေးသော ဆေးအမျိုးမျိုး ရှိပါသည်။ တချို့ဆေးများသည် သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး နှလုံးစည်းချက်မမှန်ခြင်းအား ထိန်းချုပ်ပေးနိုင်ပါတယ်။
  • နှလုံးစက်ကိရိယာများထည့်ခြင်း – မွေးရာပါနှလုံးရောဂါ၏ နောက်ဆက်တွဲပြဿနာအချို့အား စက်ကိရိယာများ သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။

(ဥပမာ Pacemaker များနဲ့ ထည့်သွင်းအသုံးပြုရသော Cardioverter defibrillators (ICDs) )

Pacemaker သည် မူမမှန်သည့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပြီး ICD သည် အသက်အန္တရာယ်ဖြစ်စေသည့် နှလုံးခုန်မူမမှန်ခြင်းအား ပြုပြင်ပေးနိုင်သည်။

  • ပြွန်သွင်းကုသခြင်းများ – ပြွန်သွင်းသောနည်လမ်းသည် ရင်ဘတ်နှင့် နှလုံးကို ခွဲစိတ်စရာမလိုဘဲ တချို့သော နှလုံးချို့ယွင်းမှုများအား ပြုပြင်နိုင်သည်။ ဒီကုသမှုမှာ ခြေထောက်ရှိ သွေးပြန်ကြောကနေ ပြွန်ထည့်ပြီး နှလုံးဆီသို့ ရောက်စေကာ ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ မှန်ကန်သည့်နေရာကို ပြွန်ရောက်ပြီဆိုရင် ဆရာဝန်သည် သေးငယ်သော ပစ္စည်းလေးများအား ပြွန်တစ်လျှောက်ထည့်ပြီး ချို့ယွင်းမှုများအား ပြုပြင်ပါလိမ့်မယ်။
  • နှလုံးကို ခွဲစိတ်ခြင်း – နှလုံးပြွန်သွင်းပြုပြင်ခြင်းဖြင့် မလုံလောက်နိုင်သော နှလုံးချို့ယွင်းမှုရှိလျှင် ဒီလိုခွဲစိတ်ကုသရန် လိုအပ်ပါတယ်။ ခွဲစိတ်ဆရာဝန်သည် နှလုံးဖွင့်ခွဲစိတ်ခြင်းအား ပြုလုပ်ပြီး နှလုံးအပေါက်များပိတ်ခြင်း၊ နှလုံးအဆို့ရှင်များအား ပြင်ခြင်း သို့မဟုတ် သွေးကြောချဲ့ခြင်းများ ပြုလုပ်နိုင်ပါတယ်။
  • နှလုံးအစားထိုးခြင်း – ရှားပါးသောဖြစ်ရပ်များတွင် မွေးရာပါနှလုံးချို့ယွင်းမှုသည် ပြုပြင်မရလောက်အောင် ရှုပ်ထွေးနေတတ်သောအခါ နှလုံးအစားထိုးကုသရန် လိုအပ်ပါတယ်။

မွေးရာပါ နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

အောက်ပါ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့ မရှိသေးပါဘူး။

  • ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။ ဆောင်ရန် ရှောင်ရန်တွေကို ကြိုမေးပါ။
  • မွေးရာပါနှလုံးရောဂါသည် မိသားစုရာဇဝင်ရှိပါက Genetic Screening လုပ်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။ တချို့ ဗီဇများသည် မျိုးရိုးလိုက်ပြီး ကလေးမှာ ပါလာတတ်ပါတယ်။
  • ဆီးချိုရှိလျှင် ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ စုံအောင် ထိုးထားပါ။ ကိုယ်ဝန်ဆောင်စဉ် နေမကောင်းဖြစ်နေတဲ့ သူနား မကပ်ပါနဲ့။
  • ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများသုံးခြင်းကို ရှောင်ပါ။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ရှူတာကိုလည်း ရှောင်ကြဉ်ပါ။

Takeaways

မွေးရာပါ နှလုံးရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို ရှောင်ကြဉ်တာက စိတ်အချရဆုံးပါပဲ။ ကိုယ်ဝန်ယူမယ်ဆို ဆရာဝန်နဲ့ သေချာအပ်ပါ။ မတော်တဆ ကလေးမှာ ရောဂါပါလာခဲ့ရင်လည်း တတ်ကျွမ်း နားလည်သူနဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement